ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့၌ ထိုင်းနှင့် ရှမ်း လူငယ်တချို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထိုင်း အာဏာပိုင်များက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ယခုရက်ပိုင်း လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဇွန်လကုန်ပိုင်းက ချင်းမိုင်မြို့ချန်ကလန် အရပ်တွင် အမည်မသိ လူတစုနှင့် ထိုင်း နိုင်ငံသားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ထို အမည်မသိ လူတစုမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံရောက် ရှမ်း ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြောင်း ထိုင်း သတင်းစာများက ဖော်ပြသည်။
ထို့အပြင် ပြစ်မှု ကျူးလွန်သူများသည် ဆာမူရိုင်းဟု အမည်ပေးထားသော ရှမ်းတိုင်းရင်းသားများ အဖွဲ့(ထိုင်းရိုင် ဆာမူရိုင်း) ဖြစ်ကြောင်းလည်း ထိုင်း သတင်းများက ဆိုသည်။
“ဆာမူရိုင်း အဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးနေတယ်၊ ရဲတွေကလည်း ဆာမူရိုင်း မဟုတ်တဲ့ ရှမ်းတိုင်းရင်းသား အလုပ်သမားတွေ ကိုပါ အားလုံး လိုက်ဖမ်းနေတယ်”ဟု ချင်းမိုင်မြို့အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် Map ဖောင်ဒေးရှင်း အဖွဲ့မှ သတင်း တာဝန်ခံ Toom Mawk Harn က ဧရာဝတီသို့ ပြောသည်။
ရှမ်း တိုင်းရင်းသားများကို နေ့ရော ညပါ စောင့်ဖမ်းမှုများ ပြုလုပ်လျက်ရှိရာ တပတ်ခန့် ရှိပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ထိုင်းရဲတွေက ဆိုင်ကယ်မောင်းလာတဲ့ လူတယောက်တွေ့ရင် ရှမ်းလား ဆိုပြီးမေးတယ်၊ ရှမ်းဆိုရင် ဖမ်းထားတယ်၊ ပြီးတော့ တ ရားဝင် နေထိုင်ခွင့် အလုပ်သမားလက်မှတ် ရှိတာ မရှိတာတပိုင်း ဖမ်းထားပြီးတော့ ရဲစခန်းရောက်မှ အလုပ်ရှင်ကို အာမခံနဲ့ ပြန် လာ ခေါ်ခိုင်းတယ်”ဟု Toom Mawk Harn က ဆက်ပြောသည်။
ဇူလိုင်လ ၁ ရက်နေ့မှ ၂ ရက်နေ့ အတွင်း မြန်မာ အလုပ်သမား ၂၀၀ ခန့် ဖမ်းဆီးခံရသည်ဟု သိရသည်။ အလုပ်သမား အများစုကို ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ထိုင်း အာဏာပိုင်များက လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ချင်းမိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး ဌာန (လဝက) ရုံးမှ တာဝန်ရှိသူ တဦးက လတ်တလော ဖမ်းဆီးမှုများနှင့် ပတ်သက်၍ တရား မဝင် အလုပ်သမားများကို ဖမ်းဆီးနေခြင်းသည် ထိုင်းရိုင် ဆာမူရိုင်း အဖွဲ့သားများ ပြဿနာကြောင့် မဟုတ်ကြောင်း ဧရာဝတီသို့ ပြော သည်။
ယင်း ကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က ချင်းမိုင်မြို့ ခရိုင် ရဲချုပ်ကြီးက သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်သည်။
သတင်းစာ ရှင်းလင်းပွဲတွင် ချင်းမိုင် ခရိုင် ရဲစခန်းမှ အကြီးအကဲ စူထက်က“ချင်းမိုင်မြို့မှာရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ် သမားတွေကိုသာ ဖမ်းဆီးနေတာ ဖြစ်တယ်၊ ဇူလိုင်လ ၁ ရက်နဲ့ ၂ ရက်နေ့မှာ ဖမ်းဆီးထားတာ အခုဆိုရင် ၂၁၅ ယောက် ဖမ်းဆီး ထားတယ်၊ အဲဒီ အထဲမှာ ပြစ်မှု ကျူးလွန်တဲ့ သူတွေနဲ့ တရားမဝင် အလုပ်သမားတွေ ပါတယ်”ဟု ပြောကြားကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
သတင်းစာ ရှင်းလင်းပွဲလုပ်ရသည့် အကြောင်းအရင်းမှာ ထိုင်းရိုင် ဆာမူရိုင်း အဖွဲ့နှင့် ပတ်သက်ပြီး အများပြည်သူကို အသိပေးလို သည့်အတွက် ဖြစ်ကြောင်း၊ ချင်းမိုင်မြို့တွင်း၌ ထိုင်းရိုင် ဆာမူရိုင်း အဖွဲ့ မရှိကြောင်းလည်း စူထက်က ပြောဆိုသည်ဟု ပါရှိသည်။
စူထက်က ဆက်လက်ပြီးတော့“ရဲတွေ အခု စစ်ဆေးမှုတွေ လုပ်နေပြီ ပြစ်မူ ကျူးလွန်သူတွေ ရှိရင်တော့ အမူရင်ဆိုင်သွားရမှာပဲ၊ ထိုင်းနိုင်ငံထဲကို ဝင်လာလို့ မရအောင်လည်း အမည်ပျက် စာရင်းသွားမယ်”ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးမှုများကြောင့် လတ်တလောတွင် အလုပ်လုပ်ခွင့် လက်မှတ်ရှိသူများသာမက လက်မှတ်ရှိသော မြန်မာ အလုပ်သမား များလည်း အလုပ်မဆင်းဘဲ နေကြသည်ဟု အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်တွင် တရားဝင် မြန်မာလုပ်သား ၈ သောင်းခန့် ရှိပြီး ထောင်နှင့်ချီသော တရားမဝင် အလုပ် သမားများလည်း ရှိကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ အိမ်အလုပ်များ၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြ သူ အများစုသည် ရှမ်း တိုင်းရင်းသားအများစု ဖြစ်သည်။