သတင်း

ကျိုင်းတုံ ဆွေးနွေးပွဲ ရက်ရွှေ့၊ ဝ နယ် စစ်ရေး တင်းမာဆဲ

This article has been converted from Zawgyi One to Unicode

၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ (၃) ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည့် ပွဲကို ရက်ရွှေ့လိုက်ပြီဖြစ်ကြောင်း UWSA ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

အစိုးရ စစ်တပ်နှင့် UWSA တပ်များအကြား လက်ရှိစစ်ရေးတင်းမာနေသော အခြေအနေ ပြေလည်ရေးအပါအဝင် ဒေသဖွံ့ဖြိုးရေး ကိစ္စ အချို့ ဆွေးနွေး ကြရန် ကျိုင်းတုံမြို့တွင် ယနေ့စီစဉ်ထားသော်လည်း UWSA ဘက်က “လိုအပ်ချက်အချို့” ရှိနေသည့်အတွက် ယင်းသို့ ရက်ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“မူလက ၅ ရက်နေ့ ကျိုင်းတုံမှာတွေ့ဖို့ ဆက်သွယ်ညှိနှိုင်းပြီး ဆွေးနွေးလာတယ်၊ ကျနော်တို့ ဒီဘက်က အခြေအနေအရ နည်းနည်း ပြင်ဆင်မှုလေးဘာလေး၊ လိုနေသေးလို့ ဒါကြောင့်မို့ နောက်ရက်ပိုင်းရွှေ့ထားလိုက်တယ်၊ ပြန်ပြီးတော့ညှိနှိုင်းတာကို ဦးသိန်းဇော်တို့ ဘက်ကလည်း သဘောတူပါတယ်၊ ဒီနေ့တော့ ကျနော်တို့ ဆွေးနွေးပဲ မဖြစ်ဘူးပေါ့” ဟု ဦးအောင်မြင့် က ဧရာဝတီသို့ ပြောသည်။

နောက်ထပ်တွေ့ဆုံဆွေးနွေးကြမည့်ရက်ကို အတိအကျ မပြောနိုင်သေးကြောင်း၊ သို့သော်လည်း ယခုလလယ်ပိုင်းမှာ ဖြစ်မြောက်မည်ဟု ခန့်မှန်းကြောင်း၊ တွေ့ဖြစ်ပါက ကျိုင်းတုံ သို့မဟုတ် ပန်ဆန်းမြို့တို့တွင် ဖြစ်နိုင်ခြေရှိကြောင်း ဆက်ပြောသည်။

လက်ရှိ နှစ်ဖက် စစ်ရေး တင်းမာမှုဖြစ်ပွားနေခြင်းအား ဆွေးနွေးဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့လည်း UWSA က စာပို့ အကြောင်းကြားထားကြောင်းလည်း သိရသည်။ ထို့အပြင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် UWSA ခေါင်းဆောင်များ တွေ့ဆုံရန်ရှိကြောင်း တွေ့ဆုံမည့် အချိန်ကာလ သတ်မှတ်ထားခြင်း မရှိသေးဟု ဆိုသည်။

သံလွင်မြစ် အရှေ့ခြမ်း ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ UWSA ၁၇၁ စစ်ဒေသ လှုပ်ရှားနယ်မြေအတွင်းက ‘ဝ’ တပ်ဖွဲ့များ၏ ဆက်သွယ်ရေး လမ်းကြောင်းများကို အစိုးရ စစ်တပ်များက ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် အစိုးရဘက်က အကြောင်းကြားလာပြီးနောက် ယမန်နေ့ကစ၍ လမ်းများ ပြန်ဖွင့်ပေးထားသည်ဟု UWSA ဘက်က ပြောသည်။

“အစကတော့ စစ်တပ်က ကျနော်တို့ သွားလာမှုကို အားလုံး ပိတ်ဆို့ထားတယ်လေ၊ အခု နောက်ဆုံး ကြားသိရသလောက်တော့ ပြန်ပြီးတော့ အသင့်အသင့် သွားလာခွင့်တွေ ပြန်ပေးထားပါတယ်၊ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်။ ကျနော်တို့လည်း သမ္မတကြီးဆီ စာပို့ထားတယ်ဆိုတော့ တဖက်ကလည်း နည်းနည်းပျော့လာတာပေါ့” ဟု ဦးအောင်မြင့် ကပြောသည်။

အစိုးရက UWSA ၏ ထိုင်း-မြန်မာ နယ်စပ်ရှိ ၁၇၁ စစ်ဒေသ လက်အောက်ခံ တပ်စခန်း အချို့ကို ယခုလ ၇ ရက်အတွင်း ရုတ်သိမ်း ပေးရန်၊ ရာဘာခြံများ၊ မြို့သစ်၊ ရွာသစ်များ တိုးချဲ့တည်ဆောက်မှုများမပြုလုပ်ရန်၊ ခွင့်ပြုချက်မရဘဲ ခရီးမသွားခြင်း မပြုရန်နှင့် စစ်ဝတ်စုံများဝတ်ဆင်ခြင်း၊ လက်နက်များ ကိုင်ဆောင်သွားလာခြင်းမပြုရန် တောင်းဆိုထားခြင်းကို UWSA ဘက်က လက်မခံရာကနေ စစ်ရေး တင်းမာမှုများ ဖြစ်ခဲ့ရသည်။

ယနေ့ထိ နောက်ဆုံးအခြေအနေမှာ UWSA သွားလာရေး လမ်းကြောင်းတွေကို အနည်းငယ် ပြန်လည် ဖွင့်ပေးထားခြင်းမှ လွဲ၍ စစ်ရေးတင်းမာမှုက ယခင်အတိုင်းပင် ရှိကြောင်း သိရသည်။ အစိုးရဘက်က လက်နက်ကြီး လက်နက်ငယ်များ၊ စစ်သားနှင့် လက်နက်ခဲယမ်း အင်အားဖြည့်တင်းပြီး တပ်စွဲထားသလို UWSA ဘက်ကလည်း ခုခံကာကွယ်ရန် စစ်ရေးအရ ပြင်ဆင်မှုတွေ ရှိကြောင်း ဦးအောင်မြင့်က ပြောသည်။

နှစ်ဖက်တပ်များ စစ်ရေးတင်းမာမှု ဖြစ်ပွားနေရာအနီးတွင် ဒေသခံကျေးရွာများရှိနေကြောင်း၊ အကယ်၍ တိုက်ပွဲများ ဖြစ်လာခဲ့လျှင် ယင်းကျေးရွာများကို ထိခိုက်မှုများရှိနိုင်ကြောင်း၊ ထို့ကြောင့် UWSA အနေဖြင့် တိုက်ပွဲမဖြစ်ပွားလိုဘဲ ဆွေးနွေးညှိနှိုင်းလိုကြောင်း၊ တိုက်ပွဲအခြေအနေမှာ အစိုးရစစ်တပ်အပေါ်မှာဘဲ မူတည်ကြောင်း UWSA ဘက်က ပြောသည်။

Loading