Ethnic Issues

ပျော်ရွှင်မှု ဆိတ်သုဉ်းနေတဲ့ နေရာ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက မှိုင်းညို့ညို့ တောင်တန်းတွေပေါ်မှာ “တအာင်း” လို့ခေါ်တဲ့ ပလောင် လူမျိုးတွေ အများစု နေထိုင်ကြပါတယ်၊ မြေပြန့်တွေပေါ်မှာ ရွာတည်ပြီး နေတာကတော့ မရှိသလောက် ရှားပါတယ်။

တအာင်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ဒီရွာတွေ တော်တော်များများက လူတွေ ကြုံတွေ့ ခံစားနေကြတာချင်း တူတာ တခုတော့ရှိပါတယ်။ အဲဒါကတော့ ဘိန်းနဲ့ မူးယစ်ဆေးဝါးက သူတို့ရွာတွေကို ရောဂါကြီးတခုလို ကူးစက် လှိုက်စားနေလို့ပါ။

ဆာလုလို့ အမည်ရတဲ့ ပလောင်ရွာလေးရဲ့ ရွာလယ် လမ်းမကြီးပေါ်မှာ ခန္ဓာကိုယ်နဲ့ မလိုက်အောင် ဝန်တွေကို သယ်ပြီး ခပ်သုတ်သုတ် လျှောက်လာတဲ့ မအေးအီဆိုတဲ့ အသက် ၃၀ အရွယ် ပလောင်အမျိုးသမီး တဦးကို တွေ့ရပါတယ်။

အသက် ၃ နှစ်အရွယ် သမီးလေးကို အနီရောင် အဝတ်စနဲ့ သိုင်းပြီး ကျောမှာပိုးထားသလို၊ အရှေ့မှာလည်း အသက် ၁ နှစ်နဲ့ တလ အရွယ် သမီးငယ်ကို နို့တိုက်ရင်း လွယ်ထားပါသေးတယ်။

ဒါ့အပြင် ထင်းတွေ အပြည့်ထည့်ထားတဲ့ ပလိုင်းကြိုးကိုလည်း ခေါင်းမှာချိတ်ပြီး ဝဲဘက်အခြမ်းမှာ လွယ်ထားတဲ့အပြင်၊ ညာဘက်လက် ကလည်း အသက် ၅ နှစ်အရွယ် သားလေးရဲ့ လက်ကိုဆွဲလာပါတယ်။ သူ့ရဲ့ ဘယ်ဘက် လက်ထဲမှာတော့ အဝတ်ထုပ်တထုပ်၊ အဲဒီအထုပ်ထဲမှာ သူတို့ မိသား တစုလုံးအတွက် တရက်စာ ဆန် ၆ ဘူး ပါပါတယ်။

ပိန်လှီတဲ့ သူ့ခန္ဓာကိုယ်နဲ့ သယ်လာတဲ့ဝန်ဟာ မမျှတဘူးလို့မြင်ရပေမယ့် သူ့အတွက်တော့ ပုံမှန်အနေအထားထက် ပိုပုံမရပါဘူး။

တနေ့လုပ်မှ တနေ့စားရတဲ့ အခြေအနေကို ဖြေရှင်းဖို့အတွက် မအေးအီ တယောက် တောထဲမှာ နေ့တိုင်း ပြောင်းဖူးချိုး၊ ဒါမှ မဟုတ် လက်ဖက်ခူး စတဲ့ ကျပန်းအလုပ်တွေကို လိုက်လုပ်ရပါတယ်၊ အဲဒီလို ရခဲ့တဲ့ လုပ်အားခထဲကနေ ဘိန်းစွဲနေတဲ့ ခင်ပွန်းဖြစ်သူ ကိုအိုက်ငို အတွက် နေ့စဉ် တရက်ကို ကျပ် ၅၀၀ ပေးရပါတယ်။

ဒီကနေ့တော့ လုပ်အားခအဖြစ် အလုပ်ရှင်က ပိုက်ဆံအစား ဆန် ၆ ဘူးကိုပဲပေးလိုက်တဲ့ အတွက် ကိုအိုက်ငိုကို ပေးဖို့ ပိုက်ဆံ အခက်အခဲ ဖြစ်နေပါတယ်၊ ဒီပိုက်ဆံ ၅၀၀ ရှာပေးဖို့ ခေါင်းခဲနေရပေမယ့် ကလေးတွေ ညနေစာ ချက်ကျွေးဖို့ အချိန်မီ လုပ်ရမယ့် အလုပ်တွေ ကလည်း တန်းစီနေတော့ အိမ်ကိုပဲ တန်းတန်းမတ်မတ် ပြန်လာခဲ့ပါတယ်။

သက်ကယ်မိုး၊ ဝါးခြမ်းကာ ထားတဲ့ သူတို့အိမ်လေးဆီကို ရောက်တော့ အိမ်ထဲက အသာညိုညို ခပ်ပိန်ပိန်နဲ့ မအေးအီ ခင်ပွန်း ကိုအိုက်ငိုက ထွက်ကြိုပါတယ်၊ လက်ကဆွဲလာတဲ့ ကလေးနဲ့ လွယ်ပလိုင်းကို ကူဖြုတ်ရင်း “အဆင်ပြေရဲ့လား မိန်းမ” လို့ မေးပါတယ်။

ကိုအိုက်ငို အမေးကို ဖြေဖို့ခက်နေတဲ့ မအေးအီက လက်ကထဲက ဆန်ထုပ်ကို ကြမ်းပြင်ပေါ်ကို ပစ်ချပြီး ရှေ့နောက် လွယ်ထားတဲ့ ကလေးနှစ်ယောက်ကို ဖြည်ပြီး အောက်ကိုချလိုက်ပါတယ်။

ကိုအိုက်ငိုက သူမေးတဲ့ မေးခွန်းကို ပြန်မဖြေတဲ့ မိန်းမဖြစ်သူကို စိတ်မရှည်နိုင်တော့ပဲ “အေးအီ ငါ့ကို ပိုက်ဆံ ၅၀၀ ပေး၊ ငါသွား တော့မယ်၊ နင့်ကိုစောင့်နေတာကြာပြီ” လို့ ပြောပါတယ်။

“အိုက်ငို ဒီနေ့တော့ ငါနင့်ကို ပိုက်ဆံ မပေးနိုင်တော့ဘူး၊ ဒီနေ့ လုပ်အားခ ဒီဆန် ၆ ဘူးပဲ ရခဲ့တယ်” လို့ မအေးအီက ရှင်းပြတော့ ကိုအိုက်ငို ရုတ်ချည်း ဒေါသထွက်ပြီး “နင်ငါ့ကို နေ့တိုင်း ၅၀၀ ပေးရတယ်ဆိုတာ သိရဲ့သားနဲ့ ငါ့စိတ်ကို စမ်းတာလား အေးအီ” ဆိုပြီး ဆဲဆို ကြိမ်းမောင်း ပါတော့တယ်။

မအေးအီက အခြေအနေကို ရှင်းပြပေမယ့် ဘိန်းစားဖို့ ယင်းကိုက်နေတဲ့ ကိုအိုက်ငို တစ်ယောက် သူဘိန်း စားဖို့ထက် ကျန်တာတွေကို သူမတွေးနိုင်တော့ဘဲ မအေးအီ လုပ်အားခ ရလာတဲ့ဆန် ၆ ဘူး အထုပ်ကို ကိုအိုက်ငို ချက်ချင်း ကောက်ယူ လိုက်ပြီး “ဒါဆို ငါဒါနဲ့ သွားလဲမယ်” ဆိုပြီး ယူသွားပါတယ်။

“အိုက်ငိုရယ် … နင့်ကို ချစ်လို့ယူခဲ့မိတာ ငါတော့ မှားတာပဲ၊ ဒီဆန် ၆ ဘူးကို နင်ဘိန်းနဲ့သွားလဲရင် ငါတို့မိသားစုတွေ ညနေစာ ဘာနဲ့စားမလဲ၊ နင့်မှာ လူစိတ်မှ ရှိသေးရဲ့လားအိုက်ငို” ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကိုအိုက်ငို လက်ထဲက ဆန်ထုပ်ကို မအေးအီ က ထပြီး လုလိုက်ပါတယ်။

ဆန်ထုပ်လုတဲ့ မအေးအီ ရင်ဝကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်ပါတယ်။ နောက်ပြန် လဲကျသွားတဲ့ မအေးအီက ဆန်ထုပ်ကို ပြန်ထပြီးလုတဲ့ အတွက် ကိုအိုက်ငိုက မအေးအီ မျက်နှာကို လက်သီးနဲ့ နှစ်ချက် ဆက်တိုက် ထိုးလိုက်တဲ့ အတွက် မအေးအီလည်း ထိုင်လျှက်လဲကျသွားပြီး ငိုပါတော့တယ်။

အင်အားချင်း မမျှတဲ့ မအေးအီလည်း နောက်ဆုံး ထိုင်ငိုယုံမှအပ ဘာမှ မတက်နိုင်တော့ဘဲ ကလေးတွေလည်း မိဘတွေ ရုန်းရင်း ဆန်ခတ် ဖြစ်တာကြောင့် လန့်ငိုကြပါတယ်။

ဖြစ်စဉ်ကို အစအဆုံး မြင်တွေ့နေရတဲ့ အိမ်နီးချင်း ကျေးရွာ တာဝန်ရှိသူ တဦးက ဆန်ထုပ်ယူပြီး အိမ်ဝန်းထဲက ထွက်လာတဲ့ ကိုအိုက်ငိုကို ထိုးကြိတ်ပြီး အိမ်ရှေ့မှာတင် ကြိုးနဲ့တုပ်၊ တညလုံး ဖမ်းချုပ်ထားပါတယ်။ ကျေးရွာ တာဝန်ရှိသူတွေကလည်း သဘောတူတဲ့အတွက် ကိုအိုက်ငိုကို ဖမ်းဆီးပြီး ဒဏ်ပေးထားလိုက်ပါတယ်။

ကိုအိုက်ငိုနဲ့ မအေးအီတို့ အိမ်ထောင်သက် ၁၀ ရှိပြီဖြစ်ပြီး လူပျိုဘဝကတည်းက ကိုအိုက်ငိုက ဘိန်းကို သုံးစွဲခဲ့တယ်လို့ သိရ ပါတယ်။ မအေးအီနဲ့ ချစ်သူတွေ ဖြစ်ကြတဲ့ အချိန်မှာ ဘိန်း ဖြတ်မယ်လို့ ပြောတဲ့အတွက် နှစ်ယောက် လက်ထပ်လိုက် ကြတာပါ။

ညားခါစ အချိန်က မိဘတွေ အမွေပေးတဲ့ လက်ဖက်ခြံ ၂ ခြံ၊ ကျွဲ ၃ ကောင်နဲ့ လယ် ၁ ကွက် ရှိပေမယ့် ကိုအိုက်ငို ရောင်းစားပြီး ဘိန်းရှုလိုက်တဲ့ အတွက် မိဘအမွေတွေလည်း တခုမှ မကျန်တော့ဘူးလို့ သိရပါတယ်။

သူတို့မှာ သားသမီး ၄ ယောက်ရှိပြီး အကြီးဆုံး ၈ နှစ်အရွယ်သမီးလေးကတော့ ၂ တန်းနဲ့ ကျောင်းထွက်ပြီး မအေးအီလိုပဲ ကျပန်း အလုပ်တွေကို လိုက်လုပ်ရင်း မိဘတွေကို ပြန်ထောက်ပံ့ ပေးနေပါတယ်။

မအေးအီ အလုပ်သွားတဲ့ အချိန်တွေမှာ ကိုအိုက်ငိုက အိမ်မှာ ဘိန်းရှူပြီး မီးဖိုဘေးမှာ ပုဆိုးခြုံ ကွေးနေလေ့ရှိပါတယ်။ တခါ တလေ ဘိန်းရှူတဲ့ သူငယ်ချင်းတွေ ပိုက်ဆံစုပေါင်းပြီး ဘိန်းစုရှူကြပါသေးတယ်။ ကြားပေါက်အလုပ်ကလေးတွေ တခါတလေ လိုက်လုပ်ပြီး ရတဲ့ ပိုက်ဆံကိုလည်း အိမ်ပြန်ပေးလေ့မရှိဘဲ သူငယ်ချင်းတွေနဲ့ စုပေါင်း ဘိန်းရှူလေ့ရှိတယ်လို့ သိရပါတယ်။

ခါတိုင်း မအေးအီက ကိုအိုက်ငို အတွက် ပိုက်ဆံ ၅၀၀ ပေးနေကြဖြစ်ပြီး ရတဲ့ ပိုက်ဆံ ၅၀၀ နဲ့ နေကြာစေ့ အဆံသာသာ ရတဲ့ ဘိန်းမဲကို ဝယ်၊ ရွက်လှေတံဆိပ် ခေါင်းကိုက်ပျောက်ဆေး အမှုန့်နဲ့ ဇွန်းထဲမှာ ထည့်ပြီး မီးနဲ့ ကျိုပါတယ်။

ကျိုပြီး ရလာတဲ့ အရည်ကို အဝတ်စနဲ့ စစ်၊ ခွက်ထဲထည့်ပြီး အအေးခံပါတယ်။ ရလာတဲ့ ဘိန်းမည်းကို အခြောက်လှန်း ထားတဲ့ ငှက်ပျောရွက် နုနုနဲ့ ရောမွှေပြီး ကြွက်ချေးတုံးလောက် ရှိတဲ့ အရွယ်အစားလေးတွေ အဖြစ် ခွဲပြီး ဝါးပြောင်းထိပ်မှာ မီးစွဲနေတဲ့ မီးတုတ်နဲ့ တေ့ပြီး ရှူတယ်လို့ သိရပါတယ်။

ရွာထဲမှာလည်း ကိုအိုက်ငိုတို့လို့ ဘိန်းစွဲနေသူတွေ၊ ဘိန်းကြောင့် လင်မယားကွဲသူတွေ၊ စီးပွားပျက်သူတွေက လက်ညှိုးထိုး မလွဲပေမယ့် ဘိန်းဖြတ်ဖို့တော့ အားလုံးခက်ခဲနေပါတယ်။

ဒီနယ်မြေကို ပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ ပန်းဆေး ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကျော်မြင့် ဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ဘိန်းစိုက်ပျိုးခွင့်တွေပေးရာမှာတော့ နယ်မြေအတွင်း သတင်းမွှေးပါတယ်။

ကိုအိုက်ငို တစ်ယောက်လည်း ဖမ်းဆီးပစ်ဒဏ်ပေးစဉ်တုန်းက ရပ်ရွာလူကြီးတွေနဲ့ မအေးအီရှေ့မှာ “ဘိန်းမသုံးစွဲတော့ပါဘူး၊ နောင်တ ရပါပြီ” လို့ ကတိပေး ပြောဆိုခဲ့ပေမယ့်၊ ပြန်လွတ်ပြီး တစ်ပတ်မပြည့်ခင်မှာပဲ အရင်အတိုင်း ဘိန်းပြန်ရှုနေပါတော့တယ်။

မအေးအီလည်း ပိုက်ဆံ ၅၀၀ ဆက်သနေဆဲဘဝကို ပြန်ရောက်ခဲ့ရပါတယ်။ ချစ်လို့ယူခဲ့တဲ့ သူ့ခင်ပွန်း ကိုအိုက်ငိုကို ကလေးတွေရဲ့ မျက်နှာနဲ့ လမ်းခွဲဖို့အခက် တွေ့နေပေမယ့် အချစ်မရှိတော့တဲ့ အိမ်ထောင်ရေးတခုကို တွေးနေမယ့်အစား ကလေးတွေ နေ့စဉ် ဝမ်းစာပြည့်ဖို့ပဲ အာရုံထားနေရတယ်လို့ ဆိုပါတယ်။

“အခုအချိန်မှာ ကျမကြောက်တာက ကျမ နေမကောင်းဖြစ်မှာကိုပဲ စိုးရိမ်တယ်။ ကျမနေမကောင်း တရက်ဖြစ်ရင် ကျမ ကလေးတွေ ထမင်းငတ်မှာ။ ကိုအိုက်ငိုကတော့ ကျမတို့ မိသားစုထက် ဘိန်းကို ပိုချစ်တယ်။ တခါတလေဆိုရင်လေ ကျမတို့ မိသားစုလေး သာယာပျော်ရွင်တဲ့ ဘဝလေးကို လိုချင်တယ်” လို့ မအေးအီက စိုးရိမ်တဲ့ လေသံနဲ့ပြောပါတယ်။

Loading