ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်
This article has been converted from Zawgyi One to Unicode
အမေရိကန် အစိုးရက ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်လိုက်ကြောင်း သိရသည်။ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည် တပ်မတော် ကာကွယ်ရေး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ အကြီးအကဲတဦး ဖြစ်ပြီး ၎င်းသည် မြောက် ကိုရီးယား နိုင်ငံမှ စစ်လက်နက် ပစ္စည်းများ မဝယ်ယူရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ တားမြစ်ချက်ကို ချိုးဖောက်သည့် အတွက် ဒဏ်ခတ် အရေးယူခြင်း ဖြစ်ကြောင်း၊ သို့သော် မြန်မာ အစိုးရအပေါ် ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း AP သတင်း၌ ဖော် ပြထားသည်။ ယခုဒဏ်ခတ် ပိတ်ဆို့မှုအရ ဗိုလ်ချုပ်ကြီး သိန်းဌေး သည် အမေရိကန် နိုင်ငံသားများနှင့် ငွေကြေးဆက်နွှယ် လွှဲပြောင်းခွင့်မရကြောင်း၊ အမေရိကန်၌ ၎င်း၏ ပိုင်ဆိုင်မှုများ ရှိလျှင်လည်း အသွင်းအထုတ် ပြုလုပ်၍ မရတော့ကြောင်း သိရသည်။ အမေရိကန်က မကြာသေးခင်က မြန်မာအစိုးရ အပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ ရုပ်သိမ်းပေးခဲ့ပြီး ပုံမှန် သံတမန် ဆက်ဆံ ရေး အဆင့်ကိုလည်း ပြန်လည်ထားရှိခဲ့သည်။