ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ် အပါအဝင် တက္ကသိုလ်များအားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ အဖြစ် မကြာမီ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တွေအဖြစ် ပြောင်းလဲပေးမယ့် အမျိုးသားပညာရေး ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက ပြည်သူ့ လွှတ်တော် ကို တင်သွင်းထားပြီးပါပြီ။
တက္ကသိုလ်တွေ အနေနဲ့ ဘယ်လောက်အထိ လွတ်လပ်စွာ လုပ်ကိုင်နိုင်မယ်ဆိုတာကတော့ ဥပဒေ ပြဌာန်းပြီးမှသာ အသေးစိတ် သိနိုင်မှာဖြစ်ပေမယ့် အဆင်မြင့် ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက“တက္ကသိုလ်တွေကို ကိုယ်ပိုင် လွတ်လွတ် လပ်လပ်နဲ့ မြန်မြန် ဆန်ဆန် ဆုံးဖြတ်လို့ ရတဲ့ အနေအထားမျိုး ရောက်အောင်ပေးဖို့ စီစဉ်ထားတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်ပေါင်း ၁၆၈ ခုအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာစံမီ သင်ရိုးညွှန်းတမ်း ဖြစ်လာရေးက အစ စီမံခန့်ခွဲမှု နဲ့ ဘဏ္ဍရေး အဆုံး ကိုယ့်ဘာသာကိုယ် စီမံကွပ်ကဲရတော့မှာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်ကြီးတွေအနေနဲ့ နိုင်ငံရပ်ခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ စတင်နေပါပြီ။
ရန်ကုန်တက္ကသိုလ်ဆိုရင် နိုင်ငံတကာ တက္ကသိုလ်ကြီးတွေဖြစ်တဲ့ အမေရိကန် က ဂျွန် ဟော့ပ်ကင်း၊ ဂျာမနီနိုင်ငံက ကိုလုံး၊ တောင် ကိုရီးယားက ချောင်အန်း(Chung Ang)၊ ဟန်ယန်း စတဲ့တက္ကသိုလ် ကြီးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး ကျောင်းပရဝုဏ် အတွင်း မှာလည်း ပြုပြင်မှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။
ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ်ကြီးတွေဟာ နိုင်ငံတကာရဲ့ အာရုံစိုက် စိတ်ဝင်စားခံရမှုကြောင့် ပြင်ပ အကူအညီတွေရလာနိုင်ပေ မယ့် အသစ်ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေ အနေနဲ့ကတော့ ဘဏ္ဍာရေးနဲ့ သုတေသန အပိုင်းမှာ အခက်အခဲရှိ လာနိုင်တယ်လို့ သိရပါတယ်။
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ တက္ကသိုလ်တိုင်း ရလာမှာဖြစ်ပေမယ့် အကောင်အထည်ဖော်နိုင်မှုအပိုင်းမှာတော့ လက်ရှိအခြေ အနေပေါ် မူတည်ပြီး တက္ကသိုလ်တခုနဲ့ တခု ကွာသွားနိုင်တယ်”လို့ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုပါတယ်။
တက္ကသိုလ်တခု ဖြစ်လာပြီဆိုရင် Academic Atmosphere ဆိုတဲ့ ပညာရေး ဝန်းကျင်ကောင်း ရရှိဖို့နဲ့ Academic Freedom ဆိုတဲ့ ချုပ်ချယ်ကန့်သတ်မှုမရှိတဲ့ လွတ်လပ်ခွင့်ရရှိဖို့ဟာ အရေးကြီးဆုံးအချက်ပါ။
ဒါပေမယ့် မကြာမီ ဖြစ်လာတော့မယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တွေကို Academic Freedomဆိုတဲ့ လွတ်လပ်မှု အတိုင်း အတာ ဘယ်လောက်အထိ ပေးမယ်ဆိုတာကတော့ တက္ကသိုလ် အာဏာပိုင်တွေအကြား စဉ်းစားစရာတခု ဖြစ်နေပါသေးတယ်။
“၁၀၀ ရာခိုင်နှုန်း အပြည့်ပေးရ မရ ဆိုတာကတော့ စဉ်းစားစရာတွေ အများကြီးပဲ၊ သူများနိုင်ငံက တက္ကသိုလ်တွေနဲ့ မတူတာ ကတော့ အေးချမ်းစွာ ပညာသင်ကြားရေးကို တော်တော်လေး ဂရုစိုက်နေရတယ်ဆိုတဲ့ အချက်ပါ၊ တက္ကသိုလ်တွေထဲမှာ နိုင်ငံရေး ပယောဂ မဝင်ရေး၊ ဝင်ပြီး ကျောင်းပိတ်မသွားရေးကို စိုးရိမ်နေရဆဲ”လို့ ဦးဇော်ဌေးက ပြောဆိုပါတယ်။
အေးချမ်းစွာပညာသင်ကြားရေးကို မထိခိုက်အောင် ဦးစားပေးဆောင်ရွက်နေရပေမယ့် ချုပ်ချယ်ကန့်သတ်မှုမရှိတဲ့ လွတ်လပ်ခွင့် (Academic Freedom) ရရှိအောင်တော့ တတ်နိုင်သမျှ လုပ်ပေးမယ်၊ ကျောင်းသားအရေး မကျေလည်မှုများဖြစ်လာရင်လည်း ဆန္ဒပြစရာမလိုအောင် ကူညီဖြေရှင်းပေးဖို့ ကျောင်းသားရေးရာ ဌာနသာမက Student Service Center ကိုလည်း အသစ်ထပ်မံ ဖွင့် လှစ်ပေးသွားမယ်လို့ ဆက်ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်သမိုင်းကို ပြန်ကြည့်ရင် မြန်မာ့ နိုင်ငံရေးနဲ့ ခေါင်းနဲ့ ပန်းလို ဒွန်တွဲနေတာကို တွေ့ရမှာပါ၊ တမျိုးသားလုံးက နေ့ထူး နေ့မြတ် အဖြစ်သတ်မှတ်တဲ့ “အမျိုးသားနေ့” ကအစ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ဆဲဗင်းဂျူလိုင်၊ ရှစ်လေးလုံး အရေးတော်ပုံ လို နိုင်ငံရေးလှုပ်ရှားမှုတွေအဆုံး ရန်ကုန်တက္ကသိုလ်နဲ့ တနည်းမဟုတ်တနည်း ဆက်နွယ်နေပါတယ်။
ပညာရေး သုတေသန ဥက္ကဌဟောင်း၊ လက်ရှိ မြန်မာနိုင်ငံ ဝိဇ္ဇာနဲ့ သိပ္ပံ ပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဦးကတော့ “ကျောင်းသား ရောဆရာကိုပါ ဘယ်သူကမှ ဖိနိုပ်ချုပ်ချယ်တာမလုပ်ဖို့ဘဲ၊ ဒါမှ တက္ကသိုလ်အင်္ဂါရပ်နဲ့ ညီမယ်၊ နိုင်ငံခြားတက္ကသိုလ်တွေလည်း ဒီအ တိုင်းပဲ၊ Academic Freedom ရအောင်တော့ အဓိကရှေးရှု ဆောင်ရွက်ရမှာဖြစ်တယ်”လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ ကျော် ဖဆပလ အစိုးရလက်ထက် ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စနစ်ကို ကျင့်သုံးတဲ့ တက္ကသိုလ်တွေဖြစ်ခဲ့ပေမယ့် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေးကောင်စီ အာဏာသိမ်းအပြီးမှာတော့ ဖျက်သိမ်း ခြင်းခံခဲ့ရပါတယ်။
တက္ကသိုလ်တွေသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာပြီဆိုရင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးအပိုင်းကို တက္ကသိုလ်ကောင်စီနဲ့ တက္ကသိုလ် ဆီးနိတ်(Senate) ကသာ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အစိုးရအနေနဲ့ ထောက်ပံ့မှုကိုသာပြုရမှာဖြစ်ပြီး ဝင်ရောက်စွက်ဖက် ပိုင်ခွင့် မရှိပါဘူး။
တက္ကသိုလ်ကောင်စီကို ပါမောက္ခများ၊ တက္ကသိုလ်ပြင်ပပုဂ္ဂိုလ်များ၊ အစိုးရကိုယ်စားလှယ်များ၊ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် များ နဲ့ ဖွဲ့စည်းပြီး စီမံခန့်ခွဲရေး နဲ့ ပညာရေး နှစ်ရပ်စလုံးကို တာဝန်ယူရပါတယ်။
တက္ကသိုလ် ဆီးနိတ်ကတော့ ပါမောက္ခ တွေနဲ့သာ သီးသန့် ဖွဲ့စည်းထားတဲ့ သင်ကြားမှု ပညာရေး အပိုင်းမှာ တာဝန်ယူရတဲ့ အဖွဲ့ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ၁၇ နှစ်ကြာ ရပ်နားထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဝိဇ္ဇာ-သိပ္ပံ ဘာသာရပ်ဆိုင်ရာ စာသင် တန်းတွေကို “အထူး ပြုစုပျိုးထောင်ရေး ထူးချွန်ကျောင်းသား မွေးထုတ်ရေး” အစီအစဉ်အရ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါ တယ်။
လက်ရှိအခြေအနေမှာတော့ ၁၉၂၀ ပြည့်နှစ်က စတင် တည်ထောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံတကာ တက္ကသိုလ်တွေလို စက်မှု၊ ဆေးပညာ၊ စီးပွားရေး စတဲ့ မဟာဋ္ဌာနကြီးတွေရှိတဲ့ ပြည့်စုံတဲ့ တက္ကသိုလ် အဆင့် (Comprehensive University) မှာ မရှိသေးပါဘူး။