သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲကို ယခုဇူလိုင်လတွင် ကျင်းပရန် လျာထားသော်လည်း “လတ်တလော အခြေအနေများ အရ” ကျင်းပရန် မသေချာတော့လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းနဲ့ နီးစပ်ပတ်သက်သူတွေက ဆိုကြပါတယ်။
ဧရာဝတီက စုံစမ်းလေ့လာမိသမျှ သမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲကို ယခုလ ကျင်းပဖို့ စီစဉ်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ၊ အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာနဲ့ ကလင်တန် တို့ကပါ တက်ရောက်ဖို့ ပြင်ဆင်မှုတွေ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် သမ္မတရဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ တကယ်ဖြစ်လာနိုင်ဖို့ အချိန်ယူဖြေရှင်းရမယ့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်ချက်တွေ ကြုံနေရပါပြီ။
အုပ်ချုပ်ရေးအဖွဲ့ကချည်း သီးသန့်အထူး အကောင်အထည်ဖော်ရုံနဲ့ မပြီးတော့ဘဲ ဥပဒေပြုရေးနဲ့ စစ်ဘက်တို့ကပါ သဘောတူနိုင်မှ၊ ဒီထက်ပိုလို့ တိုင်းရင်းသား လူမျိုးစုံ အဖွဲ့တွေကပါ ယုံကြည်သက်ဝင်နိုင်မှ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်မြောက်ရေး ရှေ့ဆက်နိုင်မယ်ဆိုတာ ပြီးခဲ့တဲ့ ရက်များအတွင်းက အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ငြိမ်းချမ်းရေးဆွေးနွေးမှု ဥပဒေနှင့်မညီလျှင် ဘေးထွက်ဆိုးကျိုးရှိ နိုင်ကြောင်း ပြောဆိုပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူခဲ့ကာ လွှတ်တော် ကိုယ်စားလှယ် များ အပါအဝင် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအတွက် ပြည်ပ ထောက်ပံ့ငွေများကိုသာ မှီခိုမနေဘဲ ပြည်သူ့ဘဏ္ဍာများ အသုံးပြုရေး ဆိုတဲ့ မူဝါဒများကို ချမှတ်ခဲ့ခြင်း၊ သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့ က ဖွဲ့စည်းခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဗဟိုကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ ပြင်ဆင်ဖွဲ့စည်းသော အမိန့်တရပ်ကို ဇူလိုင် ၆ ရက်နေ့က ထပ်မံထုတ်ပြန်ခဲ့ခြင်းတို့က သမ္မတဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းကြားမှာ နိုင်ငံရေးအရ အာဏာပြိုင်ဆိုင်မှုတွေကို ထင်ဟပ်နေတာလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဒါပေမယ့် သူရဦးရွှေမန်းက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ဆန္ဒပြင်းပြတယ်လို့ နားလည်ခဲ့တာမို့ ပြန်ပြင်ဖွဲ့တဲ့ ငြိမ်းချမ်းရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေးပါတီ ဒု-ဥက္ကဌ ဦးဌေးဦး တို့ ၂ဦး ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကာလုံအစည်းအဝေးအပြီး ကြေညာတဲ့ ဒီအဖွဲ့မှာ သူတို့မပါဝင်လာခဲ့လို့ အံ့အားသင့်ခဲ့ရတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းနဲ့ နီးစပ်သူတဦးက ဧရာဝတီကို ပြောပါတယ်။
“မျှော်လင့်ခဲ့တာက ဒေါ်အောင်ဆန်းစုကြည် နာမည်၊ ဦးဌေးဦးနာမည်တွေကို တင်သွင်းတယ်လို့ ကြားရတာ။ ကာလုံက ၂ ခါ ခေါ်ပြီးတဲ့အချိန်ဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည် နာမည်၊ ဦးဌေးဦး နာမည်တွေများ ပါမလားလို့ ပြည်သူလူထုမှာ မျှော်လင့်တာပေါ့။ ဒါပေမယ့် အခုကျတော့ ဦးသိန်းဇော်ကိုပဲ ထားတာ ဖြစ်တဲ့အတွက် ဒါက လွှတ်တော်ရဲ့ ရွေးချယ်မှု၊ ဦးရွှေမန်းရဲ့ ရွေးချယ်မှုပေါ့။ ဘာမှ သိပ်မထူးဘူး။ တကယ်လို့ သူရဦးရွှေမန်း ကသာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ကော်မတီမှာ ထည့်သွင်းလာရင် သမ္မတဘက်က လက်မခံလို့ မရဘူး။ ဒါပေမယ့် အခုအဲလိုမဖြစ်လာဘူး ဆိုတော့ သူရဦးရွှေမန်း ကိုယ်တိုင် ဒီလို မတင်သွင်းခဲ့ဘူး ဆိုတာ သေချာတာပေါ့” လို့ ငြိမ်းချမ်းရေး ကော်မတီနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူတဦးက ဧရာဝတီကို ပြောပါတယ်။
ဒါပေမယ့် ဦးရွှေမန်းက နာမည်စာရင်း တင်သွင်းခဲ့ပြီး ဦးသိန်းစိန်က လက်ခံခဲ့ရင်တောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ကျန် ကာလုံအဖွဲ့ဝင်အားလုံးက လက်ခံ မခံ၊ ဒါမှမဟုတ် အားလုံးက တစိတ်တဝမ်းတည်း ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားခဲ့တာ ဟုတ် မဟုတ် သေသေချာချာ ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။
သေချာတာကတော့ သမ္မတဦးသိန်းစိန် ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့ က ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဗဟိုကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေကို ပြင်ဆင်ဖွဲ့စည်းခဲ့ပေမယ့် မူဝါဒရေးရာ အပြောင်းအလဲ တစုံတရာ ထုတ်ပြန်ခြင်းမရှိ၊ ငြိမ်းချမ်းရေး ကော်မတီများမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ယခင် ရာထူးမှ နုတ် ထွက် ထုတ်ပယ် ခံခဲ့ရတဲ့ ဒုတိယသမ္မတ၊ ဝန်ကြီးများနဲ့ ညွှန်ချုပ်များနေရာမှာ လူသစ် အမည်များ အစားထိုးတာသာဖြစ်ပါတယ်။
တချိန်တည်းမှာ ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အရှေ့ခြမ်းမှာ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)နဲ့ မြန်မာ့တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေတာ၊ ကေအိုင်အို အပါအဝင် တခြား လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ စစ်ရေး၊ နိုင်ငံရေး သဘောတူညီချက်တွေ ရဖို့ ညှိုနှိုင်းဖို့ လိုနေသေးတာတွေက ငြိမ်းချမ်းရေးအိပ်မက် တကယ်အကောင်အထည်ပေါ်လာဖို့ အလှမ်းဝေးတာကို ပြသနေပါတယ်။
အစိုးရက UWSAရဲ့ ထိုင်း-မြန်မာ နယ်စပ်ရှိ ၁၇၁ စစ်ဒေသ လက်အောက်ခံ တပ်စခန်း အချို့ကို ယခုလ ၇ ရက်အတွင်း ရုတ်သိမ်း ပေးဖို့၊ ရာဘာခြံများ၊ မြို့သစ်၊ ရွာသစ်များ တိုးချဲ့တည်ဆောက်မှုတွေ မပြုလုပ်ဖို့၊ ခွင့်ပြုချက်မရဘဲ ခရီးမသွားခြင်း မပြုဖို့နဲ့ စစ်ဝတ်စုံများဝတ်ဆင်ခြင်း၊ လက်နက်များ ကိုင်ဆောင်သွားလာခြင်းမပြုဖို့ တောင်းဆိုထားတာကို UWSA ဘက်က လက်မခံရာကနေ စစ်ရေး တင်းမာမှုများ ဖြစ်လာနေခဲ့သလို အမြဲတမ်း တပ်ဖွဲ့ဝင် ၃ သောင်းနဲ့ ပြည်သူ့စစ် ၁ သောင်း အင်အားရှိတဲ့ UWSA ကလည်း အမြောက်ကြီးများ၊ လေကြောင်းရန် ကာကွယ်ရေး ပခုံးထမ်း ဒုံးစနစ်၊ သံချပ်ကာ ကားတွေအပြင် မကြာသေးခင်က Jane’s Defence Weekly ရဲ့ သတင်းပေးပို့ချက်အရဆို ရဟတ်ယာဉ်များကိုပင် ပိုင်ဆိုင်ထားနေပြီး ပြည်နယ်ရရှိရေး တောင်းဆိုနေပါတယ်။
ကချင်ကေအိုင်အိုအဖွဲ့ကတော့ လတ်တလော မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် နည်းပညာ အကြံပေးမှုရုံး ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ဇူလိုင်လ ၂၀ ရက်မှာ ရုံးဖွင့်လှစ်သွားရန် လျာထားကြောင်း၊ ရုံးဖွင့်လှစ်ပြီးပါက အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး ညှိုနှိုင်းဆောင်ရွက်မှု လုပ်ဆောင်သွားမယ်လို့ ကေအိုင်အိုအဖွဲ့၊ နည်းပညာဆိုင်ရာ အကြံပေးရုံးခေါင်းဆောင် ဦးဟင်နရီ က ပြောပါတယ်။
” ဒီလ ၂၀ ရက်နေ့ Technical Advisory ရုံးဖွင့်ဖို့ လျာထားတယ်။ မေ ၂၈ နဲ့ ၃၀ ရက်နေ့မှာ ဝန်ကြီးဦးအောင်မင်း တို့နဲ့ ကေအိုင်အို တို့ သဘောတူထား တဲ့အချက် ၇ ချက်ထဲက တချက်ဖြစ်တဲ့ Technical Team ဖွဲ့စည်းနိုင်ဖို့ အပိုင်းပေါ့။ သဘောတူညီချက် ၇ ချက်ကို နည်းနာပိုင်း ဆိုင်ရာ အောက်ခြေအဆင့်မှာ ကြိုတင် ညှိုနှိုင်း ဆွေးနွေးနိုင်ဖို့ ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါကျရင် လုပ်ငန်းအဆင်ပြေဖို့၊ အချိန်တိုအတွင်းမှာ အဆင်ပြေစေဖို့ပါ။ ဒါပေမယ့် ဒီရုံးရဲ့ အဓိက အလုပ်က နည်းနာပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ပြီးတော့ အစိုးရ ဘက်က အဖွဲ့တွေနဲ့ နည်းနာပိုင်းဆိုင်ရာ ညှိုနှိုင်းဖို့ပါ” ဟု ဦးဟင်နရီက ဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးဟာ တိုင်းရင်းသားတွေက အစိုးရရဲ့ နိုင်ငံရေးနဲ့ စစ်ရေး သဘောထားတွေကို ဘယ်လောက်ယုံကြည်ကြသလဲဆိုတာ အဓိကမူ တည်နေပါတယ်။ စစ်ရေးအရ နှစ်ဖက်သဘောတူ နယ်ခြားမျဉ်း သတ်မှတ်ရေး၊ နယ်မြေလုံခြုံရေးကို ပူးတွဲဆောင်ရွက်ရေးတို့အပြင် နိုင်ငံရေးအရလည်း တရားမဝင်အသင်းများအဖြစ် သတ်မှတ်ကြေညာထားတာ ဖျက်သိမ်းဖို့၊ တရားမဝင်အသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီးထားတာတွေ လွှတ်ပေးဖို့အစရှိတဲ့ ပမာဏ ငြိမ်းချမ်းရေး လက်တွေ့အကောင်အထည် ဖော်ဆောင်ရေး လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
ဒါတွေကြောင့်လည်း ဇူလိုင်လ နေပြည်တော်ဆွေးနွေးပွဲဖြစ်မြောက်ရေး အချိန်စောနေသေးတယ်လို့ ဦးဟင်နရီက ထင်မြင်တာ ဖြစ်နိုင်ကောင်းပါတယ်။
” ကျနော့်အထင်၊ ကျနော်ရဲ့ တဦးတည်းရဲ့ ပုဂ္ဂလိအမြင်ရတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ဖြစ်ဖို့က နည်းနည်း အချိန်စောနေသေးသလားလို့။ ပမာဏ ငြိမ်းချမ်းရေးဆိုတဲ့ဟာက လက်တွေ့ အကောင်အထည် ဖော်တဲ့အခါမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ အများကြီးရှိနေသေးတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့ကတော့ အချိန်စော နေသေးတယ်လို့ ထင်ပါတယ်။ အစိုးရရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်က အဓိက ကျတယ်။ အစိုးရ သဘောထားမှန်ဖို့ အရေးကြီးဆုံးပဲ” လို့ ဦးဟင်နရီက ပြောဆိုပါတယ်။
(ရဲနည် တည်းဖြတ်ရေးသားသည်)