ရေပိုင်နက် ကျော်လွန်မှုကြောင့် အိန္ဒိယနိုင်ငံ ပို့ဘလဲ (Port Blair) ကျွန်း ရေတပ်စခန်း ဌာနချုပ်တွင် ဖမ်းဆီးခံပြီးနောက် လွတ်မြောက် လာသူများနှင့် မဟာစင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယဘက်သို့ ရေမျောကမ်းတင် ရောက်ရှိသွားခဲ့သည့် မြန်မာဒုက္ခသည် ၁၀၀ ကျော်ကို လေယာဉ်ဖြင့် အခမဲ့ သွားရောက်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
“အိန္ဒိယ ရေပိုင်နက်ထဲမှာ ပင်လယ်မျှော့ ခိုးငုပ်တဲ့သူတွေက သူတို့နိုင်ငံရဲ့ ရေပိုင်နက် ဥပဒေအရ အဖမ်းခံရပြီး အခုလွတ်လာတော့ သူတို့ကို Open Camp မှာ ထားတယ်။ အိန္ဒိယကပဲ ကျွေးထားတယ်။ မဟာစင်ကြောင့် ရေဘေးဒုက္ခရောက်တာက ၃ ယောက်ပဲ ပါတယ်။ စုစုပေါင်း ၁၁၉ ယောက်ပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်ဦးက ဧရာဝတီသို့ ပြောသည်။
အိန္ဒိယ ရေပိုင်နက် ဥပဒေဖြင့် အဖမ်းခံထားရသူများ၏ မြန်မာနိုင်ငံသားဖြစ်မှုကို ကာလကတ္တားနှင့် နယူးဒေလီမှ မြန်မာနိုင်ငံခြားရေး ဝန်ထမ်းများက သွားရောက်စစ်ဆေး အတည်ပြုခဲ့ကြောင်း သူက ဆက်ပြောသည်။
အိန္ဒိယနိုင်ငံ၏ ရေပိုင်နက် ဥပဒေအရ ပိုင်နက် ကျူးကျော်လာသူများကို ထောင်ဒဏ် ၂ နှစ် ချမှတ်နိုင်ကြောင်း သိရသည်။
“ဒီကနေ လူမှုဝန်ထမ်း ကယ်ဆယ်ရေး၊ ကျန်းမာရေးနဲ့ လဝက က ဝန်ထမ်း စုစုပေါင်း ၆ ယောက်လိုက်သွားပြီး အဲဒီလူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးမယ်။ အများစုက ဧရာဝတီတိုင်းက ဖြစ်တယ်။ အစည်းအဝေးမှာတော့ သူတို့ကို တိုင်းဒေသကြီးတွေအရောက် ကားတွေနဲ့ ပို့ပေးဖို့ ပြောထားတယ်” ဟု ဦးစိန်ဦးက ပြောသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မည့် ယင်းအစီအစဉ်အတွက် အခမဲ့လေယာဉ်ကို ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း က ပံ့ပိုးပြီး MAI လေကြောင်းလိုင်းကို အသုံးပြုမည်ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာထံမှ သိရသည်။
MAI လေကြောင်းလိုင်းက အဓိကရုဏ်းများကြောင့် မလေးရှားနိုင်ငံမှ ပြန်လာလိုသည့် မြန်မာနိုင်ငံသားများအတွက် အခမဲ့ လေယာဉ်တစီးစာ လှူဒါန်းခဲ့ဖူးသည်။
ရာသီဥတုကြောင့်ဖြစ်စေ၊ တခြား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ ရေပိုင်နက် ကျော်လွန်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ မြန်မာနိုင်ငံသားများ ရောက်ရှိမှု မကြာခဏ ဖြစ်လေ့ရှိကြောင်း၊ ၎င်းတို့အား ပြန်လည် ကယ်ဆယ်ရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတွင် နှစ်စဉ် ဘတ်ဂျက် သတ်မှတ်ထားကြောင်း သိရသည်။