ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယက ရာထူးကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံမှ တရားဝင်လွှဲပြောင်း ရယူမည် ဖြစ်ကြောင်း လွှတ်တော် သတင်း ရပ်ကွက်မှ သတင်းရရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၄ ဥပဒေပြုရေး၊ ပုဒ်မ ၇၆ အရ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့က လွှတ်တော် သက်တမ်း ၅ နှစ် ( လပေါင်း ၆၀ ) အတွက် သက်တမ်း တဝက်စီ ( လပေါင်း ၃၀ ) အလှည့်ကျ တာဝန် ထမ်းဆောင်ရမည် ဖြစ်ရာ လာမည့် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရယူထားသော ပြည်ထောင်စု လွှတ်တော် နာယက ရာထူး သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပချိန် အထိ ဆက်လက် တာဝန်ယူမည် ဖြစ်ကြောင်း သိရှိရသည်။
လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က “၂၀၁၁ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ လွှတ်တော်က စပြီး အသက် ဝင်ခဲ့တာ ဖြစ်လို့ လပေါင်း ၃၀ ပြည့်တဲ့ ၂၀၁၃ ဇူလိုင်လ ၃၁ မှာ ဦးခင်အောင်မြင့်ရဲ့ ပြည်ထောင်စု လွှတ်တော် နာယက သက်တမ်း ကုန်ဆုံးပါတယ်။ သူရဦးရွှေမန်းက သြဂုတ်လ ၁ ရက်နေ့ ကစပြီး ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် စတင်ပြီး တာဝန်ယူမှာပါ” ဟု ဧရာဝတီ သို့ ပြောသည်။
လတ်တလော သမ္မတ ဦးသိန်းစိန်အစိုးရ ဆောင်ရွက်လျက် ရှိသော ငြိမ်းချမ်းရေးကိစ္စ ၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲ ရေးကိစ္စ များနှင့် ပတ်သက်ပြီး လွှတ်တော်နှင့် အစိုးရအကြား သဘောထား ကွဲလွဲမှုတချို့ ဆက်တိုက် ဖြစ်ပေါ် လျက် ရှိရာ သူရ ဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက ဖြစ် လာပါက အစိုးရ နှင့် လွှတ်တော် အကြား အပြန်အလှန် ထိန်းကျောင်းမှုနှင့် သဘောထား ကွဲလွဲမှုများ အရှိန် မြင့်မားလာနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်သည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က “ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်လာမယ့် သူရ ဦးရွှေမန်းက သမ္မတဦးသိန်းစိန် အစိုးရရဲ့ ဆောင်ရွက်မှု တွေအပေါ်မှာ အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းမှု တွေ လုပ်နိုင်ပါတယ်။ သူရဦးရွှေမန်းက လွှတ်တော်မှာ ကိုယ်စားလှယ်တွေအားလုံးရဲ့ ထောက်ခံမှုကို ရထားတာဖြစ်လို့ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အသက်ဝင်လာနိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။
“နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ချင်ပါသည်” ဟု တရားဝင် ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သော သူရ ဦးရွှေမန်း သည် ပြည်ထောင်စု လွှတ်တော် နာယက ရာထူး စတင်ထမ်းဆောင်ချိန်တွင် အများလက်ခံနိုင်သော အနာဂတ် ခေါင်းဆောင် အရည်အသွေးရှိကြောင်း ထုတ်ဖော်ပြသရန် လိုအပ်လိမ့်မည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
“၂၀၁၅ မှာ သမ္မတဖြစ်ချင်တယ်ပြောထားတဲ့ သူရဦးရွှေမန်းအနေနဲ့ ပြည်ထောင်စု လွှတ်တော်အကြီးအကဲ ရာထူး ရတဲ့အချိန်မှာ သူ့အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီးလုပ်ရမယ်။ ပြည်သူရော၊ တပ်ရော၊ အားလုံး လက်ခံနိုင်တဲ့ ခေါင်းဆောင် တယောက်ဖြစ်ဖို့ အတော်ကို ကြိုးစားဖို့လိုပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် သူဘယ်လောက်အထိ တိုက်တွန်းနှိုးဆော်မှုတွေ လုပ်နိုင်မလဲဆိုတာက ၂၀၁၅ ရွေးကောက်ပွဲအတွက် အများကြီးကို အရေးပါလာမယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
ဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယက ရာထူးရယူချိန်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရမည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပြီး ဖက်ဒရယ်ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကဲ့သို့ သော ဒီမိုကရေစီ ပြုပြင်ရေး လုပ်ငန်း များတွင် ဦးရွှေမန်း၏ ဆောင်ရွက်ချက်သည် များစွာ အရေးပါလာမည် ဟု နိုင်ငံရေး အသိုင်းအဝိုင်း က သုံးသပ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အဖွဲ့ဝင် ငြိမ်းချမ်းရေးအကျိုးဆောင်တဦးက “တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲပြီးသွားပြီဆိုတာနဲ့ နိုင်ငံရေး ဆွေးနွေးတွေလုပ်ရမှာပဲ။ နိုင်ငံရေး ဆွေးနွေးမှု ဆိုတာက အစိုးရ နဲ့ မဆိုင်တော့ဘူး။ လွှတ်တော်မှာ လုပ်ရမှာ။ လွှတ်တော်မှာ လုပ်ရမှာဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်း ကဏ္ဍက တော်တော်ကြီးကို အရေးပါလာမယ်” ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်ထောင်စု လွှတ်တော် နာယကသည် ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ် အစည်းအဝေးကို ဖြစ်စေ ကျင်းပရန် လိုအပ်လျှင် ခေါ်ယူကျင်းပနိုင်သော အခွင့်အာဏာ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်များစွာ ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကမူ သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက ရာထူး ထမ်းဆောင် မည် ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကဲ့သို့သော လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်လိမ့် မည်ဟု မထင်မြင်ကြောင်း ပြောဆိုသည်။
” သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော်နာယကဖြစ်လာလို့၊ လွှတ်တော်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာနိုင်မယ်လို့ တထစ်ချ မယူဆပါဘူး။ နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ၊ လွှတ်တော်ထဲမှာ ထူးထူးခြားခြား အပြောင်းအလဲတွေ ဖြစ်လာဖို့ အတော့်ကို အလားအလာ နည်းနေတယ်လို့ မြင်တယ်။ ထူးထူးခြားခြား လို့ပြောတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တာကို ပြောချင်တာပါ” ဟု ဒေါက်တာရန်မျိုးသိမ်းက ရှင်းပြသည်။
သူရဦးရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော ယခင် စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးရာထူးဖြင့် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိုနှိုင်းကွပ်ကဲရေး တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ပြီးလျှင် အာဏာ အရှိဆုံးသော နံပါတ် ၃ ခေါင်းဆောင် တဦးဖြစ်ခဲ့သည်။