ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရက်သတ္တ တပတ်ကြာ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း မြန်မာစီးပွား ရေးလုပ်ငန်းရှင်ကြီး ဦးတေဇလည်း အတူတူပါရှိခဲ့တယ်လို့ ရန်ကုန်စီးပွားရေး အသိုင်းအဝန်းထံက သိရပါတယ်။
စစ်ဘက်အသိုင်းအဝန်းနဲ့ နီးစပ်သူတွေကတော့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရုရှားခရီးစဉ်မှာ ဦးတေဇ ပါဝင်တာမှန်တယ်၊ ဒါပေမယ့် အတူတူသွားတာမဟုတ်ဘူး၊ ရုရှားနိုင်ငံရောက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖွဲ့နဲ့ သွားရောက်ပူးပေါင်းတာလို့ ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ- ရုရှား နှစ်နိုင်ငံတပ်မတော်အကြား ဆက်ဆံရေးတိုးမြှင့်ဖို့ ဇွန်လ ၂၃ ရက်က ၂၉ ရက်ထိ သွားရောက်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ လိုက်ပါနေခြင်းဟာ ထူးခြားချက်တရပ်လို့ ဆိုရမှာပါ။
မြန်မာ့ထိပ်သီး စီးပွားရေးသမားကြီး ဦးတေဇ အနေနဲ့ မည်သည့် ရည်ရွယ်ချက်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ပါဝင်နေရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမယ့် ဦးတေဇဟာ စစ်အာဏာရှင်ဟောင်းကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အင်မတန် နီးစပ်ပြီး အရင်စစ်အစိုးရလက်ထက် မြန်မာ့တပ်မတော်ကို ရုရှားလုပ် လက်နက်တပ်ဆင်ရေး၊ ရဟတ်ယာဉ်များဝယ်ယူရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ သတင်းထွက်ခဲ့သူပါ။ ဒါကြောင့်လည်း အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို ခံထားရသူဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က “၁၉၈၈ခုနှစ်အပြီး နဝတ တက်တော့ အစိုးရလက်ထဲမှာ ပိုက်ဆံမရှိဘူး၊ အဲဒီတော့ သစ်တွေခုတ်ရောင်းရတယ်၊ အဲဒီလိုရောင်းရင်းက ဦးတေဇနဲ့ ချိတ်မိပြီး ရုရှားဆီက MI 17 ရဟတ်ယာဉ်ကြီးတွေ ဝယ်တာ”လို့ ဆိုပါတယ်။
အရင်က မြန်မာ့တပ်မတော်ဟာ အမေရိကန်ဆီက ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် ရဟတ်ယာဉ်များ အပါအဝင် စစ်လက်နက်များ အထောက်အပံ့တွေ ရရှိခဲ့ပေမယ့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွမှု အပြီးမှာတော့ စစ်လက်နက်နဲ့ အပိုပစ္စည်း မရတော့တာကြောင့် ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဆီ ခြေဦးလှည့်ခဲ့ရပါတယ်။
ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံများနဲ့ ဆက်ဆံရေးတိုးတက်လာပြီး မြန်မာတပ်မတော် အနေနဲ့လည်း လူအခွင့်အရေးကို လေးစားလိုက်နာတဲ့ စစ်တပ်ဖြစ်ဖို့ ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ဟာ မဟာမိတ်ဟောင်းတွေနဲ့ သံယောဇဉ်မပြတ်သေးပုံပါပဲ။
မနေ့က တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို ကုလသမဂ္ဂက တားမြစ်ချက်ကို ချိူးဖောက်ပြီး မြောက်ကိုရီးယားဆီက လက်နက်ဝယ်ယူမှုကြောင့် အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ အရောင်းအဝယ်လုပ်ခဲ့တယ်လို့ အမေရိကန်က ဆိုပေမယ့် ဘာပစ္စည်းတွေ အရောင်းအဝယ်လုပ်တယ်လို့ အမေရိကန်က မပြောပါဘူး။
အခု ရုရှားခရီးစဉ်အတွင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကာကွယ်ရေး ဝန်ကြီး General of the Army Sergey K.SHOIGU နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံရေး တိုးမြှင့်ဖို့၊ မြန်မာတပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ဖို့နဲ့ ရုရှားနိုင်ငံရောက် တပ်မတော်သား ပညာသင်များအရေး စသည့် ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒါအပြင် MiG တိုက်လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံကို သွားရောက်ကာ အဆင့်မြှင့် ထားတဲ့ MiG 29 M လေယာဉ်ကို အတူလိုက်ပါသွားတဲ့ တပ်မတော်(လေ) စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် လွင်ဦး ကိုယ်တိုင် စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။
တင့်ကားဖျက် ဒုံးကျည်၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ အမြှောက် စစ်လက်နက်ပစ္စည်းများ ထုတ်တဲ့ KBP Instrument Desing Bureau ၊ JSC Admiralty Shipyards သင်္ဘောကျင်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။
ဦးတေဇကလည်း ရုရှားနိုင်ငံရောက် တပ်မတော်သား ပညာသင်များကို မုန့်ဘိုးပေးသွားသေးတယ်လို့လည်း သိရပါတယ်။