သတင်း

ဒုက္ခသည်များ ပြန်နေနိုင်ရန် မြေမြှုပ်မိုင်းများ ရှင်းထားပြီးကြောင်း DKBA ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တဘက်နိုင်ငံ နယ်စပ်များတွင် နေထိုင်သည့် မြန်မာဒုက္ခသည်များ ပြန်လည် လာရောက် နေထိုင်နိုင်ရန်အတွက် မူလ မြေမြှုပ်မိုင်းများကို သေနတ်ဖြင့် ပစ်ကာ ဖောက်ခွဲ ရှင်းလင်းမှုများ ပြုလုပ်ထားကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူး ထွန်းထွန်းက ပြောသည်။

ပြည်တွင်းစစ်ကြောင့် ထိုင်း – မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေး ခိုလှုံနေသည့် ဒုက္ခသည်များက မြေမြှုပ်မိုင်းများနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေခြင်းကြောင့် လုံခြုံစိတ်ချစွာ ပြည်တော်ပြန်ရေး အတွက် မည်သို့ အစီအစဉ်များ ပြုလုပ်ထားကြောင်း မေးမြန်းခဲ့ရာ အထက်ပါ ပုဂ္ဂိုလ်က ထိုသို့ ပြန်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြန်လာဖို့အတွက် အပြည့်အ၀ အာမခံနိုင်ပြီလားဆိုရင် ကျနော်တို့ကတော့ ကျနော်တို့ထောင်ခဲ့တဲ့ လက်လုပ်မိုင်း တွေကို ပစ်ဖောက်ပြီး ရှင်းလင်းထားပါတယ်။ ဒုက္ခသည်စခန်းက တချို့လူတွေက စခန်းတွေမှာ ရိက္ခာအဆင်သင့် ရတယ်၊ ကိုယ့်အား ကိုယ်ကိုးပြီး လုပ်ကိုင် စားသောက်ချင်စိတ် မရှိကြတော့ဘူး။ အဲဒီအတွက် ပြန်မလာချင်တဲ့ သူတွေလည်း ရှှိပါတယ်” ဟု ဗိုလ်မှူး ထွန်းထွန်းက ပြောသည်။

ဖောက်ခွဲဖျက်ဆီးခဲ့သော မြေမြှုပ်မိုင်း အရေအတွက်ကိုမူ အထက်ပါ ပုဂ္ဂိုလ်က ဖြေကြားခြင်းမပြုပေ။

မြဝတီမြို့နယ် ဝေါ်လေမြို့နယ်ခွဲမှ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးရင်ကလည်း “ဒုက္ခသည် စခန်းကလူတွေကို ပြန်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီမှာ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေ လုပ်နိုင်တယ်။ ပြန်လာတဲ့ မိသားစုတွေအတွက် မြေဧက သောင်းကျော် ဖော်ထုတ်တာတွေ လုပ်နေတယ်။ နေစရာအတွက် ဖော်ထုတ်နေတဲ့ မြေဧက ၃ ထောင်၊ ၄ ထောင် ရှိတယ်” ဟု ပြောသည်။

ထို့အပြင် ပြန်လည် လာရောက်အခြေချမည့် စစ်ပြေးဒုက္ခသည် များအတွက် တအိမ်ထောင်လျှင် ပေ ၄၀၊ ပေ ၆၀ အိမ်ခြံ တကွက်အပြင်၊ တောင်ယာ မြေကွက်များကိုလည်း မိသားစု အရေအတွက်အလိုက် ချထားပေးရန် စီစဉ်ထားကြောင်း သူက ဆိုသည်။

သို့သော် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဆွေမျိုးသားချင်းများအား ပြန်မလာစေချင် သေးကြောင်း မြဝတီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာမှ ဒေသခံ ကရင်အမျိုးသားကြီး တဦးကပြောသည်။

“ပြန်မလာစေချင်သေးဘူး။ ဒီမှာနေရတာ ဘယ်အချိန် ဘာထဖြစ်မယ်မှန်း မသိ၊ စိုးရိမ်ပြီး နေနေရတာပါ။ အခုတော့ တိုက်ပွဲတွေ မဖြစ်တာ ၁ နှစ်၊ ၂ နှစ်လောက် ရှိပြီ။ ဒါပေမယ့် စိတ်ချလက်ချ မနေရဲသေးဘူး” ဟု သူက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ ကရင်ဒုက္ခသည် အများဆုံး ခိုလှုံနေထိုင်လျှက်ရှိသော မယ်လ ဒုက္ခသည်စခန်းတွင် ယခုလ ၁၉ ရက်မှ စတင်၍ အနာဂတ် အစီအစဉ်များနှင့် ပတ်သက်၍ စစ်တမ်း ကောက်ယူမှုများ ပြုလုပ်ခဲ့ကြောင်း စခန်းအတွင်းရေးမှူး စောအယ်ကလယ်က ဧရာဝတီသို့ ပြောသည်။

“ထိုင်းနိုင်ငံမှာပဲ နေချင်သလား၊ တတိယနိုင်ငံကို သွားချင်သလား၊ ကိုယ့်နေရပ်ကို ပြန်ချင်သလားဆိုတဲ့ မေးခွန်း ၃ မျိုးကို မေးပြီး အနာဂတ်အတွက် ဘာတွေ စဉ်းစားထားသလဲ ဆိုတာ ဝါမဝင်ခင် အပြီး စာရင်းကောက်မယ်။ မယ်လမှာ ဒုက္ခသည် ပေါင်း ၄ သောင်း ၇ ထောင်ကျော်ရှိပါတယ်” ဟု သူက ဆိုသည်။

နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ကာလအတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ရှိကြောင်း သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့တွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များနေ့၌ တရားဝင် ထုတ်ဖော် ပြောကြားသွားသည်။

လက်ရှိတွင် စစ်ပွဲများကြောင့် ပြည်တွင်း၌ လှည့်လည် ရှောင်ပုန်းနေရသော ဒုက္ခသည် (IDP) ပေါင်း ၄၄၆၀၀၀၊ စစ်ပွဲများ ကြောင့် နယ်စပ်တွင် ထွက်ပြေး နေရသော ဒုက္ခသည် (Refugee) ၃၅၀၀၀၀ ခန့်ရှိကြောင်း ဦးအောင်မင်းက ဆိုသည်။

UNHCR ၏ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ် အခြေအနေပြ အစီရင်ခံစာအရ တကမ္ဘာလုံးတွင် ဒုက္ခသည် ၁၅ သန်း ရှိသည့်အနက် စစ်ဘေးကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင် နေရသည့် ဒုက္ခသည် ၄ သိန်းကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ၎င်းတို့မှာ ထိုင်း၊ ဘင်္ဂလားဒေရှ်၊ အိန္ဒိယနှင့် မလေးရှားတို့တွင် ခိုလှုံနေရကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading