သတင်း

မလေးရှားပြန် အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ရှာပေးပြီး ဖြစ်

This article has been converted from Zawgyi One to Unicode

လူမျိုးရေး ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူများ အလုပ်အကိုင် ရရှိရေးအတွက် ကုမ္ပဏီ ၁၄ ခုနှင့် ချိတ်ဆက်ပေးလျက်ရှိရာ အလုပ်သမား ၂၂၀ ခန့် အလုပ်ခန့်ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ စုစုပေါင်း ၁၉၃၇ ဦး ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့၏ နေရပ်လိပ်စာနှင့် ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းရယူကာ အလုပ်ခွင်အတွက် ချိတ်ဆက်ပေးလျက်ရှိကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

မိမိနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသူများအနက် အလုပ်လျှောက်ထားသူများအား ပြီးခဲ့သည့် ဇွန်လအတွင်း One Stop Service အစီအစဉ်ကို ၂ ကြိမ်ပြုလုပ်ခဲ့ရာ အလုပ်သမား ၈၂ ဦး အလုပ်လျှောက်ခဲ့ပြီး ၅၅ ဦးကို အလုပ်ခန့်နိုင်ခဲ့ကြောင်း၊ ယခုလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် တတိယအကြိမ် လူတွေမေးမြန်း အလုပ်ခန့်မှုများ ပြုလုပ်ခဲ့ရာ ၃ ရက်နေ့က အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၄၂ ဦးအား အလုပ်ခန့် ထားပေးခဲ့ကြောင်း၊ ၄ ရက်နေ့တွင် လာရောက် လျှောက်ထားသူ ၁၃၅ ဦးရှိကာ ၁၂၀ ဦး အလုပ်ခန့်နိုင်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ အကြံပေးပုဂ္ဂိုလ် ဦးသက်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

အလုပ်ခန့်ထားရေး လုပ်ငန်းများကို ရန်ကင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လုပ်သားများ လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်နေရာသို့ လူတွေ့မေးမြန်းရန် မလာရောက်နိုင်သူများသည် နီးစပ်ရာ မြို့နယ်အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနများသို့ ဆက်သွယ်ကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

“ပြည်တွင်းမှာနေပြီး အလုပ်လာလျှောက်တဲ့ လူတွေထက်၊ မလေးရှားက ပြန်လာတဲ့လူတွေ အလုပ်ရဖို့ ဦးစားပေး အစီအစဉ် အနေနဲ့ လုပ်သွားပါ့မယ်။ ကုမ္ပဏီတွေကိုလည်း ပညာအရည်အချင်း သတ်မှတ်ချက်နဲ့ သင်တန်းဆင်း လက်မှတ်တွေ မရှိရင်တောင် လုပ်ငန်းကျွမ်းကျင်မှုအလိုက် အလုပ်ခန့်ပေးပါလို့ ပြောထားပါတယ်” ဟု အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သည့် ဦးသက်နိုင်ဦးက ဆက်လက်ပြောသည်။

အလုပ်သမားဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် စက်ရုံအလုပ်ရုံနှင့် ကုမ္ပဏီများမှာ အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ အိမ်အလှဆင်လုပ်ငန်း၊ ပိုက်လုံးထုတ်လုပ်ရေး လုပ်ငန်းနှင့် အထွေထွေ လုပ်သားများ အဓိက လိုအပ်လျက်ရှိကြောင်း သိရသည်။

အလုပ်သမား ဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် စက်ရုံအလုပ်ရုံ ၁၄ ခုမှာ ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီ၊ United Engineering ၊ တိုးဝါ အိမ်အလှဆင်လုပ်ငန်း၊ သုခစုစံ ပြည်ပအလုပ်ရှာဖွေရေး အေဂျင်စီ၊ Asia Express, Desial Kin, Good Morning ပေါင်မုန့်စက်ရုံ၊ မင်္ဂလာဒုံ ပိုက်စက်ရုံ၊ ဝင်းဂလိုရီ အထည်ချုပ်စက်ရုံ၊ မိုးကောင်းကင် အထည်ချုပ်စက်ရုံ၊ ဧရာဝတီ အထည်ချုပ်စက်ရုံ၊ Roap Inter အထည်ချုပ်စက်ရုံနှင့် ဇီးကွက်ဖြူ အထည်ချုပ်စက်ရုံတို့ ဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်ရုံများမှ လိုအပ်လျက်ရှိသည့် အလုပ်နေရာပေါင်း ၄၀၀ ကျော်ရှိကာ လက်ရှိအချိန်အထိ ခန့်ထားပြီးသူ ၂၂၀ ဦးခန့် ရှိပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အလုပ်သမားများအား လာရောက် အင်တာဗျူးလျက်ရှိသည့် တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီမှာ တာဝန်ရှိသူတဦးက “ကျနော်တို့မှာ အင်ဂျင်နီယာ ၄ ယောက်လိုတယ်။ ဒါပေမယ့် ဒီက လျှောက်တဲ့လူအပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပေါ့။ အခုအချိန်ထိတော့ အထွေထွေလုပ်သားတွေ လျှောက်တာများတယ်။ အင်ဂျင်နီယာ လာလျှောက်တဲ့သူ မရှိသေးဘူး။ အင်ဂျင်နီယာတွေကလည်း ပြန်မလာဘူး ထင်ပါတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ၆ နှစ်ကျော် သွားရောက် အလုပ်လုပ်ပြီး ပြန်လာသည့် ကိုချမ်းမြေ့အောင်က “မလေးရှားမှာတုန်းက ၁ လကို စားပြီးသောက်ပြီး အိမ်ကို ၂ သိန်းခွဲလောက် ပြန်ပို့နိုင်တယ်။ ကျနော်က အိမ်အလှဆင်လုပ်ငန်းကို ကျွမ်းကျင်တယ်။ တိုးဝါ ကုမ္ပဏီမှာ အခုပဲ အလုပ်ရပြီ။ လစာကတော့ ၁ သိန်း ၈ သောင်းလောက် ရချင်တယ်။ ဒီထက် ပိုလိုချင်ပေမယ့် ကိုယ့်နိုင်ငံ အကြောင်းကိုယ် အသိဆုံးပဲလေ။ တဖြည်းဖြည်းတော့ တိုးမယ်ထင်တယ်” ဟု ပြောသည်။

Loading