ယခုလ အတွင်း လက်နက်ကိုင်တိုင်းရင်းသားများ အားလုံးနဲ့ အပစ်အခတ်ရပ်ဆဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ လုပ်ဖို့ သမ္မတဦးသိန်းစိန်က စီစဉ်နေချိန် ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အရှေ့ခြမ်းမှာ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)နဲ့ မြန်မာ့တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားလျှက် ရှိကြောင်း သိရသည်။
ယင်းတင်းမာမှုကို လျော့ချရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဝပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု သတင်းများပေါ်ထွက်လာနေသလို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ (၃) ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့က UWSA အပါအဝင် SSPP/SSA တို့နဲ့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံမြို့နယ်အတွင်း၌ လက်ရှိ UWSA တပ်များ လှုပ်ရှားနေသော နေရာအချို့အား ဖယ်ရှားပေးဖို့ အစိုးရဘက်က တောင်းဆိုထားမှုအား UWSA က ဖယ်ရှားမပေးသည့် အတွက် စစ်ရေး တင်းမာမှုဖြစ်ပွားနေကြောင်း၊ လက်ရှိအခြေအနေထိ တိုက်ပွဲမဖြစ်သေးကြောင်းနှင့် ဆက်ဆံရေး ရုံးမှာ ပိတ်ထားခြင်းမရှိသေးကြောင်း၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ဝ ခေါင်းဆောင်များနှင့် တွေ့ရန်ရှိသော်လည်း ရက်အတိအကျ မပြောနိုင်သေးကြောင်း ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သော မိုင်းလိုင်ခရိုင်မှူး ဦးစောလွင်က ဧရာဝတီသို့ ပြောဆိုသည်။
“အရှေ့ဘက်ခြမ်းမှာ တင်းမာနေတယ်။ ကျနော်တို့ကလည်း အစိုးရကိုဝိုင်းထားတယ်။ သူတို့လည်း ကျနော်တို့ကို ဝိုင်းထားပါတယ်။ တိုက်ပွဲဖြစ်ဖို့ကတော့ မကြေညာသေးဘူး” ဟု ဦးစောလွင်က လတ်တလောဖြစ်ပွားနေသည့်အပေါ် မှတ်ချက်ချ ပြောဆိုသည်။
ထို့ပြင် ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSA)နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)တို့ ဆက်သွယ်သည့် လမ်းကြောင်းကိုလည်း အစိုးရဘက်မှ ဖြတ်တောက်ရန်
လုပ်ဆောင်နေကြောင်းလည်း ပြောဆိုသည်။
UWSA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာမခံ ရရှိထားသည်။ သို့သော် အမြဲတမ်း တပ်ဖွဲ့ဝင် ၃ သောင်းနှင့် ပြည်သူ့စစ် ၁ သောင်း အင်အားရှိသည့် UWSA သည် အမြောက်ကြီးများ၊ လေကြောင်းရန် ကာကွယ်ရေး ပခုံးထမ်း ဒုံးစနစ်၊ သံချပ်ကာ ကားများနှင့် မကြာသေးခင်က Jane’s Defence Weekly ၏ သတင်းပေးပို့ချက်အရဆိုလျှင် ရဟတ်ယာဉ်များကိုပင် ပိုင်ဆိုင်ထားပြီး ၂၀၀၉ ခုနှစ်ကတည်းကပင် “ဝပြည်နယ်” ဟု စတင်သုံးနှုန်းလာခဲ့သည်။ UWSA ၏ ဆက်ဆံရေးရုံးသည် တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်းနှင့် လားရှိုးမြို့တို့တွင် တည်ရှိသည်။
အစိုးရနှင့် SSPP/SSA တို့သည်လည်း ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပြုလုပ်ထားသော်လည်း ယင်းသို့ သဘောတူညီမှု ပြုလုပ်ပြီးနောက် ဒေသတွင်း၌ နှစ်ဖက်တပ်များအကြား တိုက်ပွဲပေါင်း အနည်းဆုံး ၅၀ ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။
ယခုလ ဇွန်လ ၂၅ ရက်နေ့ကလည်း ကျေးသီးမြို့နယ်၊ တာဖာဆောင်ကျေးရွာရှိ SSPP/SSA ၏ စခန်းတခုကို အစိုးရတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှ က ဧရာဝတီသို့ ပြောဆိုထားသည်။
UWSA နှင့် SSPP/SSA တို့ နှစ်ဖက်တပ်နယ်နမိတ်ကို သံလွင်မြစ်ခြားထားပြီး မြစ်၏ အရှေ့ဘက်အခြမ်းကို UWSA က ထိန်းချုပ် ထားပြီး မြစ်၏ အနောက်ဘက်ခြမ်းကို SSPP/SSA က ထိန်းချုပ်သည်။ အစိုးရ စစ်တပ်က UWSA နှင့် စစ်ရေး မဟာမိတ်ဖြစ်သည့် SSPP/SSA တို့ ဆက်သွယ်ထားသော သံလွင်မြစ် အနောက်ခြမ်းက နေရာများကို ဖြတ်တောက်ပြီး စစ်ရေးအရ စိုးမိုးနိုင်ရေး အတွက် ဖြတ်တောက်နိုင်ရန် ကြိုးစားနေသည်မှာ လနှင့်ချီ ကြာမြင့်ခဲ့ပြီ ဟုလည်း သိရသည်။ မြန်မာစစ်တပ်က စစ်ရေးစိုးမိုးနိုင်ရေးအတွက် အလိုရှိနေသော SSPP/SSA တို့ ထိန်းချုပ်လှုပ်ရှားရာ သံလွင်မြစ် အနောက်ခြမ်းနေရာများကို ရရှိပါက UWSA ကိုလည်း စစ်ရေးနှင့် ထောက်ပံ့ရေးအရ ပိတ်ဆို့မှုများ ပြုလုပ်နိုင်သည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။
တချိန်တည်းတွင်ပင် ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော အစိုးရ အဖွဲ့နှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ‘ဝ’ အထူးဒေသ ၂ တာဝန်ရှိသူများသည် မနက်ဖြန်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့တွင် တွေ့ဆုံ မည်ဖြစ်ကြောင်းသိရပြီး ၆ ရက်နေ့တွင် SSPP/SSA တာဝန်ရှိသူများနှင့်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တွေ့ဆုံ ကြမည်ဖြစ်သည်။ ပမာဏ တွေ့ဆုံမှုဟုသာ သိရပြီး တွေ့ဆုံမှု အသေးစိတ်ကို မသိရှိရသေးချေ။
(နန်းဆိုင်နွမ်နှင့် ကျော်ခ ပူးပေါင်းရေးသား သတင်းပေးပို့သည်)