အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် တနင်္ဂနွေက ဗုံးပေါက်ကွဲခဲ့မှုအတွက် ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းစစ်ဆေးချက်အရ ဗုံးများကို ပေါက်ကွဲစေသော အမိုးနီးယမ်း နိုက်ထရိတ် ဓာတုဗေဒ အမျိုးအစားကို သုံးဆွဲထားကြောင်း သိရှိရသည်။
ကျွမ်းကျင်ပညာရှင်များက ၁၅၀ ဂရမ်နှင့် ဂရမ် ၂၀၀ ကြား အသီးသီး အသုံးပြုထားသော ဗုံးများသည် ဘုန်းတော်ကြီး ၂ ပါးကို ဒဏ်ရာရရှိစေခဲ့ပြီး ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ နေရာကို အဓိကဦးတည်၍ တိုက်ခိုက်သော ပထမဆုံး အကြမ်းဖက်မှုအဖြစ် ယုံကြည်ကြသည်။ မနက် ၅ နာရီ မိနစ် ၃၀ နာရီကို အချိန်ကိုက်ထားသော စလင်ဒါဗူးထဲတွင် သံတိုသံစများကို ထည့်ထားသည်ဟု သူတို့က ဆိုသည်။
တချိန်တည်းတွင် မသင်္ကာသူတဦးကို ထိန်းသိမ်းစစ်ဆေးနေကြောင်း ဘီဟာရဲတပ်ဖွဲ့က ပြောဆိုသည်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဗုဒ္ဓဘာသာဝင်များ အမြောက်အများ လာရောက်လည်ပတ်လေ့ရှိသော နေရာများအပါအဝင် ပြည်နယ် အားလုံးကို သတိရှိကြရန်နှင့် အရေးပါသည့်နေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားရန် သတိပေး တပ်လှန့်မှုများ ပြုလုပ်ထားသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနက ဗုဒ္ဓဘာသာရေး အဆောက်အဦးများ၊ တိဘက်လူမျိုးများ အခြေချနေထိုင်သည့် နေရာများနှင့် ဘာသာရေးနှင့်သက်ဆိုင်သော အခြားနေရာများတွင် လုံခြုံရေးတင်းကျပ်စွာချထားရန် ပြည်နယ် အားလုံးသို့ ချက်ချင်း အကြံပေးခဲ့သည်။
အဓိကမြို့ကြီးများဖြစ်သည့် ဒေလီ၊ မွန်ဘိုင်း၊ ကိုလ်ကတ္တာ၊ အာမီဒါဘတ်၊ ဘန်ဂလော၊ ဟိုင်ဒါဘတ် နှင့် ပူးနေး မြို့ကြီးများတွင် သတိပေးချက် အမြင့်ဆုံးထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပြည်နယ်အစိုးရများ အနေဖြင့် ၎င်းတို့၏ ထောက်လှမ်းရေးနှင့် လုံခြုံရေးအဖွဲ့များအား ဗုဒ္ဓဘာသာ လူဦးရေနှင့် အချက်အချာကျသည့် ဘာသာရေး အဆောက်အဦးများကို အလျှင်အမြန်ကာကွယ်ပေးနိုင်ရန် သေသေချာချာ ပြင်ဆင်ထားကြရန်လည်း အကြံပြု ခဲ့သည်။
အိန္ဒိယအစိုးရက “အကြမ်းဖက်လုပ်ရပ်” အဖြစ် သတ်မှတ်ခဲ့သည်။ ယခုထိ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ရှိကြောင်း မထုတ်ပြန်ကြသေးချေ။
အိန္ဒိယဝန်ကြီးချုပ် မိုဟာမက်ဆင်းက အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး “သည်းညည်းခံမည် မဟုတ်”ဟု ပြောဆိုသည်။
ဗုဒ္ဓဘာသာကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ အိန္ဒိယပြည် အကြမ်းဖက်တိုက်ခိုက်မှု သမိုင်းတွင် ရှားပါးသောကြောင့် အိန္ဒိယသတင်းစာများက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များအကြား ဆက်ဆံရေး တင်းမာမှုကို ထောက်ပြပြီး အိန္ဒိယ မူဂျာဟစ်ဒင်များက လက်တုန့်ပြန်မှု ဖြစ်နိုင်ကောင်းသည်ဟု ရေးသားနေသည်။
“အစ္စလမ် အစွန်းရောက်အဖွဲ့ တချို့က ဗုဒ္ဓဘာသာဝင်တွေနဲ့ သူတို့ဘာသာရေးအမြင်အရ နိုင်ငံခြားသားလို့ ထင်တဲ့သူတွေ ကို ဦးတည်တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ ထောက်လှမ်းရေးသတင်းတွေ ရရှိခဲ့ပါတယ်။ ဒါက ရိုဟင်ဂျာ မူဆလင်တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေကြားမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးပဋိပက္ခတွေကြောင့်လို့ ယူဆရပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိကြီးတဦးက သတင်းထောက်များကို တနင်္ဂနွေနေ့တွင်ပြောကြားခဲ့ကြောင်း The Hindu သတင်းစာက ရေးသားသည်။
“အရင်နှစ်က ပူးနေးမြို့ ဗုံးပေါက်ကွဲမှုတွေ အပြီးမှာ ဖမ်းဆီးမိခဲ့တဲ့ အိန္ဒိယ မူဂျာဟစ်ဒင်တွေက မြန်မာနိုင်ငံမှာ မူဆလင် တွေကို ကြမ်းတမ်းရက်စက်စွာ ဖိနှိပ်နေခြင်းကို လက်တုန့်ပြန်တဲ့ အနေနဲ့ ဗုဒ္ဓဂါယာက စေတီပုထိုးတွေကို ဦးတည် တိုက်ခိုက်ဖို့ အစီအစဉ် ရှိတယ်လို့ ဒေလီရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။ ဒီသတင်းကို ဘီဟားရဲတပ်ဖွဲ့ကိုလည်း ပေးပို့ထား ပါတယ်။ ဒီ ဖေါက်ခွဲမှုမှာ အသုံးပြုသွားတဲ့ နည်းလမ်းတွေနဲ့ သဘောသဘာဝတွေ အရကြည့်မယ်ဆိုရင် အိန္ဒိယ မူဂျာဟစ်ဒင် တွေ ရဲ့ လက်လုပ်ဗုံး ဖြစ်နိုင်ပါတယ်” ဟု ဆိုကြောင်းလည်း သိရသည်။
တချိန်တည်းတွင် အိန္ဒိယအခြေစိုက် မွတ်စလင်အဖွဲ့အစည်းများကလည်း ဗုဒ္ဓဂယာကို ဗုံးခွဲခြင်းသည် မလုပ်သင့်သော ကိစ္စဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ကြသည်။
သို့သော် Jamiat Ulama-i-Hind ၏ ဥက္ကဌ Maulana Qari Mohammad Usman Mansoorpuri က မြန်မာနိုင်ငံမှ လူမျိုးရေး ပဋိပက္ခများ နှင့် ဆက်စပ်၍ ဤသို့ လုပ်ခြင်းသည် ရိုဟင်ဂျာမူဆလင်များ၏ ဒဏ်ရာများပေါ်တွင် ဆားဖြင့်သွား၍ပွတ်လိုက် သည်နှင့် အတူတူပင်ဖြစ်ကြောင်းပြောသည်။ ထို့ပြင် ဗုံးပေါက်ကွဲမှုနှင့် မြန်မာနိုင်ငံမှ ဖိနှိပ်မှုများကို အလျှင်အမြန် ဆက်စပ် တင်ပြခဲ့သည့် မီဒီယာများကိုလည်း “တာဝန်မဲ့တဲ့ အပြုအမူ” ဟု ဝေဖန်ပြောဆိုလိုက်သည်။
အိန္ဒိယနိုင်ငံရှိ မွတ်စလင်အဖွဲ့များကို သြဇာလွှမ်းမိုးနိုင်သည့် အဖွဲ့တခုဖြစ်သော All India Muslim Majlis-e Mushawarat (AIMMM) အဖွဲ့ကလည်း ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုကို “လူမဆန်သော သူရဲပေါကြောင်သည့်လုပ်ရပ်” ဟု ရှုတ်ချလိုက်ပြီး “မြန်မာနှင့် ပတ်သက်သည်ဆိုသော ရှုထောင့်”မှ သုံးသပ်ခြင်းကိုလည်း ဝေဖန်ပြစ်တင်လိုက်သည်။
“တခြားနိုင်ငံက လူတချို့ရဲ့ မှားယွင်းတဲ့လုပ်ရပ်နဲ့ ပြစ်မှုတွေအတွက် ကျနော်တို့ နိုင်ငံထဲက အပြစ်မဲ့သူတွေကို တိုက်ခိုက် ရမယ်လို့ တောင်းဆို တိုက်တွန်းမှုတွေလည်း မရှိခဲ့ပါဘူး” ဟု AIMMM ၏ ဥက္ကဌ Dr. Zafarul-Islam Khan က ပြောသည်။
Jamiat Ulama-i-Hind အဖွဲ့က နိုင်ငံရေးနောက်ခံအကြောင်းပြု၍ အကြမ်းဖက်တိုက်ခိုက်ခြင်းကို ခွင့်လွှတ်၍ မရနိုင် ကြောင်းလည်းပြောသည်။
“စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးရလဒ်တွေအတွက် ဘာသာရေးဆိုင်ရာနေရာတွေကို အကြမ်း ဖက် တိုက်ခိုက်တာဟာ အိန္ဒိယလို ယဉ်ကျေးမှုစုံလင်တဲ့ နိုင်ငံအတွင်းမှာ သည်းခံနိုင်စရာ မရှိပါဘူး” ဟု ဥက္ကဌ Maulana Qari Mohammad Usman Mansoorpuri ဟုဆိုသည်။
AIMMM ၏ ဥက္ကဌ Dr. Zafarul-Islam Khan ကလည်း ဖေါက်ခွဲမှုကို ကျူးလွန်ခဲ့သူများသည် “အိန္ဒိယ မူဂျာဟစ်ဒင်များ ” ဖြစ်သည်ဟု အမည်တပ်ဖော်ပြခဲ့သည့် အတွက် “တာဝန်မဲ့မှု နှင့် အလျှင်စလိုကောက်ချက်ချမှုများ” ကိုစွန့်လွှတ်ကြရန် မီဒီယာများကို တောင်းဆိုလိုက်သည်။ “သင့်တော် မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု မလုပ်ဘဲနဲ့ လျှင်လျှင်မြန်မြန် အဖြေ ထွက်လာအောင် ဖိအားပေးတာမျိုးမရှိဘဲနဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့တွေ သူတို့ အလုပ် သူတို့လုပ်ပါစေ။” ဟု သူက ပြောသည်။
Dr. Zafarul-Islam Khan က စုံစမ်းရေးအဖွဲ့များအနေဖြင့် မျှမျှတတ ဖော်ထုတ်သက်သေပြပေးကြရန်လည်း တိုက် တွန်းလိုက်သည်။ “နောက်ပိုင်းကျမှ ဟိန္ဒူအစွန်းရောက်တွေရဲ့ လက်ချက်ပါလို့ ဖေါ်ထုတ်နိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ တိုက်ခိုက် မှုတွေမှာ မရေမတွက်နိုင်အောင် များပြားတဲ့ အပြစ်မဲ့ မူဆလင်လူငယ်လေးတွေကို အရင်ဖမ်းတဲ့ အဖြစ်မျိုးတွေ အများကြီး ကျနော်တို့ မြင်ခဲ့ရပါတယ်” ဟု သူကဆိုသည်။
ဗုဒ္ဓဂယာတွင် တနင်္ဂနွေ ဗုံးပေါက်ကွဲခဲ့မှု ဖြစ်စဉ် အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ဘီဟားရဲအဖွဲ့က စေတီတွင် တပ်ဆင်ထားသော ၁၅ လုံးခန့် ရှိမည့် လုံခြုံရေးကင်မရာများမ ှတဆင့် အခြားသဲ လွန်စများ ရှာဖွေသည်။ ပေါက်ကွဲမှု ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးကို နေရာမှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။
(၂) ဗုံးကျွမ်းကျင်သူတို့၏ အဆိုအရ ထိုဗုံးများသည် အာမီဒါဘတ် နှင့် ပူးနေး မြို့ ဖောက်ခွဲမှုများတွင် အသုံးပြုခဲ့သည့် ဗုံးများနှင့် အလွန်တူသည်ဟု သိရသည်။ ဗုံးများတွင် အချိန်မှတ်အဖြစ်နာရီ (စက်နာရီ) ကို အသုံးပြုထားပြီး မနက် ၅နာရီ ၃၀ မိနစ်တွင်ချိန်ကိုက်ထားသည်။ ထို့အပြင် ဗုံးတိုင်းတွင် ၁၅၀ မှ ၂၀၀ ဂရမ် အတွင်းရှိမည့် အမိုးနီးယမ်း နိုက်ထရိတ်ကို ဖောက်ခွဲရေး ပစ္စည်းအဖြစ် အသုံးပြုထားသည်ဟု ၎င်း တို့က ပြောသည်။
(၃) သတင်းရင်းမြစ်များ အဆိုအရ ဗုံးပေါ်တွင် အူရဒူ ဘာသာဖြင့် ရေးသားထားသည့် အမှတ်အသားများတွေ့ ရှိ ရသည်ဟု သိရသည်။ စာလုံးတလုံးက “ကြီးမြတ်သောဗုဒ္ဓ” ဟု အဓိပ္ပါယ်ရပြီး နောက်စာသားတခုက “ဘတ်စ်ကား” ဟု အဓိပ္ပါယ်ရသည်။ ရဲတပ်ဖွဲ့က ပထမစာလုံးသည် မဟာဗောဓိ ဗုဒ္ဓဆင်းတုကို ရည်ညွှန်းသည်ဟု သံသယရှိပြီး ဒုတိယစာလုံးမှာ ကမ္ဘာလှည့် ခရီးသည်များ စီးနင်းသည့် ဘတ်စ်ကားတစီး ကို ရည်ညွှန်းသည်ဟု ကောက်ချက်ချကြောင်း သတင်းရင်းမြစ်များက ပြောသည်။
(၄) ရဲအဖွဲ့မှ သံသယရှိသော အိန္ဒိယ မူဂျာဟစ်ဒင် တဦးဖြစ်သည့် Anwar Hussain Mallik ကို West Bengal ပြည်နယ်၊ Nadia ခရိုင်တွင် ဖမ်းဆီးခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှု ပေါင်းစုံအတွက် စစ်ဆေးနေသည်ဟု သိရသည်။ Mallik ကို ယမန်နေ့က ဖမ်းဆီးခဲ့စဉ် ၎င်းနှင့် အတူ ငွေစက္ကူအတု ရူပီး ၁၉၀၀၀၀ ကိုပါ သိမ်းဆည်းရမိခဲ့၏။ ရဲတပ်ဖွဲ့က သူ့ကို ၂၀၁၀ ခုနှစ်က ပူးနေး တွင်ဖြစ်ပွားခဲ့သည့် လူ ၁၇ ဦးသေဆုံးခဲ့သည့် ဂျာမန်မုန့်ဆိုင် ဖောက်ခွဲမှုကို ငွေကြေးထောက်ပံ့ခဲ့သည်ဟု သံသယ ရှိနေသည်။
(၅) ရဲတပ်ဖွဲ့က အိန္ဒိယ မူဂျာဟစ်ဒင်များကို ဖမ်းဆီးနေခြင်းနှင့် ဗုဒ္ဓဂယာ ဗုံးခွဲတိုက်ခိုက်မှုတို့ ဆက်စပ်ခြင်း မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
(၆) ဒေလီရဲတပ်ဖွဲ့က မဟာဗောဓိ စေတီကို အိန္ဒိယ မူဂျာဟစ်ဒင်များက တိုက်ခိုက်မည်ဟု ထောက်လှမ်းရေး သတင်းများ ရရှိနေ ကြောင်း လွန်ခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းကထဲက ဘီဟားရဲတပ်ဖွဲ့ကို သတိပေး ခဲ့သော်လည်း စေတီ တွင် လုံခြုံရေး လျော့နည်းခဲ့သည်။
(၇) သတိပေးချက်ရရှိပြီးနောက် စေတီတော် ထိန်းသိမ်းသူများက ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တဖွဲ့ကို ငှားရမ်းခဲ့ သော်လည်း ဘာသာရေးအရ အရေးပါပြီး ခရီးသွားများလည်း အများဆုံးရောက်လာတတ်သည့် နေရာကို လုံ ခြုံရေး မြှင့်တင်ရန် ဘီဟားရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသည်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဘီဟား ပြည်နယ်ဝန်ကြီးချုပ် Nitish Kumar က စေတီတော် လုံခြုံရေးအဖွဲ့ကို တရားစွဲဆို အပြစ်ပေးဖွယ် ရှိသည် ဟု ပြောကြား လိုက်သည်။
(၈) ပြည်ထဲရေးဝန်ကြီးဌာနက “အကြမ်းဖက်တိုက်ခိုက်မှု” ဖြစ်သည်ဟု ယမန်နေ့က အတည်ပြုကျေညာခဲ့သည်။ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) က တိုက်ခိုက်မှုကို ဖော်ထုတ်ရန်ကြိုးစားနေသည်။ ဗုဒ္ဓဂယာသို့ (NIA) အဖွဲ့တဖွဲ့ တနင်္ဂနွေနေ့ ညနေပိုင်းတွင်ရောက်ရှိလာခဲ့သည်။ အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့ (NSG) လည်း အတူပူးပေါင်းပါဝင် ဖော်ထုတ်မည်ဖြစ်သည်။