တိုင်းရင်းသားများ၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်သော ၈ လေးလုံး ငွေရတု နှစ်ပတ်လည် အထိမ်းအမှတ်ပွဲကို ၃ ရက် ဆက်တိုက် ကျင်းပသွားမည်ကြောင်းသိရသည်။
အဆိုပါ ၈ လေးလုံး ငွေရတုပွဲကို သြဂုတ်လ ၆၊ ၇ ရက်များတွင် ဆွေးနွေးပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ၈ ရက်နေ့တွင် အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှုနှင့် ဖျော်ဖြေပွဲများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသော ကျင်းပရေး ကော်မတီ၏ တွေ့ဆုံညှိ နှိုင်းပွဲတွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောသည်။
ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ အနာ ဂတ် ပြည်ထောင်စု၊ စစ်မှန် သော အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ၈ လေးလုံး ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ၊ တိုင်းပြည်ပြန်လည်တည်ထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသော ခေါင်းစဉ် ၆ ခုနှင့်စာတမ်း များဖတ်ကြမည် ဖြစ်ကြောင်း သိရသည်။
“စာတမ်းတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ အဲဒီခေါင်းစဉ် ၆ ခုကနေ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။ အခုဒီနေရာကို ရောက်မလာနိုင်တဲ့ ဒီမိုကရေစီအရေး လုပ်နေတဲ့သူတွေကိုလည်း သတင်းကောင်းပါးလိုပါတယ်။ ကျနော်တို့ အားလုံး ဒီ ၂၅ နှစ်တာကာလမှာ အခက်ခဲတွေ ဘယ်လိုမျိုး ကြုံခဲ့ရ ပထမဦးဆုံး ပြန်လည် စုစည်းကြမယ်။ တက်နိုင်တဲ့ ဘက်က အားလုံး ပူးပေါင်းပါဝင်ကြဖို့ ပြောကြားလိုပါတယ်” ဟု ကိုဌေးကြွယ်က ဆိုသည်။
၈ လေးလုံးကို မီလိုက်သည်ဖြစ်စေ၊ မမီလိုက်သည်ဖြစ်စေ ၈ လေးလုံးသည် ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုခဲ့သည့် အတွက် အားလုံး ပါဝင်စေချင်ကြောင်း၊ ယခု ဒီပွဲတွင် တိုင်းရင်းသားအရေးများကို ဆွေးနွေးအဖြေရှာ မည့်အတွက် တိုင်းရင်းသားများလည်း ပါဝင်စေချင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြော ပါသည်။
ယခုပွဲတွင် အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှုများ ရှိသော်လည်း စီးပွားရေးအရ ထုတ်လုပ်မှုများကို မျှော်လင့်မထားသလို ပူးပေါင်းမှုများအတွက် တစ်စုံတစ်ရာ ငွေကြေးများကို ပေးအပ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော် အမြဲပြောလေ့ရှိပါတယ်။ ပြည်သူမပါပဲ ဘာမှ လုပ်လို့မရပါဘူး။ ပြည်သူမပါပဲ ကြက်ဆူပင်တောင် စိုက်လို့မရပါဘူး။ ကြိုက်တဲ့ ပြည်သူတွေ ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ပါ။ ကျနော်က ၈ လေးလုံးကို စင်မြင့်ပေါ်ကို အရှိန်နဲ့ တင်ချင်တာ။ မီးရောင်အောက်ကို၊ သမိုင်းမော်ကွန်းကို တင်ချင်တယ်။ လမ်းပေါ်က စခဲ့ပေမယ့် စင်ပေါ်ကိုရောက်သွားပြီ ဆိုတာကို ကျနော်က ပြချင်တယ်” ဟု ကိုမင်းကိုနိုင်က ပြောသည်။
၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့က ငွေရတု အခမ်းအနား အကြိုညှိနှိုင်းရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ တ.က.သ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးအဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ အင်ဂျင်နီယာကွန်ယက်၊ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း)၊ ဇွန်လှုပ်ရှားမှုအဖွဲ့၊ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး၊ မေတ္တာကမ်ပိန်း၊ ၈၈ RC 2 Union၊ Generation Wave၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ 141 Plus၊ Myanmar Institute for Democracy(MID)၊ ၁၉၇၄၊ ၇၅၊ ၇၆ အင်အားစုများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်(ပွင့်လင်းလူ့အဖွဲ့အစည်း)၊ Civil Society of Myanmar နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ အပါ အဝင် ငွေရတုအခမ်းအနား ကျင်းပရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
၂ ရက်တာ ဆွေးနွေးပွဲကျင်းပမည့်အတွက် ဆွေးနွေးတင်သွင်လိုသော စာတမ်းများရှိပါက ဇူလိုင်လ ၁၀ ရက်နေ့ထက် နောက်မကျေစေပဲ ပေးပို့ရန် လိုအပ်ကြောင်း၊ အခမ်းအနားပွဲများအတွက် လိုအပ်နေသော ငွေကြေးရန်ပုံငွေများကိုလည်း ပါဝင်လှူဒါန်းနိုင်ကြောင်း၊ မှတ်တမ်း၊ ဓါတ်ပုံများ၊ သတင်းဂျာနယ်မှတ်တမ်းများ၊ ကဗျာများ၊ ဆောင်းပါးများကို ပေးပို့ ဝေငှပေးရန် ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။
အပြီးသတ်ဆုံးဖြတ် ချက်မချရသေးသော်လည်း တက်ရောက်လာမည့် ကိုယ်စားလှယ် ၁ ထောင်ကျော်မှန်းထားကြောင်း၊ ဘဏ္ဍာငွေကြေးများအ တွက် မိမိနီးစပ်ရာများဖြင့် တက်အားသ၍ ဝိုင်းကူကြရန် မေတ္တာရပ်ခံကြောင်း ကျင်းပရေးကော်မတီ မှ ကိုရဲနိုင်အောင်က ပြောသည်။
ဆွေးနွေးပွဲ ၂ ရက်တာတွင်လည်း ယနေ့ ဖြေရှင်းရမည့် တိုင်းရင်းသားအရေးနှင့် အနာဂတ်ပြည်ထောင်စုသည် ပြည်သူလူ ၏ သဘောထားဆန္ဒကို ထင်ဟပ်စေသည့်အတွက် အလွန်အရေးကြီးကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဆိုသည်။
“Sky Net က ထုတ်လွှင့်ခွင်ရမယ်ဆိုရင်လည်း လွှင့်ပါမယ်။ အနုပညာပြကွက်တွေ၊ တီးဝိုင်းတွေတင်မကဘူး။ ပြည်သူတွေ ကို ၈ လေးလုံး အရေးတော်ပုံကြီးပေါ်ပေါက်အောင် အားလုံး ကြိုးစားခဲ့တဲ့ အဖွဲ့အစည်းတွေဟာ တိုင်းပြည်အနာဂတ်အတွက် ဘယ်လိုဆွေးနွေးနေတယ်ကို အများပြည်သူလည်း တိုက်ရိုက်ပါဝင်ခွင့်ရှိတယ်ဆိုတာကို တိုက်ရိုက် ချပြချင်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိမြန်မာနိုင်ငံသည် အသွင်ကူးပြောင်းဆဲကာလဖြစ်ကြောင်း၊ မိမိတို့ စုစည်းခြင်းကလည်း ဟိုတချိန်ကလိုမဟုတ်ပဲ နိုင် ငံရေးအခြေအနေပြောင်းလဲနေမှုကြောင့် အစိုးရဖြုတ်ချရေးဆိုသော နိုင်ငံရေးလမ်းကြောင်းပုံစံမဟုတ်တော့ကြောင်း၊ တာ ဝန်ရှိသူများကို ခြောက်လှန့်သည့်ပုံစံမျိုးလည်း မမြင်စေလိုကြောင်း၊ ၈၈ သမိုင်းကို အပျောက်မခံဘဲ နောင်နှစ်များတွင် လည်း လူထုနည်းဖြင့် စိုက်ထူးသွားမည်ဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောသည်။
၈ လေးလုံးအရေးတော်ပုံကြီးသည် ကျောင်းသားတင်မကပဲ လူထုလူတန်းစာအလွှာစုံ အနုပညာရှင်၊ အတက်ပညာရှင်များ အားလုံး ပါဝင်ဆင်နွှဲခဲ့သောကြောင့် ငွေရတုတွင်လည်း လူတန်းစာအလွှာစုံ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်စဉ်နှစ် တိုင်း အာဇာနည်နေ့များကဲ့သို့ နေ့ထူးနေ့မြတ်တစ်ခု ငွေရတုအခမ်းအနားကြီးကို ကျင်းပသင့်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ သရုပ်ဆောင် လူမင်းက ဆိုသည်။
“၆ ရက်နဲ့ ၇ ရက်မှာ တိုင်းပြည်ရဲ့အနာဂတ်အတွက် လမ်းစဉ်ကြီး ၆ ရပ်ကိုဆွေးနွေးတာက တကယ်ကို ဆွေးနွေးသင့်၊ ဆွေးနွေးထိုက်တာတွေကို လူတန်းစား ပေါင်းစုံ ပါဝင်ဆွေးနွေးပြီးတော့ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်လာလိမ့်မယ်လို့လဲ ယုံကြည်ပါတယ်။ ၈ ရက်နေ့အခမ်းအနားကြီးကိုတော့ ကြီးကြီးကျယ်ကျယ် တတိုင်းလုံး တပြည်လုံး သိသွားရမယ်၊ ဒီနေ့ ရောက်တိုင်း အာဇာနည်နေ့မှာ အလံတစ်ဝက်လွှင့်ထူသလို ဒီနေ့မှာလည်း ခွပ်ဒေါင်းအလံလွှင့်တာမျိုး ကြီးကြီးကျယ်ကျယ် ဖြစ်စေချင်ပါတယ်” ဟု ၎င်းက အကြံပြု ခဲ့သည်။
၈ လေးလုံး ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှှိ MCC ခန်းမတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။