ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲဖြစ်သည့် ဒေသများတွင် နေထိုင်သည့် ကလေးငယ်များသည် ကျောင်းများ ပြန်ဖွင့်ပြီး ၁ လကျော် ကြာသည်အထိ စာသင်ကြားခွင့် မရသေးကြောင်း သိရသည်။
စစ်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ဆရာများ ထိုဒေသသို့ သွားရန်ခက်ခဲခြင်း၊ ကျောင်းများတွင် အစိုးရတပ်များ စခန်းချ နေထိုင်ခြင်းနှင့် စစ်ပွဲကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြခြင်း တို့ကြောင့် စာသင်ကျောင်း ပိတ်လိုက်ရကြောင်း ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းအွမ်ဆိုင်မှိုင်းက ဧရာဝတီသို့ ပြောသည်။
“ကျေးသီးရွာ စာသင်ကျောင်းမှာ အစိုးရစစ်တပ်က စခန်းလာချတော့ ကလေးတွေက ကျောင်းခန်းထဲကို မသွားရဲကြဘူး။မြို့ပေါ်က ဆရာမတွေလည်း အဲဒီဒေသကို မလာရဲကြဘူး။ မြို့ပေါ်က ကလေးတွေဆိုရင် စာသင်နေကြပြီ။ ကျေးရွာက ကလေးတွေ အခုထိ စာမသင်ရသေးဘူး” ဟု ဦးစိုင်းအွမ်ဆိုင်မှိုင်းက ဆိုသည်။
မြန်မာအစိုးရနှင့် ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ စစ်ပွဲမကြာခဏ ဖြစ်ပွားမှုကြောင့် စာသင်ကြားမည့် ကလေးငယ်များစွာ စာသင်ကြားခွင့် မရသေးကြောင်း၊ အဆိုပါ အရပ်ဒေသသို့ မည်သည့်ဆရာမျှ လာရောက်ခြင်း မရှိကြောင်း၊ စစ်ပွဲဖြစ်လျှင်လည်း ပြည်သူများ တိမ်းရှောင်နေရသဖြင့် စာသင်ရန် အခွင့်မရသေးကြောင်း ၎င်းက ထပ်ပြောသည်။
“ကလေးငယ်တွေက အခုထိ စာသင်ခွင့် မရသေးဘူး။ စစ်ပွဲဖြစ်လာရင် မိဘတွေနဲ့အတူ လိုက်ပြီး တိမ်းရှောင်နေကြရတယ်။ စာသင်ဖို့ အတွက် သူတို့ မစဉ်းစားမိကြတော့ဘူး။ ရှမ်းပြည်မှာက စစ်ရှောင်စခန်းတွေ ကလည်း မရှိတော့ ပိုဆိုးတာပေါ့။စစ်ဖြစ်ချင်တဲ့ နေရာ ထဖြစ်လိုက်တာလေ” ဟု သျှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ယိင်းဟန်ဖှက ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်တွင် တိုက်ပွဲကြောင့် ဒေသခံများအတွက် စစ်ရှောင်စခန်းများ ထားရှိသင့်ကြောင်း၊ စစ်ရှောင်စခန်းထားက စစ်ကင်းမဲ့ဇုန် အဖြစ်လည်း သတ်မှတ်သင့်ကြောင်း၊ စစ်ပွဲကြောင့် ထိုဒေသသို့ ဆရာများ လာရောက်ရန် ထိတ်လန့်နေကြပြီး ကလေးငယ်များလည်း စစ်ကြောင့် ဒေသအနှံ့ ထွက်ပြေးနေရသဖြင့် လက်ရှိအခြေအနေအထိ စာသင်ကြားခွင့် မရသေးကြောင်း ယိင်းဟန်ဖှက ဆိုသည်။
“အခုဆိုရင် စစ်သားတွေက စာသင်ကျောင်းတွေရော၊ ဘုန်းကြီးကျောင်းတွေ မှာပါ စခန်းချနေကြတော့ ကလေးတွေက ဘယ်နေရာမှာ စာသွားသင်ရမှာလဲ။ ကလေးတွေ စာသင်ဖို့အတွက်က လက်ရှိအခြေအနေမှာ မဖြစ်နိုင်ဘူး။ စစ်ပွဲကလည်း ဖြစ်ချင်တဲ့အချိန် ဖြစ်လို့ စာသင်ကျောင်းကိုပါ ပိတ်ထားရတယ်” ဟုကျေးသီးမြို့နယ်ရှိ ဒေသခံ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် တအာင်း (ပလောင်) ဒေသတွင် နေထိုင်သည့် ကလေးငယ် များသည်လည်း စစ်ပွဲကြောင့် ယခုအချိန်ထိ ကျောင်းဆရာများ အတွက် လုံခြုံရေး စိုးရိမ်နေကြသဖြင့် လာရောက်ခြင်း မရှိသေးကြောင်း၊ ကလေးငယ်များသည် စာသင်ပေးမည့် ဆရာများကို မျှော်နေရကြောင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ မန်းငိုင်း ကျေးရွာမှ ဒေသခံအမျိုးသားက ဆိုသည်။
“ကျနော်တို့ရွာမှာ အခုဆိုရင် စာသင်ဖို့ ဆရာမကို စောင့်နေတဲ့ ကလေးငယ် ၃၀၀ ကျော်လောက် ရှိတယ်။ ဆရာမက ၄ ယောက်ပဲ ရှိတယ်။ ရွာကိုတော့ စစ်တပ်က ဖြတ်သွားဖြတ်လာတော့ ရှိတယ်။ အဲဒီစစ်တပ်ကို ကြောက်လို့ ဆရာတွေက ရွာကို စာလာမသင်ရဲတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေက သနားပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ပညာရေး ဒုတိယ ဝန်ကြီး ဦးအေးကြူက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆရာ/ ဆရာမ အပါအဝင် အောက်ခြေဝန်ထမ်း စုစုပေါင်း လစ်လပ်ဦးရေ ၂၇၅၅ ဦး ရှိပြီး ကျောင်းတည်နေရာ အလိုက် အဆင့် ၅ ဆင့် သတ်မှတ်ထားကာ လစ်လပ်ရာထူး ၁၁ မျိုးကို ယခု စာသင်နှစ် အမီ ခန့်ထားနိုင်ရေး ဆောက်ရွက်လျှက် ရှိနေကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ်တွင် မြန်မာအစိုးရ စစ်တပ်၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/ SSA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့စစ်များ လှုပ်ရှား နေကြကြောင်း သိရသည်။