ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်ပိတ်ပင်ထားသော ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူသည်ဟု စွပ်စွဲကာ တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည်ကောင်းမွန်လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး တမျိုးတဖုံ ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနှင့် ငွေကြေး စုံစမ်းစစ်ဆေးရေး ဌာနခွဲက မြန်မာ့ တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ရုံးကို ကိုယ်စားပြုပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် အရောင်းအဝယ်လုပ်ခဲ့သောကြောင့် နယ်စပ်ရေးရာဝန်ကြီးလည်းဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးသည် “မြောက်ကိုရီးယား၏ တရားမဝင် လုပ်ဆောင်ချက်များကို တိုက်ရိုက် ထောက်ပံ့သော ဝင်ငွေ ဖြစ်စေသည့် စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းအား ပိတ်ပင်ထားမှုအပေါ် မလေးစား”ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ယခု အရေးယူမှုကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် တွဲ၍ စီးပွားရေးလုပ်ငန်းလုပ်ခွင့်၊ ငွေကြေး အလွှဲအပြောင်း လုပ်ခွင့်များ မရှိတော့ဘဲ အမေရိကန်ပြည်ထောင်စုမှာရှိနိုင်သော ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၏ ပိုင်ဆိုင်မှုများအားလည်း သိမ်းဆည်းထားမည်ဖြစ်သည်။
ယခုကဲ့သို့ အရေးယူခြင်းသည် ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကိုသာ ပစ်မှတ်ထား အရေးယူခြင်းဖြစ်ပြီး “မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုများမှ ကင်းကင်းနေလာခြင်းဖြင့် အပြု သဘောဆောင် ခြေလှမ်းများ ဆက်လက် လျှောက်လှမ်းနေသော မြန်မာအစိုးရနဲ့ မသက်ဆိုင်” ဟု အမေရိကန်က ထုတ်ပြန်သောကြောင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော သမ္မတဦးသိန်းစိန် အစိုးရနှင့် လက်နက်ကိုင် မြန်မာ့တပ်မတော်အား ခွဲခြား ဆက်ဆံ သဘောထားခြင်းဟု ယူဆနိုင်သည်။
မေလအတွင်းက ဝါရှင်တန်အစိုးရမှ ဦးသိန်းစိန်ကို အမေရိကန်ပြည်ထောင်စုကို ဖိတ်ခေါ်ပြီး ပြုပြင်ပြောင်းလဲရေးဝါဒီတဦးအဖြစ် ပွဲထုတ်ပြီး ထောက်ပံ့ကူညီရေး အစီအစဉ်များ ပေးရန်လည်း ကတိပေးခဲ့သည်။ သို့ရာတွင် အမေရိကန်အစိုးရ၏ လတ်တလောပေါ်လစီသည် မြန်မာစစ်ဘက်အား သတိထား ဆက်ဆံဆဲဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့တပ်မတော်ပိုင် သို့မဟုတ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှု မလုပ်ရဟု စီးပွားရေးအရ ကန့်သတ် ပိတ်ဆို့ထားဆဲဖြစ်ပြီး စစ်အစိုးရခေါင်းဆောင်ဟောင်းများနှင့် နီးစပ်သူ ခရိုနီသူဌေးကြီးများအား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှု စာရင်းကိုလည်း မရုတ်သိမ်းသေးပေ။
ထို့ပြင် ဦးသိန်းစိန်၏ ဝါရှင်တန်ခရီးစဉ် အတွင်း အမေရိကန်အိမ်ဖြူတော်က ပြောကြားချက်တရပ်တွင် သံတမာန်ရေးအရ ညှိနှိုင်းဆွေးနွေးခြင်းနှင့် လိုက်လျောမှုများ ရှိလာခြင်းနှင့် တပြိုင်တည်း ပြုပြင်ပြောင်းလဲရေးကို ကဖျက်ယဖျက် လုပ်မည်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်မည်၊ တိုင်းရင်းသားများနှင့် ဖြစ်နေသော ပဋိပက္ခကို မီးထိုးပေးမည်၊ မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ ကုန်သွယ်နေမည်ဆိုပါက ပါဝင်ပတ်သက်သူများအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန် အထူးအခွင့်အာဏာ ရှိကြောင်း ဆိုရာ ယခု ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို ဒဏ်ခတ်မှုသည် အမေရိကန်၏ သတိပေးချက်မှာ အသံချည်းမဟုတ်၊ အဆံပါ ပါကြောင်း ပြသသည့် သဘောလည်း ဆောင်သည်။
မေလအတွင်း ရေးသားသော အေပီသတင်းတပုဒ်၏အဆိုအရ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအနေဖြင့် ရာနဲ့ချီသော လူသစ်များ အမေရိကန် ဒဏ်ခတ်မှု စာရင်းတွင် ထပ်တိုးရန် တင်ပြထားကြောင်း၊ စာရင်းသစ်တွင် အစိုးရ ထိပ်တန်းခေါင်းဆောင်များ၊ ထိပ်တန်း စီးပွားရေးသမားများနှင့် တပ်ပိုင် စီးပွားရေးကုမ္ပဏီများ ပါကြောင်း သိရသည်။ ထိုသတင်းသည် အိုဘားမားအစိုးရအနေဖြင့် လွန်ခဲ့သော ၃ နှစ်ကျော်ကတည်းက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းကို မပြင်ဆင်ခဲ့သောကြောင့် လက်ရှိ ဒဏ်ခတ်အရေးယူမှုစာရင်းသည် ခေတ်မမီတော့ဟု ဝေဖန်မှုများ ပေါ်ထွက်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထို့ကြောင့် ယခု ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို ဒဏ်ခတ်မှုသည် အမေရိကန်၏ ဒဏ်ခတ်မှုစာရင်းကို ခေတ်နှင့် လျော်ညီစေရန် ဆုပေးဒဏ်ပေးခြင်းများ ပြန်လည် ပြုလုပ်မည့် ကနဦး ခြေလှမ်းလောဟု မေးခွန်းထုတ်စရာ ဖြစ်သည်။ စာရင်းသစ်လုပ်သည့်အခါ နာမည်ကောင်းပြန်ရနေသော ဦးဇော်ဇော်နှင့် ဦးချစ်ခိုင် ကဲ့သို့ ထိပ်တန်းစီးပွားရေးသမားများ နာမည်ပျက်စာရင်းမှ ပယ်ဖျက်သွားနိုင်သည်ဟု ခန့်မှန်းမှုများလည်း ပေါ်ထွက်နေသည်။
ဦးသိန်းစိန် သမ္မတ တာဝန်ယူသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုသည် ယခင်က လူ့အခွင့်အရေး အကြီးအကျယ် ဖောက်ဖျက်ခဲ့ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာ့တပ်မတော်နှင့် ညှိနှိုင်းရန် လမ်းဖွင့်ခဲ့သည်။ ပြီးခဲ့သောနှစ် အောက်တိုဘာတွင် ပစိဖိတ်ဒေသ အမေရိကန် ကြည်းတပ် စစ်ဆင်ရေးမှူး ဗိုလ်ချုပ် ဖရန့်စစ် ဝယ်စင်စကီး အပါအဝင် အမေရိကန် စစ်ဘက်အရာရှိများ မြန်မာ စစ်ဘက်အရာရှိများနှင့် နေပြည်တော်တွင် ၂ ရက်တာ “လူ့အခွင့်အရေး” အကြောင်း ဆွေးနွေးခြင်း၊ ဖေဖော်ဝါရီတွင် မြန်မာ စစ်ဘက်အရာရှိ ၂ ဦး ထိုင်းတွင် ပြုလုပ်သော ရွှေမြွေဟောက် ဒေသတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ လူသားချင်း စာနာထောက်ပံ့ရေး အကူအညီနှင့် စစ်ဘက်ဆိုင်ရာ ဆေးဝါးများဆိုင်ရာ လေ့ကျင့်ခန်းများအား လေ့လာခွင့်ပေးခဲ့ခြင်းများ လုပ်ခဲ့သည်။
ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ Center for Strategic and International Studies (CSIS) က အကြီးတန်းသုတေသီ မားရေးဟိုင်းဘတ်က အမေရိကန်၏ အပြည်ပြည်ဆိုင်ရာ စစ်ရေး ပညာသင်နှင့် လေ့ကျင့်ရေး International Military Education and Training (IMET) ၊ အမေရိကန် အထူးတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရေး Joint Combined Exchange Training (JCET) များ မြန်မာပြည်ကို ပြန်ပေးရန် အလျှင်အမြန် မဖြစ်လာနိုင်သေးသော်လည်း “စစ်ပွဲအတွင်း စည်းကမ်းများ၊ အရပ်သားတွေကို ဘယ်လို ဆက်ဆံမလဲ၊ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ စစ်တပ်ကို လုပ်ရည်ကိုင်ရည် ပြည့်ဝလာအောင် လုပ်ဆောင်ခြင်း” တို့သည် အာရှပစိဖိတ် ဒေသတွင်း အမေရိကန် မဟာမိတ် ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ထိုင်းတပ်များနှင့် ပူးတွဲပြီး ဆွေးနွေး လေ့ကျင့်သင်ကြားမှု “စတင်ဖို့ အကောင်းဆုံးနေရာ”ဟု ဝါရှင်တန်အစိုးရကို အကြံပြုတင်ပြဖူးသည်။
ယင်းအကြံပြုမှုနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း အတည်မပြုနိုင်သော်လည်း ကမ္ဘာ့အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲတွင် အမေရိကန်၏ စစ်ရေးမဟာမိတ်ဖြစ်ခဲ့ဖူးသည့် ပါကစ္စတန်တွင် မြန်မာ့ရေတပ်မှ အရာရှိများ ရေငုပ်သင်္ဘောဆိုင်ရာအတတ်ပညာကို တက်ရောက်ဆည်းပူးနေကြောင်းလည်း သတင်းများက ဆိုသည်။ မြန်မာ့ရေတပ်မှ အရာရှိ ၂၀ ခန့် ရေငုပ်သင်္ဘောဆိုင်ရာ စစ်ဘက်လေ့ကျင်ရေးသင်တန်းကို ဧပြီ နှောင်းပိုင်း သို့မဟုတ် မေလဆန်းပိုင်းမှ စတင်၍ ပါကစ္စတန်နိုင်ငံ ကာရာချိမြို့တွင် သင်ကြားနေကြောင်း သံတမာန်ရပ်ကွက်ကို ကိုးကားပြီး စစ်ရေးဆိုင်ရာ သတင်းဌာန Jane’s Defence Weekly မှ ရေးသားဖော်ပြထားသည်။