ကလေးငယ်များ သွေးလွန်တုပ်ကွေးဝေဒနာ ခံစားရပြီး သွေးလန့်ခြင်းအတွက် ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆေးဝါးများ လိုအပ်သည်ထက် ပိုမို ဖြည့်တင်းထားပြီဖြစ်ရာ ငွေကြေး အဆင်မပြေမှုကြောင့် ဆေးရုံ အရောက်နောက်ကျခြင်း မဖြစ်စေလို ကြောင်း ရန်ကုန် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ဧရာဝတီသို့ ပြောသည်။
“မိဘတွေကို မှာချင်တာက နိုင်ငံတော်က ဆေးဝါးနဲ့ ပတ်သက်လို့ အလုံအလောက် ဖြန့်ဖြူးပေးထားတာ ရှိတယ်။ ကလေး ဆေးရုံမှာ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်တဲ့၊ ဆေးသွင်း ကုသရမယ့် ဆေးပုလင်းတွေ လုံလောက်တာထက် ပိုလျှံပြီး ရှိတယ်။ ဆေးသွင်းပြီး ကုသရမယ့် ငွေရေးကြေးရေး ကုန်ကျစရိတ် မလိုဘူး။ ဒါကြောင့် ဆေးရုံသွားရင် ငွေကုန်မှာပဲ ဆိုပြီးတော့ ဒီ သွေးလွန်တုပ်ကွေး အတွက် ငွေရှာပြီးမှ မလာပါနဲ့၊ စိတ်ပူတယ်ဆိုရင် ချက်ချင်းသာ လာခဲ့ပါ” ဟု ဒေါက်တာ သန်းထိုက်က ပြောသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကို ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ယခု ၂၀၁၃ ခုနှစ် အတွက် ကျပ် သိန်း ၁၅၀၀ ချထားပေးကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ သွေးလွန်တုပ်ကွေး ဋ္ဌာနစိတ်မှ သိရသည်။
“သွေးလွန်တုပ်ကွေးက ၄ နှစ်တကြိမ် အဖြစ်များတယ်။ ဒီနှစ်နည်းနည်း အဖြစ်များတဲ့ အတွက် နိုင်ငံတော်က ဘတ်ဂျက်နဲ့ ရေထဲမှာခပ်တဲ့ အဘိတ်ဆေး ခတ်ဖို့နဲ့ ဆေးမှုတ်ဖို့ ဘတ်ဂျက် ချပေးတယ်” ဟု သွေးလွန်တုပ်ကွေး ဌာနစိတ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအေးက ပြောသည်။
သွေးလွန်တုပ်ကွေး ရောဂါကြောင့် နောက်ဆက်တွဲ သွေးလန့်ခြင်း လက္ခဏာသည် ၂၄ နာရီမှ ၄၈ နာရီအထိ ကြာတတ်ပြီး စောလျဉ်စွာ ကုသမှု မရရှိပါက အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ရာ၊ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ပေးရန် လိုအပ်ကြောင်း ရန်ကုန် ကလေးဆေးရုံမှ ဆေးရုံအုပ်ကြီးက ပြောသည်။
“နောက်ကျပြီး မလာနဲ့၊ နေ့နေ့ ညညမရွေး ချက်ချင်း လာခဲ့စေချင်တယ်။ သွေးလန့်တဲ့ လက္ခဏာတွေ ရှိရင် မစောင့်ပါနဲ့။ ချက်ချင်း လာပါ။ ညမိုးချုပ်နေပြီ၊ ဒီအချိန်သွားလည်း ဆေးရုံမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ မနက်ကျမှ သွားမယ် မလုပ်ပါနဲ့။ စပြီး သွေးလန့်တဲ့ အချိန်နဲ့ စနစ်တကျ ဆေးသွင်းကုတဲ့အချိန်က ဝေးလေလေ၊ ကြာလေလေ ကလေးသေဖို့ များလေလေပဲ။ ၁၂ နာရီကျော် သွားရင် သိပ်မကောင်းဘူး။ ၂၄ နာရီကျော်သွားရင် မကောင်းဘူး။ ၄၈ နာရီ ကျော်သွားရင်တော့ သေဖို့ များသွားပြီ” ဟု ဒေါက်တာသန်းထိုက်က ရှင်းပြသည်။
သွေးလွန်တုပ်ကွေးကြောင့် အပြင်းအထန် ဖျားနေသည့် အချိန်သည် အသက်အန္တရာယ် စိုးရိမ်ရသောအချိန် မဟုတ်သေးဘဲ၊ ရုတ်တရက် အဖျားကျပြီးနောက် ကလေးငယ်၏ ဒူးခေါင်းနှင့် တံတောင်ဆစ် အောက်ပိုင်း ခြေနှင့် လက်များ အေးစက်စေးထန်း နေခြင်း၊ ဆီးသွားနည်းလာခြင်း၊ အဖျားကျသွားသော်လည်း ကလေးသဘာ၀ ဆော့ခြင်း၊ အစာစားခြင်းများ မပြုလုပ်ခြင်း၊ မကြာ ခဏ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ နားနှင့်နှာခေါင်းမှ သွေးလျှံခြင်း၊ အရွယ်မတိုင်မီ ရာသီသွေးဆင်းခြင်း၊ အမည်းရောင် ဝမ်း သွားခြင်းများ၊ ခန္ဓာကိုယ် အနှံ့တွင် အနီစက်များ ပေါ်လာခြင်းတို့သည် အသက်အန္တရာယ် စိုးရိမ်ရသော သွေးလန့်ခြင်း လက္ခဏာများ ဖြစ်ကြောင်း သိရသည်။
သွေးလွန်တုတ်ကွေး သွေးလန့်ခြင်းကြောင့် ၁ ပတ်ကြာဆေးရုံ တက်ခဲ့ရသည့် ၈ နှစ်အရွယ် ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်တင်နွယ်ဦးက “သမီးလေး ဆေးရုံတက်ရတာ ၁ ပတ်တိတိ ကြာတယ်။ နှာခေါင်းသွေးလျှံတဲ့ အဆင့်အထိ ဖြစ်တယ်။ ဆရာဝန်တွေ၊ ဆရာမတွေ အရမ်းကို ဂရုစိုက်တယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဆေးသွင်းဖို့အတွက် ဆေးဝယ်စရာ မလိုဘူး။ ဆေးရုံက ဆေးတွေနဲ့ပဲ ကုပေးတယ်။ ဆေးရုံမှာ မရှိတဲ့ ဆေးတချို့လောက်ပဲ အပြင်ဆိုင်မှာ ဝယ်ရတယ်။ တပတ်လုံးမှာမှ ဆေးဖိုး ကျပ် ၂ သောင်းလောက်ပဲ ကုန်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ ပြီးခဲ့သည့် ဇွန်လကုန်အထိ ရန်ကုန် ကလေးဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေး ရောဂါကြောင့် တက်ရောက် ဆေးကုသခံခဲ့သူ ၁၇၂၇ ဦးရှိပြီး သေဆုံးသူ ၇ ဦး ရှိခဲ့ကြောင်း သိရသည်။