ကျောက်မျက်ပြပွဲတိုင်းတွင် ဈေးအမြင့်များဖြင့် လေလံအောင်ပြီး လက်တွေ့ ရွေးမသွားခဲ့ကြသည့် အဖြစ်အပျက်များအရ ပြည်ပကျောက်ကုန်သည် များကို ပိုမိုစည်းကျပ်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း ပြည်တွင်း ကျောက်ကုန်သည်များက ဆိုကြသည်။
ပြည်ပ ကုန်သည်များအနေဖြင့် ထိုသို့လေလံအောင် ကျောက်များကို မရွေးသွားခဲ့လျှင် ပြပွဲတင် ကုန်သည်နှင့် ပြည်တွင်း ဝယ်လက် ကုန်သည်များ အားလုံး ဆုံးရှုံးနစ်နာမှု များပြားရကြောင်း မန္တလေးအခြေစိုက် မြန်မာ့ဓနဗလ ကျောက်ကုမ္ပဏီမှ ဦးဝင်းမြင့်ဦးက ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော် မဏိရတနာ ခန်းမတွင် ပြသခဲ့သည့် ရွှေရတု ကျောက်မျက်ပြပွဲတွင် အမြင့်ဆုံး ကျောက်စိမ်းတွဲကို ယူရိုငွေ ၂၂ သန်းဖြင့် ဈေးအောင်ခဲ့ပြီး စုစုပေါင်း လေလံတွဲနှင့် ဈေးပြိုင်တွဲများမှာ အမေရိ ကန်ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံခန့် တန်ဖိုး ရရှိထားပြီဖြစ်ကြောင်း သိရသည်။
အနာအဆာ ကင်းသော ကျောက်တွဲများကို လေလံအောင်ကြသူ အများစုမှာ ပြည်ပကုန်သည်များသာ ဖြစ်ပြီး ပြည်တွင်း ကုန်သည်များ အနေဖြင့် ပြည်ပကုန်သည်များ မကြိုက်သော အနာပါ ကျောက်များကိုသာ အပြိုင်ဆွဲခဲ့ရကြောင်း သိရသည်။
“အဲဒါတွေက ကျောက်ပြပွဲတိုင်းမှာ ဖြစ်ပျက်နေတာ။ ဒါကို နိုင်ငံတော်အနေနဲ့ ကိုင်တွယ်ဖို့လိုပြီ။ ပြည်ပ ကုန်သည်တွေက ဈေးအမြင့်တွေ ပေးပြီး လေလံအောင်အောင် လုပ်တယ်။ ဒါပေမယ့် အောင်ပြီးမှ စိတ်ကြိုက်တွဲတွေပဲ သယ်သွားတာ။ လေလံဈေး ဒုတိယ လိုက်တဲ့သူရော၊ ပြပွဲတင်တဲ့ ကုန်သည်ရော အားလုံး ထိခိုက်နစ်နာရတယ်။ အခုအချိန်ထိ ပြည်ပကုန်သည် တွေကို မကိုင်တွယ်နိုင်သေးဘူး” ဟု ဦးဝင်းမြင့်ဦးက ဆိုသည်။
ပြည်တွင်း ကျောက်ကုန်သည်များ အနေဖြင့် ပြည်ပ ကုန်သည်များကို ရောင်းချသည့် ဈေးကွက်တွင် ဈေးမတတ်နိုင်သဖြင့် လေလံ ဝင်ရောက်ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း၊ ပြည်ပ ကုန်သည်များမှာမူ အချင်းချင်း စုပေါင်းညှိနှိုင်းပြီးမှ လေလံဆွဲကြသဖြင့် လေလံအောင်ပြီး မရွေးသည့်အခါ နာမည်ပျက်စာရင်း အသွင်းခံရသည့် တိုင်အောင် နာမည်ကြီး ကုန်သည်များ၏ နာမည် မပါရန် ရှောင်လွှဲနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုနောက်ဆုံး ပြခဲ့သော ရွှေရတု ကျောက်မျက်ပြပွဲတွင် လေလံအများစု အောင်ကြသူများသည် တရုတ်နိုင်ငံ ပြည်မ တခွင်နှင့် ဟောင်ကောင်နိုင်ငံလို ဈေးကွက်များမှ ကုန်သည်များဖြစ်ကြပြီး တရုတ်နိုင်ငံ ရွှေလီဈေးကွက်မှ ပြည်ပကုန် သည်များပင် လေလံ အရနည်းခဲ့ကြောင်း မန္တလေးအခြေစိုက် ကျောက်စိမ်းကုန်သည် ဦးမြင့်က ဧရာဝတီသို့ ပြောသည်။
“ပြည်ပကုန်သည် ချင်းတောင် မတူဘူး။ ရွှေလီကုန်သည်တွေဆို လေလံ အောင်တာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ ဒါပေမယ့် အခုအချိန်က သတ်မှတ်ထားတဲ့ ထုတ်ရက် မကုန်ဆုံးသေးတော့ တကယ်ရွေး၊ မရွေးကို မပြောတတ်သေးဘူး။ မယူဖြစ်လို့ကတော့ ရောင်းသူလည်း ငွေမရတော့ဘူး။ နောက်တကြိမ်ကို ထပ်စောင့်ရတော့မယ်” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် ယခုရွှေရတု ပြပွဲ၌ ဈေးကွက်အတွင်း ကျောက်စိမ်း ရှားပါးနေမှုကြောင့် ကျောက်တွဲ အတော်များများကို လာရွေး ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးမြင့်က ယူဆထားသည်။
ပြည်တွင်း ကုန်သည်များ အနေဖြင့် လေလံအောင်ပြီးသော်လည်း ဈေးကွက်ကျဆင်းလျှင်ပင် အရှုံးခံပြီး ပြန်ရွေးကြကြောင်း၊ ပြည်တွင်း ဈေးကွက်အတွင်း နာမည်ပျက်မဖြစ်အောင် ရှင်သန်လုပ်ဆောင်ရကြောင်း အမည်မဖော်လိုသည့် ရန်ကုန်အခြေစိုက် ကျောက်မျက်အသင်းဝင် ကျောက်ကုန်သည် တဦးက ဆိုသည်။
ပြည်ပ ကုန်သည်များအနေဖြင့် ထိုသို့ မတွေးဘဲ လေလံအောင်ရန်သာ အဓိကထားပြီး ဈေးမြှင့် ပေးတတ်သော်လည်း တကယ်တမ်း ရွေးဖြစ်သည့် ကျောက်တွဲများကို လေလံအောင်ပြီးနောက် ပြန်စစ်ကာ တွက်ချေကိုက်မည့် ကျောက်တွဲများ၊ ဒုတိယ လေလံဈေးနှင့် သိပ်မကွာသော ကျောက်တွဲများကိုသာ အများဆုံး ရွေးတတ်ကြောင်း ၎င်းက ဆက်ပြောသည်။
“လေလံအောင်တဲ့အခါ ၁၀ ရာခိုင်နှုန်း အရင်ဆုံး သွင်းရတယ် ဆိုတာက ပြည်တွင်းကုန်သည် အနေနဲ့ မျှတတယ်။ ဒီထက်ပို သွင်းခိုင်းလည်း သွင်းနိုင်ကြမှာ မဟုတ်ဘူး။ ပြည်ပကုန်သည် အနေနဲ့က ဒီလောက်တော့ မမှုဘူး။ ကုန်သည်ဆိုတာ ကုန် သည်အတွေးပဲ တွေးမှာ။ နိုင်ငံတော်အနေနဲ့ မိတ်ပျက်မှာ ကြောက်လို့၊ ဘာလို့ဆိုပြီး နေလို့ မဖြစ်တော့ဘူး။ သေချာတဲ့ စီမံမှုမျိုး ဒီအချိန်မှာ တကယ် လိုအပ်နေပြီ” ဟု မြန်မာ့ ဓနဗလ ကျောက်ကုမ္ပဏီမှ ဦးဝင်းမြင့်ဦးက ဆိုသည်။
ထို့အပြင် အစိုးရအနေဖြင့် ပြည်တွင်း ကျောက်မျက် ကုန်သည်များ အားလုံးအတွက် ပြည်ပတွင်ပင် ဈေးကွက်ရရှိစေရန် စီမံ ဆောင်ရွက်မည် ဆိုလျှင် နိုင်ငံတော်၏ သယံဇာတများကို ယခုထက် ပိုအကျိုးရှိစွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တရုတ်ပြည် ကွမ်ကျူး ဈေးကွက်များကဲ့သို့ နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက် ဝင်ရောက်နိုင်သည်မှာ ပြည်တွင်းကုန်သည် ၂၀ ဝန်းကျင်သာ ရှိပြီး ဈေးကွက်အတွင်း လှုပ်ရှားနေသည့် ကုန်သည်မှာ ၆၀၀ အထက်ရှိသော အနေအထားများအရ ထိုဈေးကွက်များ အထိ ကုန်သည်အားလုံး တန်းတူ ထိုးဖောက်နိုင်ရန် စီမံချက်များကို ရေးဆွဲအကောင်ထည် ဖော်သင့်ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီလိုသာ ကုန်သည်တွေတိုင်း နိုင်ငံတကာ ဈေးကွက်မှာ လုံလုံခြုံခြုံနဲ့ သွားပြနိုင်ဖို့ကို အစိုးရအချင်းချင်း ညှိနှိုင်းလုပ်သွားရင် ရပါတယ်။ သွားပြတဲ့ သူတိုင်းရဲ့ ကျောက်မျက်ရော၊ လူအတွက်ပါ လုံခြုံစိတ်ချအောင် ဖန်တီးပေးမှသာ ပြည်တွင်းကုန်သည် တွေအနေနဲ့ လေလံဆွဲတဲ့အခါလည်း ပြည်ပကုန်သည်တွေနဲ့ ဈေးအရမ်း မကွာတော့ဘူး။ ကျောက်တွေကလည်း ရသင့်တဲ့ ဈေးကို ရမှာပေါ့။ အစိုးရလည်း သယံဇာတတွေကို အကျိုးရှိရှိ အသုံးပြုရာ ရောက်မှာ” ဟု ကျောက်မျက်ပြပွဲတွင် ဝင်ရောက် ပြသ ရောင်းချခဲ့သော အမည်မဖော်လိုသည့် ကျောက်ကုန်သည် တဦးက ဆိုသည်။
ကျောက်ပြပွဲတိုင်းတွင် ပြည်တွင်း ကျောက်ကုန်သည်များသည် ပြည်ပ ကျောက်ကုန်သည်များ မကြိုက်သည့် ကျောက်တွဲ များကိုသာ အဓိက ထားပြီး လေလံယူနေရကြောင်း၊ ဈေးကွက်အရလည်း ပြည်တွင်း ဈေးကွက်ကိုသာ အမှီပြုရသည့်အတွက် ဈေး ယှဉ်ပြိုင်မပေးနိုင်ကြောင်း မန္တလေးအခြေစိုက် ကျောက်ကုန်သည် ကိုဇော်ဇော်က ဧရာဝတီသို့ ပြောသည်။
“ဒီရွှေရတု ပြပွဲမှာ ပြည်ပကုန်သည်တွေပဲ ရတာများတယ်။ ပြည်တွင်း ကုန်သည်တွေ အများစုက သူတို့မကြိုက်တဲ့ အနာပါတဲ့ ကျောက်တွေလောက်ပဲ လုဆွဲ ခဲ့ရတယ်။ တကယ့်ခေါင်ဆိုတဲ့ ဟာတွေ လုံးဝမရဘူး။ အခုအချိန်က ပြည်တွင်းဈေးကွက်လည်း အေးနေသေးတော့ ဈေးကွက် ပြန်တက်မလားဆိုတာ မမှန်းတတ်သေးဘူး” ဟု ၎င်းက ဆိုသည်။