ရခိုင်ပြည်နယ်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးလျှက်ရှိပြီး ပြစ်မှု တစုံတရာ တွေ့ရှိပါက ဥပဒေအတိုင်း အရေးယူမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီထံမှ သိရသည်။
ပြည်သူများ၏ တောင်းဆိုချက်နှင့် အစိုးရအဖွဲ့ တာဝန်ပေးချက်အရ စစ်ဆေးခြင်း ဖြစ်ကြောင်း၊ စစ်ဆေးနေသည့် ပမာဏကို ထုတ်ပြန်ခြင်း ပြုမည် မဟုတ်ကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မောင်တောဘက်က မဲဆန္ဒရှင် ၄၀၀၀ ကျော်လောက်က လက်မှတ်ထိုး တင်ခဲ့တာ။ အဲဒီမှာက မဲပေးနိုင်တဲ့ မဲဆန္ဒရှင် ၂ သိန်းကျော် ရှိတော့ သူတို့တင်တာ ၁ ရာခိုင်နှုန်းကျော်တယ်။ ဒီတော့ ဒီအပေါ် အစိုးရက တာဝန်ပေးအပ်တဲ့ အတိုင်း စစ်ဆေးခဲ့တာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ရှင်းပြသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၆၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ လွှတ်တော်ကိုယ်စားလှယ် တဦးကို တာဝန်မှ ရပ်စဲလိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်း အရေအတွက် ပမာဏရှိသူ တို့က ကော်မရှင်သို့ တင်ပြလာလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၆၊ ပုဒ်မခွဲ (ဂ)၊ (ဃ)၊ (င) တို့နှင့် အညီ စစ်ဆေးနိုင်ကြောင်း သိရသည်။
“လွှတ်တော် အမတ်တွေ ဖြစ်တဲ့အတွက် မှားယွင်းစွပ်စွဲ မေးမိမှာ စိုးပါတယ်။ ဒီတော့ သေချာစိစစ်နေတာပါ။ နိုင်ငံသား စိစစ်မှု အရ ဟိုးဘိုးစဉ် ဘောင်ဆက်ကိုပါ ပြန်စိစစ်ရတာ ဆိုတော့ အခုအချိန်ထိ ဘာမှတိတိကျကျ ပြောလို့မရသေးပါဘူး။ အဖြေတော့ မထွက်သေးပါဘူး” ဟု ဦးခင်ရီက ပြောသည်။
မြန်မာနိုင်ငံသား တဦး အနေဖြင့် မည်သည့် ဘာသာဝင်မဆို လွှတ်တော် အမတ်အဖြစ် ဝင်ရောက် အရွေးခံခွင့် ရှိသော်လည်း ဧည့်နိုင်ငံသား အဖြစ်သာ ရှိနေသူ တဦးအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ် ခံပိုင်ခွင့်မရှိကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၂၀ (ခ)၊ ပုဒ်မ – ၁၅၂ (ခ) နှင့် ပုဒ်မ – ၁၆၉ (က) အရ ဖော်ပြပါရှိသည်။
စစ်ဆေးရာတွင် လွှတ်တော်အမတ်များကို ခေါ်ယူ စစ်ဆေးခြင်း မဟုတ်ဘဲ မှတ်ပုံတင် လျှောက်ထားစဉ်နှင့် လူဦးရေ စစ်တမ်း ကောက်ယူရာတွင် ရရှိထားသော မှတ်တမ်းမှတ်ရာများ၊ မိဘ ဘိုးဘွား ပတ်သက် ဆက်နွှယ်မှုများကို မျိုးရိုး ၂ ဆက်အထိ လိုက်လံ စစ်ဆေးနေကြောင်း ဦးခင်ရီက ပြောသည်။
“ဒီကိစ္စက ပြောရတာ ခက်တယ်။ ပေါ်လာတဲ့အတိုင်း တည်ဆဲဥပဒေအရ အရေးယူရမှာပါ။ တည်ဆဲ ဥပဒေအရဆိုရင် မှတ်ပုံတင် လိမ်လုပ်တယ်ဆိုလည်း လိမ်လည်မှု ပုဒ်မနဲ့ အရေးယူမှာပါ။ တချို့ ကိစ္စတွေက တည်ငြိမ်အေးဆေးမှုကို ထိခိုက်မှာ စိုးတဲ့အတွက်ကြောင့် ဘယ်နှယောက် စစ်လဲဆိုတာကို အတိအကျ ထုတ်ပြန်တာတွေပါ မလုပ်သေးတာပါ” ဟု ဦးခင်ရီက ရှင်းပြသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၁၈ အရ နိုင်ငံသား တဦးသည် မဟုတ်မမှန် ဖော်ပြခြင်း သို့မဟုတ် မဟုတ်မမှန် ဖော်ပြကာ နိုင်ငံသားအဖြစ် ရရှိထားပါက နိုင်ငံသား အဖြစ်မှ ရုပ်သိမ်းခံရမည့်အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်း ကျခံရမည်ဟု ဖော်ပြထားပြီး ၎င်းဥပဒေအတိုင်း အရေးယူမည် ဖြစ်ကြောင်း ဦးခင်ရီထံမှ သိရသည်။
လက်ရှိတွင် မောင်တောမြို့နယ် မဲဆန္ဒရှင်များက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် အရွေးချယ် ခံခဲ့သည့် မောင်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမက်၊ မောင်တောမြို့နယ် အမျိုးသား လွှတ်တော်အမတ် ဦးဌေးဝင်း (ခ) ဇာယာဒ်ရော်မန်၊ မောင်တောမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း (ခ) ဇာဟိန်းဂိရ် တို့သည် နိုင်ငံသား မဟုတ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားကြောင်း သိရသည်။