မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားသော သတင်း မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာနက လက်မခံနိုင်ဟု အကြောင်းပြန်လာပြီး ပြည်သူများ လေ့လာနိုင်ရန် အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြပေးရန် တောင်းဆိုမှုကိုလည်း ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနထံ တရားဝင် အကြောင်းကြားခဲ့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ၏ သတင်းမီဒီယာ ဥပဒေကြမ်း၌ လက်မခံနိုင်သော အချက် ၁၇ ချက်ပါဝင်ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်သည့်အတွက် ဝန်ကြီးဌာနနှင့် ညှိနှိုင်းခြင်းမပြုဘဲ ဥပဒေကြမ်း တင်သွင်းမည် ဆိုပါက အချိန် ကြန့်ကြာ သွားနိုင်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် အကြောင်းကြားလာကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
ထို့အပြင် သတင်းမီဒီယာ ဥပဒေကြမ်းကို အစိုးရ သတင်းစာများတွင် ဖော်ပြပေးရန် တောင်းဆိုမှုကို ပြန်ကြားရေး ဝန်ကြီး ဌာနက ငြင်းဆိုခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့သော မီဒီယာ ဥပဒေကြမ်းများကိုမူ အစိုးရပိုင် သတင်းစာ များတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပသော စာနယ်ဇင်းကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“ပြန်ကြားရေး ဘက်ကို တရားဝင် စာပို့ပါတယ်။ သူတို့က ဝန်ကြီးဌာနအနေနဲ့ အဆင့်ဆင့်သော လုပ်ငန်းတွေကိုဖြတ်ပြီး လွှတ်တော်က လက်ခံမှ တင်လို့ရတယ် ပြောတယ်။ သူတို့ တင်ခဲ့တဲ့ အများပြည်သူ ဝန်ဆောင်မှု ဥပဒေကြမ်းက ဒီလို လုပ်ခဲ့တာ မဟုတ်ဘဲ သတင်းစာထဲ ထည့်ထားတယ်” ဟု ဦးကျော်မင်းဆွေက ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော် ၃ ရပ်၊ သမ္မတ အကြံပေးအဖွဲ့၊ ရှေ့နေချုပ်ရုံး၊ နိုင်ငံတော် သမ္မတထံ အဆင့်ဆင့်တင်ပြ ညှိနှိုင်း လုပ်ဆောင်သွားရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။
“အဆင့်ဆင့် တက်သွားမယ်။ နောက်ဆုံး တက်ရောက်တဲ့ အပေါ် ဘာမှ ထူးမလာဘူးဆိုရင် စာနယ်ဇင်းကောင်စီမှာ ပါတဲ့ အဖွဲ့ဝင်တိုင်း နုတ်ထွက်သွားမယ်။ ကျနော်တို့ အနေနဲ့ ထိပ်တိုက် ရင်ဆိုင်တာမျိုး မလုပ်ချင်ဘူး။ ဒီမိုကရေစီ နည်းအရ ဖြေရှင်းသွားမှာပါ” ဟု ဦးကျော်မင်းဆွေက ဆက်ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် ၂၀၁၃ ဖေဖော်ဝါရီလက ပြန်ကြားရေးဝန်ကြီးဌာနမှ လွှတ်တော်သို့ တင်သွင်း ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို ညှိနှိုင်းမှုဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခွင့်ပြုခဲ့ပြီး စာနယ်ဇင်းကောင်စီ(ယာယီ) ၏ ပြင်ဆင်မှုအတိုင်းသာ လွှတ်တော်သို့ တင်ပြရန် ပြန်ကြားရေး ဝန်ကြီးဌာနက သဘောတူခဲ့ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) က သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) က ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကြမ်းနှင့်အတူ လွှတ်တော်သို့ တင်သွင်းရန် သဘောတူခဲ့သော်လည်း လက်တွေ့တွင် သဘောတူညီချက်များကို ပြန်ကြားရေးဝန်ကြီးဌာနက ချိုးဖောက်ခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးသီဟစောက ဆိုသည်။
ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းသည် ပုံနှိပ် ထုတ်ဝေလုပ်ငန်းများ မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အပါအဝင် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်ရန် ရည်ရွယ်ချက် မရှိဟု သူ၏ facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
“ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်း ကော်မတီက ပြည်သူ့လွှတ်တော်ကို ပြင်ဆင်ချက်များနဲ့ တင်သွင်း၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဝိုင်းဝန်း ဆွေးနွေးပြီး အတည်ပြုခဲ့တဲ့ ဥပဒေ ကြမ်းဟာ သက်ဆိုင်သူများရဲ့ အကြံပြုချက် အားလုံးကို ထည့်သွင်း စဉ်းစား ရေးဆွဲထားတဲ့ Version အသစ်ပဲ ဖြစ်ပါတယ်။ မူလ ဥပဒေကြမ်းက အချက် အတော်များများကို ပယ်ဖျက်ခဲ့သလို စာနယ်ဇင်းကောင်စီ အပါအဝင် ပြည်သူများရဲ့ အကြံပြုချက် များအရ ပြဋ္ဌာန်းချက် အသစ်တွေကိုလည်း ထည့်သွင်း ပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေကြမ်း ကော်မတီရဲ့ တင်ပြချက်များကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည် ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့ ဥပဒေကြမ်းဟာ အဘက်ဘက်က ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဌာနတခု၊ လူတဦး တယောက်ရဲ့ တိုက်တွန်းမှုကြောင့် မဟုတ်ပါဘူး” ဟု ဦးရဲထွဋ်က ပြောသည်။
ဦးကျော်မင်းဆွေက ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ရပ်သည် လူကြီးလူကောင်း မဆန်သော ကတိကဝတ် ချိုးဖောက်မှုဟု ပြောဆိုသည်။
“ကျနော်တို့ ညှိနှိုင်းမှုက လူကြီးလူကောင်းဆန်ဆန် ဆွေးနွေးခဲ့တာပါ။ အခု ဒီလိုလုပ်ပုံက လူကြီးလူကောင်း ဆန်တဲ့ ကတိကဝတ် တွေကို ချိုးဖောက်တာပဲလို့ ကျနော်တို့တတွေ ခံစားရပါတယ်” ဟု ဦးကျော်မင်းဆွေက ဆိုသည်။
ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၄ ရက်နေ့က အတည်ပြုလိုက်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)၊ မြန်မာနိုင်ငံ ဂျာနယ်လစ်များ ကွန်ရက် (MJA)၊ မြန်မာသတင်းသမဂ္ဂ (MJU) တို့က ကန့်ကွက်ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။