သတင်း

ထိုင်းနိုင်ငံမှ ကုန်းလမ်းဖြင့် ဝင်လာသည့် နိုင်ငံခြားသားများကို ၁၄ ရက်ဧည့်ဗီဇာပေးမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ  နှစ်နိုင်ငံနယ်စပ် ဝင်ပေါက်များမှ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုကို လက်ခံသွားရန်  နှစ်နိုင်ငံ အစိုးရများ တရားဝင်ညှိနှိုင်းလျှက် ရှိပြီး ယင်းအစီအစဉ် အကောင်အထည်ဖော်ပါက ဧည့်ဗီဇာ (Tourist Visa) ဖြင့် ဝင်ရောက်မှု တခုတည်းကိုသာ လက်ခံခွင့်ပြုကာ ၁၄ ရက်ဗီဇာ ရနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ခရီးသွားဗီဇာ အရတော့ ၁၄ ရက်ရမယ်။ ကုန်းလမ်း (နယ်စပ်ဂိတ်ပေါက်) က ဝင်ပြီး လေယာဉ်နဲ့ ပြန်ထွက်လည်းရတယ်။ ၁၄ ရက်အတွင်း ကန့်သတ် နယ်မြေက လွဲလို့ ကျန်တဲ့နေရာ အကုန်သွားနိုင်ပါတယ်။ သတ်မှတ် ခရီးသွားဗီဇာမှာ ပါတဲ့ စည်းမျဉ်း၊ဥပဒေ အတိုင်းခံစားခွင့်၊ နေထိုင်ခွင့်ရမှာပါ” ဟု လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် ဝင်ပေါက်များမှတဆင့် ခရီးသွားများ ဝင်ရောက်ခွင့်ပြုရာတွင် အလုပ်အကိုင် ဗီဇာနှင့် တခြားသော ဗီဇာများနှင့် ဝင်ရောက်မှုကို လက်ခံမည်မဟုတ်ဘဲ တိုးရစ် ဗီဇာ တခုတည်းကိုသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် သယ်ယူပို့ဆောင် ရေးပိုင်းတွင် အခက်အခဲရှိလာမည် စိုးသောကြောင့် တိုးရစ်ဗီဇာတမျိုးတည်းသာ လက်ခံရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့  ရှင်းပြသည်။

“နယ်စပ်ဂိတ်က ဝင်ခွင့်ပိုင်းမှာ ထိုင်းလူမျိုးတွေ အပြင် တတိယလူမျိုး (ထိုင်းမဟုတ်သည့် တခြားနိုင်ငံခြားသား ခရီးသွား) တွေပါ ဝင်ခွင့်ပေးမယ်။ ထိုင်းနိုင်ငံကနေ ဝင်လာမယ် ဆိုရင် နိုင်ငံကူးလက်မှတ်တွေပါရင် နယ်စပ်ဂိတ်ကနေ ပေးဝင်မယ်။ ထိုင်းမှာရှိတဲ့ မြန်မာသံရုံးကနေ ပြည်ဝင်ခွင့် ဗီဇာ ယူလာရမယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် ဂိတ်ပေါက်များမှတဆင့် နိုင်ငံခြားခရီးသွားများ ဝင်ခွင့်ပြုရေးအတွက် နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးမှု များ ဆောင်ရွက်ပြီး ဖြစ်သော်လည်း ထိုင်းအစိုးရ၊ ဝန်ကြီးဌာနအတွင်းတွင် ဆုံးဖြတ်ချက်တချို့ အပြီးသတ် မချမှတ် နိုင်သေးသဖြင့် စောင့်ဆိုင်းလျှက်ရှိကြောင်း၊ မူလက ၂၀၁၃ နှစ်ဆန်း ပိုင်းတွင်  နယ်စပ် ဂိတ်ပေါက်မှ ခရီးသွားများ ဝင်ခွင့်ပြု ရန် စီစဉ်ထားသော်လည်း လက်တွေ့တွင် အစီအစဉ် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရှိရသည်။

ဦးခင်ရီက “၂ နိုင်ငံ စာချုပ် ချုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။ သူတို့ (ထိုင်းအစိုးရ) ဘက်က ပြည်ထဲရေးဝန်ကြီး ဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေကို တင်ပြထားပါတယ်။ ခဏစောင့်ပါဆိုလို့ စောင့်နေတာပါ။ သူတို့ဘက်က အခုထိတော့ အကြောင်းပြန်ထားတာ မရှိသေးဘူး။ နိုင်ငံတော် သမ္မတဦးသိန်းစိန် ကလည်း လက်ခံထား ပြီးနေပြီ။ သူတို့ဘက် ကအကြောင်း ပြန်တာနဲ့ ချက်ချင်း ဖွင့်မယ်” ဟု ပြောသည်။

နယ်စပ်ဂိတ်ပေါက်များတွင် နိုင်ငံခြားသားများ ဝင်ခွင့်ပြုရာတွင် ခရီးသွားဗီဇာ တခုတည်းသာ လက်ခံမည်ဟု ဆိုသော်လည်း နိုင်ငံအဆင့် စီးပွားရေး စီမံကိန်းများ တာဝန်ယူ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင် များကိုလည်း နယ်စပ်ဂိတ်ပေါက်မှ ဝင်ထွက်ရန် လိုအပ်လာပါက စိစစ်ကာခွင့်ပြုပေးမည်ဟု သိရှိရသည်။

နယ်စပ်ဂိတ်ပေါက်မှ နိုင်ငံခြားသားခရီးသွားများ ဝင်ခွင့်ပြုရာတွင် မြန်မာ-ထိုင်းနယ်စပ် ဝင်ပေါက်များဖြစ်သော တာချီလိတ်၊ ကော့သောင်း၊ မြဝတီ၊ ဘုရားသုံးဆူ၊ ချီဂိ၊ မောတောင် ဂိတ်ပေါက်များမှ ဝင်ခွင့်ပြုသွားမည် ဖြစ်သည်။

“မောတောင်နဲ့ ချီဂိနယ်စပ် ဂိတ် တွေက မြန်မာဘက်က ဖွင့်လှစ်ထားပြီးပြီ။ ထိုင်းဘက်က မဖွင့်သေးဘူး။ ဘုရားသုံးဆူက ပြင်ဆင်မှုတွေ လုပ်ပြီးနေပြီ၊ မဖွင့်သေးဘူး။ တာချီလိတ်၊ ကော့သောင်း၊ မြဝတီကတော့ ဖွင့်တာကြာပါပြီ။ ဒီဂိတ် ၆ ခု ကနေ တရားဝင် ခရီးသွား ဖြတ်သန်းခွင့်ပြုမှာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူက ရှင်းပြသည်။

နယ်စပ်ဂိတ် ၆ နေရာတွင် နိုင်ငံခြားသား ခရီးသွားများ ဝင်ခွင့်ပြုနိုင်ရေး လိုအပ်သော စက်ပစ္စည်း၊ လူအင်အားများကို ဖြည့်ဆည်းပေးပြီး အဆင့်မြင့် လုံခြုံရေးသုံး စက်ပစ္စည်းများကို တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ မြန်မာနှင့် ထိုင်းနယ်စပ် ဂိတ်ပေါက် များတွင် နိုင်ငံခြား ခရီသွားများ ခွင့်ပြုပြီးပါက မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင်လည်း နိုင်ငံခြားသားခရီးသွားများ ဝင်ခွင့်ပြုရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီ၏ ပြောကြားချက်အရ သိရှိရသည်။

“တရုတ်ဘက်က နေရာ ၄ ခုလောက်မှာလည်း ဖွင့်ဖို့ လုပ်ထားတယ်။ ထိုင်း ဘက်က ဖွင့်ပြီးတာနဲ့ မကြာခင်ဖွင့်မယ်။ မူလက တပြိုင်နက်တည်း ဖွင့်ဖို့စီစဉ်ထားတာ။ အခုကတော့ တခုပြီးမှ တခု ဖွင့်လှစ်သွားမယ်” ဟု ဦးခင်ရီက ပြောသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်များဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ လောက်ကိုင်၊ မိုင်းလား နယ်စပ်ဂိတ်များတွင် နိုင်ငံခြားသား ခရီးသွားများ ပြည်ဝင်ခွင့်ပြုသွားမည်ဟု သိရှိရသည်။

မြန်မာနှင့် ထိုင်းနယ်စပ် ရှိ မြဝတီမြို့မှ နယ်စပ်ကုန်သည် တဦးဖြစ်သူ ကိုသောင်းထိုက်ကျော်က “မကြာခင်မှာ အာဆီယံ ကုန်သွယ်ခွင့်တွေ လာတော့မယ်။ ဒီတော့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ  လွတ်လပ်စွာ ကုန်သွယ် ကူးသန်း ကြရတော့မယ်။ ဒီအခြေအနေတွေ ဖြစ်ဖို့ လုပ်ဆောင်ရတာ မှန်ပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာက စိန်ခေါ်မှုတွေ ရှိလာမယ်။ လုံခြုံရေးအပိုင်း နဲ့ ပတ်သက်ပြီး ဘယ်လောက် အာမခံချက်တွေ ပေးလာနိုင်မလဲ၊ ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ ဆိုတာ အစိုးရအနေနဲ့ စဉ်းစားစေချင်တယ်။ တခုခုလုပ်တိုင်း အမှားတွေရှိနေပြီး လိုက်ပြင်နေရတာတွေ နည်းသင့်ပြီထင်တယ်” ဟု သုံးသပ်သည်။

Loading