သတင်း

လက်ပံတောင်း အစီရင်ခံစာ အကောင်အထည်ဖော်ရေးအဖွဲ့ ထုတ်ပြန်ချက် ဒေသခံများ ကန့်ကွက်မည်

This article has been converted from Zawgyi One to Unicode

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် အစီရင်ခံစာကို အကောင်အထည်ဖော်မည့် ကော်မတီ၏ ယမန်နေ့က ထုတ်ပြန်ချက်အပေါ် ဒေသခံများက သဘောမတူ ကန့်ကွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း ဒေသရှိ ကျေးရွာပေါင်း ၂၆ ရွာမှ ရွာသူ ရွာသားများစုပေါင်းကာ လက်ပံတောင်း အစီရင်ခံ စာ အကောင်အထည်ဖော်မည့် ကော်မတီ၏ သတင်းထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးမှုကို ယနေ့ ညနေ စတင်ရန် စီစဉ်နေကြသည်ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင် က ဧရာဝတီ ကို ပြောသည်။

“တချို့အချက်တွေက သူတို့ ဆောင်ရွက်ပေးထားတာတွေ မရှိဘူးဆိုတာရယ်၊ ဒီအထဲမှာ မဆောင်ရွက်ဘဲနဲ့ ဖော်ပြ ထား တာတွေပေါ့၊ အဲဒါတွေ အပေါ် ဒေသခံတွေက ဒီဟာကို မကျေနပ်ကြဘူး”ဟု စစ်ကိုင်တိုင်း ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်သည့် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီအနေဖြင့် သိမ်းဆည်းလယ်ယာမြေများ စိစစ်ရေးအဖွဲ့၊ သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့၊ လူမှုစီးပွားဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်ရေးအဖွဲ့နှင့် သာသနိက အဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း အဖွဲ့ ဟူ၍ အဖွဲ့ ၄ ဖွဲ့ခွဲပြီး ဆောင်ရွက်နေကြောင်း ဇူလိုင် ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်းကော်မတီက စီမံကိန်းအတွက် သိမ်းဆည်း လယ်ယာများကို စိစစ်၍ လိုအပ်သည့် ပမာဏကိုသာ သိမ်းဆည်းပြီး ကျန် လယ်မြေများကို ကျေးရွာလူထုသို့ ပြန်လည် ခွဲဝေပေးရေး ဆောင်ရွက်ပေးနေကြောင်း၊ သိမ်းဆည်း မြေဧရိယာ ဧက ၇၈၀၀ ကျော်အနက် ထုတ်နုတ်ရမည့်ဧရိယာမှာ ဧက ၉၀၀ ကျော်ဖြစ်သဖြင့် စီမံကိန်းဧရိယာမှာ ဧက ၆၉၀၀ ကျော်သာ ကျန် ရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ပြန်လည် ခွဲဝေပေးရမည့် စိုက်ပျိုးမြေ ၂၈၃ ဧကအနက် ၂၂၃ ဧကကို ပေးအပ်ပြီးဖြစ်၍ ၇၉ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ယခင်က လျော်ကြေးငွေအဖြစ် သက်ဆိုင်ရာ စိုက်ပျိုးသီးနှံအလိုက် တဧကလျှင် ကျပ် ၅ သိန်းကျော်ရှိခဲ့ရာက ယခု လျော်ကြေးငွေ သက်ဆိုင်ရာသီးနှံအလိုက် တဧကလျှင် ၁၂ သိန်းကျပ်၊ ၁၅ သိန်းကျပ်နှုန်း ပေးလျော်ခဲ့ကြောင်း၊ မြေယာ လျော်ကြေး စုစုပေါင်း ကျပ်သိန်းပေါင်း ၂၇၉၈၇ ကျော် ပေးလျော်ပြီးဖြစ်၍ ၄၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းလည်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံ တုံကျေးရွာမှ မစန္ဒာက ယခု ကော်မတီက ဖော်ပြနေသည့် အချက်များအပေါ် ဒေသခံများအနေဖြင့် သဘောမတူကြောင်း၊ မြေယာနှင့် သီးနှံ လျော်ကြေး လက်ခံသူများသည် စီမံကိန်း အဆောက်အအုံ မြေနေရာများမှဖြစ်ပြီး စီမံကိန်း နယ်မြေ တွင်းက ဒေသခံ ၃ ပုံ ၂ ပုံသည် လျော်ကြေးငွေများ လက်ခံထားမှုမရှိကြောင်း ဧရာဝတီကို ပြောသည်။

“စာချုပ်အသစ်နဲ့ ပတ်သက်တာတွေလည်း ကျမတို့ ဒေသခံတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဘာမှ ချပြ ရှင်းလင်းပြောကြား လာ တာ အခုထိ မရှိသေးဘူး”ဟု သူက ဆိုသည်။

အကောင်အထည်ဖော်ရေး ကော်မတီက ပညာရေး၊ ကျန်းမာရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း လုပ်ဆောင် နေဆဲဖြစ်ကြောင်း၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ် စိစစ်မှု(EIA) ၊ လူမှုဘ၀ ထိခိုက်မှု ဆိုင်ရာ အကဲဖြတ် စိစစ်မှု(SIA) တို့ကိုလည်း သြစတြေးလျ နိုင်ငံအခြေစိုက် ကုမ္ပဏီတခုနှင့်အတူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လူမှုစီးပွား ထိခိုက်မှုတွေအတွက် ဒေသခံတွေကို ကောင်းကျိုးပေးသလား၊ ဆိုးကျိုး ပေး သလား ဆိုတာတွေလည်း ပြောပြခြင်း မရှိဘူး”ဟု မစန္ဒာက ပြောသည်။

အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်ပါ ဖော်ပြချက် အများစုကို မကျေနပ်ကြသည့် ဒေသခံ များ စုပေါင်းလက်မှတ်ရေးထိုးကာ လွှတ်တော်သို့ ဆက်လက်တင်ပြနိုင်ရေး ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်းလည်း သူက ပြော ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် လက်ပံတောင်း ကြေးနီ စီမံကိန်း စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တဦးလည်း ဖြစ်သည့် ဒေါ်ခင်စန်းလှိုင်က ယခုကဲ့သို့ လက်ပံတောင်း ကြေးနီစီမံကိန်း ဒေသခံများနှင့် စီမံကိန်းကို ဦးစီး လုပ်ကိုင်နေသော ဦးပိုင် နှင့် ဝမ်ပေါင် ကုမ္ပဏီများအကြား တင်းမာမှုများ ဆက်တိုက်ဖြစ်နေရခြင်းမှာ ဒေသခံများ၏ သဘောထား ဆန္ဒကို အလေးမထားခဲ့၍ ဖြစ်ကြောင်း ပြောသည်။

“ဒေသခံတွေရဲ့ အသံအရ သူတို့က ပြောနေတာတွေ မှန်ကန်မှုမရှိဘူးဆိုရင် ဒါကို ကျမတို့ မေးရတော့မယ့် တာဝန်ရှိနေပြီ။ မီးလောင်နေတာကို မီး ဘယ်လို ငြှိမ်းမလဲ ဆိုတာ ကျမတို့ စဉ်းစားကြရမယ်”ဟု သူက ဆိုသည်။

ဒေါ်ခင်စန်းလှိုင်က သူ့အနေဖြင့် ဒေသခံများ၏ ပြောဆိုချက်များကို နားထောင်ပြီး ကိုယ်တိုင်လည်း ကွင်းဆင်းလေ့လာကြောင်း၊ သို့အတွက် ယခု ကော်မတီ၏ ဖော်ပြချက်တချို့သည် လက်တွေ့နှင့် ကွဲလွဲနေသည်ကို တွေ့ရကြောင်းလည်း ဧရာဝတီကို ပြောသည်။

“ဒေသခံတွေရဲ့ အသံကိုလည်း နားထောင်နေတာရော၊ ကိုယ်တိုင် သွားကြည့်တာတွေ အရ အခု ဒီထဲမှာပါတာတွေ အကုန်လုံး ကတော့ မဟုတ်ဘူးဆိုတာ သိတယ်။ နည်းနည်းပါးပါး ဆောင်ရွက်တာတွေ ရှိတယ်။ တကယ့်ဟာတွေမှာ မဟုတ်ဘူးဆိုတာ ကျမတို့က သိနေတယ်”ဟု သူက ဆိုသည်။

ဒေါ်ခင်စန်းလှိုင်က ဆက်လက်ပြီး “ဥပမာ မြေတွေ ဖော်ထုတ်မယ်၊ နဂါးမောက်တွေစိုက်မယ်။ စပျစ်စိုက်မယ် ဆိုတာတောင်မှ ဒီနေရာတွေက ဒါတွေ စိုက်ဖို့ မြေပြန်ပြီး ၁၀ ဧကလောက် ဖော်တာတင်ကို တဧကကို ကျပ် သိန်း ၂၀ သိန်း ၃၀ ကုန်နေတာ၊ ဒါ သူတို့ လုပ်ပြဖို့ရာ လုပ်တာတောင်မှ နိုင်ငံတော် ငွေနဲ့တောင် သိန်း ၂၀၊ ၃၀ ကုန်နေတာဆိုတော့ ဘယ် လယ်သမားက ဒီပိုက်ဆံလောက်နဲ့ သူတို့ချပေးတဲ့ မြေနေရာမှာ ဘယ်လိုလုပ်ပြီး ဒါကို စိုက်ပျိုးနိုင်မလဲ”ဟု ရှင်းပြသည်။

အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအနေဖြင့် ပြည်သူယုံကြည်ကိုးစားမှု ရရှိရန် လိုအပ်ကြောင်းလည်း ဒေါ်ခင်စန်း လှိုင် က ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာကို မတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာ အကောင်အထည်ဖော်မည့် ကော်မတီကိုလည်း မတ်လ ၁၁ ရက်ကပင် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်း တာဝန်ပေး ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာ အကောင်အထည်ဖော်မည့် ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် သမ္မတရုံး ဝန်ကြီး ဦးလှထွန်း၊ ဒု ဥက္ကဋ္ဌ ၂ ဦးအဖြစ် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး နှင့် ဦးပိုင်တာဝန်ခံ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦိးပါဝင်သည်။

Loading