ယခု သီတင်းပတ်တွင် ထုတ်ဝေသော သတင်းဂျာနယ်များ၌ အမျိုးသားလွှတ်တော် အတွင်းရှိ တပ်မတော်သားများ ကိုယ်စားလှယ်ကြီးများ တရားဝင် သတိပေးခံရကြောင်း ဖတ်ရှုရ၍ များစွာ ဝမ်းနည်းမိပါသည်။ တချိန်တည်းမှာပင် ယခုကဲ့သို့ သတိပေးခံရခြင်းအပေါ် မည်သူ့တွင် တာဝန်ရှိသနည်းဟု ထပ်ဆင့်တွေးတောမိပါသည်။
ဤတပ်မတော်သား ကိုယ်စားလှယ်တော်ကြီးများမှာ ဆန္ဒပြသည့် သဘောနှင့် ဆိတ်ဆိတ်နေခဲ့ကြခြင်း မဟုတ်သည်မှာတော့ အသေအချာပင် ဖြစ်ပါသည်။ ဤသို့ ဆိုလျှင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး မေးသော သဘောတူ၊ မတူ မေးခွန်းကို မည်သည့်အတွက် အဖြေမပေးနိုင်ခဲ့ပါသနည်း။ အဖြစ်နိုင်ဆုံး အဖြေကို စဉ်းစားမိသည်မှာ သဘောမတူသင့်သည့် ကိစ္စကို သဘောတူမိပြီး၊ သဘောတူသင့်သည့် ကိစ္စကို သဘောမတူမိဘဲ ဖြစ်သွားမှာ စိုးရိမ်သောကြောင့် အဖြေမပေးခဲ့ခြင်းဟု ထင်မြင် ယူဆမိပါသည်။ မိမိတို့ စစ်သင်တန်း တလျှောက်လုံး တခါမှ လေ့ကျင့်သင်ကြား ပေးမထားသော၊ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေဆိုင်ရာ အချက် ၂၀ ကို မည်ကဲ့သို့ စိတ်ချစွာ ဖြေဆိုနိုင်ပါမည်လဲ။
ကျနော်သာ ဆိုလျှင်လည်း “ကျနော် နားမလည်ပါ”၊ သို့မဟုတ် “ဥက္ကဋ္ဌကြီး ရှင်းပြပေးပါ”၊ သို့မဟုတ် “နောက်မှ အဖြေ ပေးခွင့်ပြုပါ” ဟု ပန်ကြားမိမည် ဖြစ်ပါသည်။
သို့သော် တပ်မတော်သား ကိုယ်စားလှယ်ကြီးများမှာ ဤသို့ ဖြေဆိုခွင့်၊ မေးခြန်းခွင့်၊ ရှောင်လွှဲခွင့် ရှိကြဟန် မတူပါ။ ထို့ကြောင့် အကောင်းဆုံးက ကိုယ်နှင့် မဆိုင်သလို နေလိုက်ခြင်း ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပုံရသည်။ ဤအတွက် တပ်မတော်သား ကိုယ်စားလှယ်ကြီးများတွင် တာဝန်ရှိ၊ အပြစ်ရှိသည်ဟု ကျနော့်အနေဖြင့် လုံး၀ မယူဆပါ။
တပ်မတော်သား ကိုယ်စားလှယ်ကြီးများမှာ တာဝန်မရှိဘူး ဆိုလျှင် မည်သူ့တွင် တာဝန်ရှိပါသလဲ။ ကိုယ်စားလှယ်တော်များ မဖြေဆိုနိုင်သော မေးခွန်းကို မေးခဲ့သော လွှတ်တော် ဥက္ကဋ္ဌကြီးမှာ တာဝန်ရှိပါသလား။ မေးခွန်းများကို မဖြစ်မနေ ဖြေဆိုမည့် ကိုယ်စားလှယ်များကို ရွေးချယ်စေလွှတ် မပေးခဲ့သော ကာကွယ်ရေး ဦးစီးချုပ်တွင် တာဝန်ရှိပါသလား။ တပ်မတော်သားများကို သူတို့နဲ့ မသက်ဆိုင်သော လွှတ်တော်တွင်းသို့ အတင်းဆွဲသွင်းပေးခဲ့သော အခြေခံဥပဒေ ရေးဆွဲသူတို့တွင် တာဝန်ရှိပါသလား။
မည်သူ့တွင် တာဝန်ရှိသည် ဖြစ်စေ ဤဖြစ်ရပ်မျိုး နောင်တွင် မဖြစ်ပေါ်ရအောင် နည်းလမ်း ရှာဖွေရပါတော့မည်။ မဖြစ်မနေ အဖြေပေးရတော့မည်ဆိုလျှင် တိုင်းပြည်အတွက် အရေးပါသော အဆုံးအဖြတ်တခုကို တပ်မတော်သား ကိုယ်စားလှယ်များက လွတ်လပ်စွာ လက်တန်း အဖြေပေးသင့်ပါသလား။ ပြည်သူထူထုကိုလည်း ကိုယ်စားမပြု၊ အကြောင်းအရာကိုလည်း အပြည့်အစုံ နားမလည်သော ကိစ္စများတွင် အစိုးရ ဝန်ထမ်များသာ ဖြစ်သော တပ်မတော်သား ကိုယ်စားလှယ်များသည် ယခုကဲ့သို့ ဆိတ်ဆိတ်နေ၍ ကြားနေခြင်းက ပိုမိုသင့်မြတ်မည်လား၊ စဉ်းစားသင့်ပါသည်။
ယခင် သီတင်းပတ်ကလည်း ပြည်သူ့လွှတ်တော်ကြီးက တခဲနက် ဆုံးဖြတ်ခဲ့သော ဆက်သွယ်ရေး ကုမ္ပဏီ ရွေးချယ်မှု ကိစ္စကြီးတွင် ဆက်သွယ်ရေးဝန်ကြီးက ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်သောအခါ အမှန်အတိုင်း ပြန်လည် ဆုံးဖြတ်နိုင်ခဲ့ပါသည်။ မူလ အဆိုတင်သွင်းသူ၏ စေတနာ မှန်၊ မမှန်ကိုပင် အခြား ကိုယ်စားလှယ်တဦးက မေးခွန်းထုတ်ခဲ့ကြောင်း ကြားသိရပါသည်။ ဤဖြစ်ရပ်ကို ကြားသိရသော ပြည်သူတယောက် အနေဖြင့် ဘုရားတမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ အခြားနိုင်ငံ လွှတ်တော်များကဲ့သို့ နောက်ခံ ထောက်ကူပြုအဖွဲ့များ အလုံအလောက် ထားရှိမပေးနိုင်ပါက အလားတူ သည်းထိတ်ရင်ဖို ဖြစ်ရပ်များ အနာဂတ်တွင်လည်း ကြုံတွေ့နိုင်ပါသည်။
တပ်မတော်သား ဆိုသည်မှာ ရှေ့တန်းစစ်မျက်နှာ၌ အခြေအနေကို တမုဟုတ်ခြင်း သုံးသပ်ဆုံးဖြတ်ရသော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ မိမိ၏ အသက်ကို ရင်းရမည့် ကိစ္စတွင် လျှပ်တပြက် မှန်ကန်စွာ ဆုံးဖြတ်နိုင်ပြီး တိုင်းပြည်အရေး ဆုံးဖြတ်ခိုင်းတော့မှ ရူးချင်ယောင်ဆောင် နေ၍ မရပါ။ တိုင်းပြည် အနာဂတ်ကို နံကြားထောက်၍ ဆုံးဖြတ်ချက် မပေးသင့်။
မြန်မာနိုင်ငံအတွက် သင့်ေတော် ကောင်းမွန်သော ဥပဒေအသစ်များ ပေါ်ထွန်းလာရေးတွင် တပ်မတော်သားများ ပါဝင်ဆောင်ရွက်မည် ဆိုပါက ဤနေရာတွင် တပ်မတော်သားများ၏ အရည်အသွေး အရည်အချင်းကောင်းများကို ပြန်လည် လေ့လာ စဉ်းစားသင့်ပါသည်။
တပ်မတော်သားများသည် အထက်က ပေးအပ်သော အမိန့်နှင့် တာဝန်ကို ဦးလည်မသုန် ထမ်းရွက်တတ်ပါသည်။ မိမိအသက်၊ မည်သည့် အသက်ကိုမျှ ပမာမထား၊ ဥပဒေကိုပင် မငဲ့ကွက်ဘဲ ကြိုစားထမ်းရွက်တတ်သကဲ့သို့ မိမိနှင့် မတူကွဲပြားသူများနှင့် ဆက်ဆံနေရသော ပတ်ဝန်းကျင်မျိုးတွင် သတိကြီးစွာထား၍ သံသယဖြစ်လာလျှင် လက်ဦးအောင် အပြတ်ရှင်းတတ်ပါသည်။ အခြေအနေကိုလည်း မိမိလက်ထဲတွင် အမြဲထိန်းချုပ်နိုင်အောင် ထားတတ်သည်။ တရုတ် စစ်ရေး ပါရဂူ ဆွန်ဇု၏ အဆိုအရ စစ်ရေး၏ အခြေခံမှာ လှည့်ဖြားခြင်းဟု ဆိုသည့်အတိုင်း လှည့်ဖြားနည်း မျိုးစုံလည်း ကျွမ်းကျင်ကြရပါသည်။
တိုင်းပြည်အတွက် အမှန်တကယ် အရေးပေါ် လိုအပ်နေသော နိုင်ငံရေးသမား၊ အုပ်ချုပ်ရေးသမား၊ လွှတ်တော်အမတ်များမှာ မည်သည့်အမိန့်ကိုမျှ စောင့်မျှော်မနေဘဲ ပြည်သူလူထု အကျိုးကို ရှေးရှု၍ ရိုးသားစွာ ဥပဒေဘောင်ကို တိကျစွာ လိုက်နာ ဆောင်ရွက်မည့်သူများ ဖြစ်ပါသည်။
သဘောထားအမြင် မတူသူများနှင့် လက်တွဲ၍ လွတ်လပ်စွာ ဆုံးဖြတ်၊ သုံးသပ်တတ်သူများ ဖြစ်ပါသည်။ အတိအကျဆိုရလျှင် “စစ်ရေးအမြင် ကင်းရှင်းသူများ” ဖြစ်ပါသည်။
သို့သော် ယနေ့ မြန်မာ့တပ်မတော်နှင့် တပ်မတော်သားဟောင်းကြီးများသည် လွှတ်တော်ထဲတွင်လည်း ရှိနေပါသည်။ အစိုးရအဖွဲ့ကိုလည်း ဦးဆောင်နေပါသည်။ နိုင်ငံရေး နယ်ပယ်ထဲတွင်လည်း နေရာမလပ် ရှိနေကြပါသည်။ ၎င်းတို့အားလုံးကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင် ပြုလုပ်ကြပါဦးမည်။ တခုခု လွဲနေသလို ထင်မိပါသည်။
လွဲနေတာ ရှိလျှင် မှန်အောင် ပြင်နိုင်ပါသည်။ ကံကောင်းသည်က မြန်မာ့တပ်မတော်သည် ပြင်ဆင်ရလွယ်ကူသော ရိုးစင်းသော တပ်မတော်ဖြစ်နေခြင်းပင်။ အမှားကို တွေ့လျှင် အမှန်ကို ပြင်ဆင်ဖို့ ဝန်မလေးခြင်း ဖြစ်သည်။
၁။ အမှားရှိလျှင် အမှားကို အမှားမှန်း အသိအမှတ်ပြု လက်ခံရပါမည်။
၂။ အခြေအနေမှန်ကို လေ့လာ၍ အဖြေမှန်ကို ရှာဖွေရပါမည်။
၃။ ပြုပြင်ပြောင်းလဲရေးကို စနစ်တကျ လုပ်ဆောင်ရပါမည်။
ဥစ္စာရင်လို ဥစ္စာရင်ခဲ ရမည်။ No pain, no gain ဟု ဆိုသော်လည်း အမှန်ကို ကိုယ်တိုင် လက်ခံရန် တွန့်ဆုတ်တတ်ပါသည်။ လုပ်ရဲသော်လည်း မခံရဲသူများ ရှိပါသည်။ လိုအပ်သော ပံ့ပိုးမှုများ ဖြည့်ဆည်းပေးရမည်မှာ အမှန်ပင် ဖြစ်သည်။ အရေးကြီးသည်က အစားထိုးရေး ပြဿနာ ဖြစ်သည်။ တမိုးလုံး ဖျောက်ဆိပ် ဖြစ်နေသော တပ်မတော်သားများကို နိုင်ငံရေးနယ်ပယ်ထဲက ဆွဲထုတ်ရမည်ဆိုလျှင် ရိုးသားသော၊ ထိုက်တန်သည့် အရပ်သား နိုင်ငံရေးသမားများ မည်မျှ အဆင့်သင့် ဖြစ်နေကြပြီလဲ။
ပြည်သူလူထုကြီးက ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စုပြုံ မဲပေးကြလိမ့်မည်ဟု ခန့်မှန်ပြောဆို နေကြသည်။ NLD ပါတီကြီးက လွှတ်တော် အဆင့်ဆင့်အတွက် အရည်အချင်းပြည့် အမတ်တွေ ရှာဖွေဖော်ထုတ်၊ အဆင်သင့် လုပ်ထားနိုင်ပြီလား။ သို့မဟုတ် ထိုကဲ့သို့ ဒေါင်ဒေါင်မြည်လာဖို့ ရွေးကောက်ပွဲ ဘယ်နှကြိမ်ကြာမည်လဲ၊ စောင့်ရမည်လဲ။ NLD ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ (CEC) က ၂၀၁၅ အပြီး လွှတ်တော်အသီးသီးနဲ့ အစိုးရအဖွဲ့အစည်း အဆင့်ဆင့်မှာ တာဝန်ယူဖို့ စီမံကိန်း၊ စီမံချက်တွေ ရေးဆွဲ အကောင်အထည် ဖော်နေပြီးလား။
ခေါင်းငြိမ့်၊ ခေါင်းခါ မလုပ်တတ်လို့၊ တပ်မတော်သားများကို လွှတ်တော်ထဲက ဆွဲထုတ်ဖို့ ခက်ခဲသည်ဆိုလျှင် စစ်ရေးအမြင် ကင်းရှင်းသော အရည်အချင်းမြင့် နိုင်ငံရေးသမားများ လွှတ်တော်တွင် ဖြည့်တင်းရေးက များစွာ ပိုမို ခက်ခဲပါသည်။ အရည်အချင်းမြင့် အုပ်ချုပ်ရေးသမားများဖြင့် အစိုးရဖွဲ့ဖို့ များစွာ ပိုမို ခက်ခဲပါမည်။
“ဟုတ်ကဲ့” ပြော၊ ခေါင်းညိတ်တတ်ရုံဖြင့် တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်လို့ မရနိုင်မှန်း နားလည်နေကြပါပြီ။ ကိုယ်နဲ့ နီးစပ်သူ၊ ကိုယ် ယုံကြည်သက်ဝင်သူများကိုသာ တာဝန်ပေးနေလျှင် တကယ် အရည်အချင်း မြင့်သူများ အထူးလိုအပ်နေသော ယခုအချိန်မျိုးတွင် တိုင်းပြည်အတွက် အထူးနစ်နာပါလိမ့်မည်။
ကြီးလေးသော တာဝန်ကြီးများကို ထမ်းဆောင်ခဲ့ကြပြီးလို့ လွှတ်တော် တဝက်ခရီးသို့ပင် ရောက်နေလာခဲ့ပါပြီ။ တဆင့် ပြောင်းလဲလာသော အခြေအနေနှင့် လိုက်လျောအောင် လုပ်နည်းလုပ်ဟန်များလည်း ပြောင်းလဲရမည့် အချိန်ဖြစ်ပါသည်။ ယခု တကြိမ်က “မူ မပြောင်း၊ လူ ပြောင်းရမည့် အချိန်” ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး သံယောဇဉ်များကို ခေတ္တဘေးဖယ်၍ လူသစ်တွေ မလဲလှယ်နိုင်ကြလျှင် ရှေ့တဆင့် တက်လှမ်းရေးသည် တုန့်နှေးရပ်တန့်သွားမှာ စိုးရိမ်နေကြရပါသည်။
သမ္မတ ဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ ကမ္ဘာနဲ့ အဝှမ်းက ချီးမွမ်း ထောပနာပြုတာတွေ ခံရလောက်အောင် ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်၏ လုံ့လ ဝီရိယ ဇွဲ သတ္တိ စွန့်လွှတ်မှုတို့မှာ ချီးမွမ်းမကုန် ရှိခဲ့ပါသည်။
ထိုအချိန်မျိုးတွင် တဦးတည်း သိပ်ထူးချွန်ပါက ဖြစ်လေ့ဖြစ်ထ ရှိသကဲ့သို့ တပ်ဦးကျွံ၍ ဝိုင်းရံပိတ်ဆို့မှု ခံရတတ်ပါသည်။ ထိုသို့ မခံရအောင် လူရင်း လူယုံများက ဝိုင်းရံကာဆီးလိုက်သော အခါမှာလည်း ပြည်သူလူထု အများနှင့် အဆက်ပြတ်သွား တတ်သည်။ အထူးသဖြင့် ယခုလို အပြောင်းအလဲ ကာလမျိုးတွင် စွမ်းဆောင်ရည်မြင့်သော ပုဂ္ဂိုလ်အများအပြား ဝိုင်းရံ ပူးပေါင်းခွင့်ရအောင် လူယုံများ၏ ပိတ်ဆို့ကာကွယ်ခြင်းမှ ကျော်လွန်ဖောက်ထွက်ဖို့ နည်းလမ်းကို ရှာရန်လည်း လိုအပ်ပါသည်။
ပါတီတွင်း ပါတီပ လုပ်ငန်းများတွင် ပံ့ပိုးမည့် အင်အားစု အများအပြားလိုသကဲ့သို့ လွှတ်တော်တွင်း၊ လွှတ်တော်ကော်မတီတွင်း၌ အင်အားဖြည်တင်းရန် လွှတ်တော်ဖွဲ့စည်းပုံကိုလည်း အထူးအမြန် ပြင်ဆင်ရန် လိုအပ်ပါသည်။
မှန်ကန်သော ဖွဲ့စည်းပုံ ဥပဒေအရပ်ရပ်ကို ပြင်ဆင်နိုင်မှသာလျှင် တိုင်းရင်းသားများ၊ ဒီမိုကရေစီပါတီများ၊ ပြည်ခိုင်ဖြိုး အင်အားစုများနှင့် တပ်မတော်သားများ အဆင်ပြေစွာ ရှေ့ဆက် တက်လှမ်းနိုင်မည်ဟု ရိုးသားစွာ ယုံကြည်မိပါသည်။
(စာရေးသူ ဆွေလင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတဦး ဖြစ်သည်။)