မန္တလေး မြို့ ကျုံးပတ်လည်မှာ ညဘက်သွားလာနေတဲ့ မိန်းမလျာတွေကို ထိန်းသိမ်းဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲမှူး စိုးငြိမ်းက ဧရာဝတီကို ပြောပါတယ်။
ဇူလိုင်လ ၇ ရက် ည ၈ နာရီခွဲလောက်က စတင်ထိန်းသိမ်းမှုတွေ လုပ်ခဲ့တာဖြစ်ပြီး ထိန်းသိမ်းခဲ့တဲ့ မိန်းမလျာ ၉ ဦးကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေးမယ့် ည ၁၁ နာရီလောက်မှာ တွေ့ရှိတဲ့ မိန်းမလျာ ၂ ဦးနဲ့ ဇူလိုင်လ ၉ ရက်နေ့ ညက တွေ့တဲ့ မိန်းမလျာ ၃ ဦးကိုတော့ အများပြည်သူ စိတ်အနှောင့်အယှှက် ဖြစ်စေတဲ့အတွက် ရဲအက်ဥပဒေပုဒ်မ ၃၅/ဂ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
“အခြောက်တွေက ကျုံးဘေးမှာ နေချင်သလိုနေ၊ ပြောချင်တာတွေ ပြောနေတော့ သွားလာနေတဲ့သူတွေ အနှောင့်အယှက် ဖြစ်တာကြောင့် ထိန်းသိမ်းတာပါ။ လိုအပ်တဲ့အချိန်အထိ လုပ်နေဦးမှာပဲ။ တိုင်တဲ့သူ မရှိပေမယ့် သတင်းတွေက ထွက်နေတော့ အခုလို ထိန်းသိမ်းဖမ်းဆီးတာ လုပ်တာ” လို့ ရဲမှူး စိုးငြိမ်းက ပြောပါတယ်။
မိန်းမလျာတွေကို ထိန်းသိမ်းဖမ်းဆီးတဲ့ရဲတွေက နှိပ်စက်မှုတွေ လုံးဝမလုပ်သလို အပေါ်အကျႌ ချွတ်ခိုင်းတာကတော့ ရဲစခန်းမှာ စစ်ဆေးရတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“ကွန်ဒုံးကြောင့် ဖမ်းတာတော့ မဟုတ်ပေမယ့် လိင်တူချစ်သူတွေဆိုတော့ ဥပဒေနဲ့မညီ၊ တိုင်တဲ့သူရှိရင်တော့ အရေးယူမှာပေါ့။ သူတို့တွေကို ဖမ်းဖို့ ကြိုပြောစရာ မလိုဘူး။ အများပြည်သူ အနှောင့်အယှက် ဖြစ်ရင်တော့ ဖမ်းမှာပဲလေ” လို့ ရဲမှူး စိုးငြိမ်းက ပြောပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ ည ၈နာရီခွဲလောက်ကစပြီး သာမန်အရပ်ဝတ်နဲ့ ရဲတွေက ကားတွေ၊ ဆိုင်ကယ်တွေ သုံးပြီး မန္တလေး ကျုံးပတ်လည်မှာ သွားလာနေတဲ့၊ ထိုင်နေတဲ့ မိန်းမလျာတွေကို ဖမ်းဆီးကာ အမှတ် (၃) ရဲစခန်းကို ခေါ်သွားတာလို့ အဖမ်းခံခဲ့ရတဲ့ အထဲမှာ ပါသွားခဲ့ပြီး ပြန်လွတ်လာတဲ့ မြတ်နိုးက ပြောပြပါတယ်။ သူက မိုးကြိုးငှက်ငယ်လေးများ အဖွဲ့မှာ ကပြနေသူ တဦးဖြစ်ပြီး မန္တလေးမှာ ရောက်နေတုန်း အလည်အပတ် ထွက်ရာကနေ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။
“ကျမတို့ကို ခေါင်းပေါ်လက်တင်ပြီး ဖားခုန် ခုန်ခိုင်းတယ်။ အပေါ်အကျႌတွေ ချွတ်ခိုင်းတယ်။ ထိုင်ထ အကြိမ်ကြိမ် လုပ်ခိုင်းတယ်။ နောက်ကျောကနေလည်း ရိုက်တယ်။ အာမခံပေးမယ့်သူ မရှိပေမယ့် ည ၂ နာရီလောက်ကျတော့ ရဲစခန်းမှာ နောက်တခါ ကျုံးဘေး လမ်းမလျှောက်တော့ပါဘူး ဆိုတဲ့ ခံဝန် ထိုးခိုင်းပြီးတော့ ပြန်လွှတ်တယ်။ မပြန်ခင်မှာ ရဲတွေက သူတို့ ဘာမှ မလုပ်ဖူးနော်လို့လည်း မှာလိုက်သေးတယ်” လို့ မြတ်နိုးက အဖမ်းခံရစဉ်က အခြေအနေကို ပြောပြပါတယ်။
ဖမ်းဆီးခံရတဲ့ အချိန်က ည ၈ နာရီကျော် ဖြစ်တာကြောင့် ဒီအချိန်ဟာ လူတွေ အပြင်ထွက်နေဆဲ အချိန်ပဲ ရှိသေးပေမယ့် တွေ့သမျှ မိန်းမလျာတိုင်းကို ကားပေါ်ဆွဲတင်ပြီး ဖမ်းခံခဲ့ရတာကိုတော့ ခံပြင်းမိတယ်လို့ သူက ဆိုပါတယ်။
နောက်ထပ် အဖမ်းခံရသူ တဦးဖြစ်တဲ့ ရီလေးပိုကတော့ “ကျူံးဘေးမှာ ရည်းစားနဲ့ ချိန်းတွေ့နေတုန်း အဖမ်းခံရတယ်။ ရည်းစားကိုတော့ မဖမ်းဘူး။ ကွန်ဒုံး ဆောင်ထားလို့ ဖမ်းတယ်လို့ ပြောတာပဲ။ ရဲစခန်းရောက်တော့ ဓာတ်ပုံတွေ ရိုက်ယူထားတယ်။ နဖူးနဲ့ ခေါင်းကို ရိုက်တယ်၊ ရင်ဘတ်ကို ကန်တယ်။ အကျႌတွေ၊ ဘော်လီတွေကို ချွတ်ခိုင်းတယ်၊ အပေါ်ပိုင်းကို မဖွယ်မရာ ကိုင်တယ်၊ ပြောတယ်” လို့ ဆိုပါတယ်။
ရီလေးပိုက ရွှေကျင်မြို့ကဖြစ်ပြီး မန္တလေးမှာ ခေတ္တရောက်တုန်း အခုလို အဖမ်းခံရတာလို့ သိရပါတယ်။
အဖမ်းမခံရဘဲ လွတ်လာတဲ့ မိုးကြိုးငှက်ငယ်လေးများ အဖွဲ့ဝင် ချန်းချန်းကတော့ ကွန်ဒုံးဆောင်လို့ ဖမ်းတယ်ဆိုပြီး ရဲစခန်းက ပြောတာကြောင့် ကျန်းမာရေးအဖွဲ့တွေ၊ ပညာပေးလုပ်နေတဲ့ အဖွဲ့တွေက ကွန်ဒုံးဆောင်ခိုင်း၊ ရဲတွေက ကွန်ဒုံးကြောင့် ဖမ်းတယ်လို့ ဆိုတာကြောင့် တွေးစရာဖြစ်နေသလို နောက်ဆို ကွန်ဒုံးလည်း မဆောင်ချင်တော့ဘူးလို့ ဆိုပါတယ်။
“ကျမ မန္တလေး တိုင်းဒေသကြီး အစိုးရရုံးကို ဖုန်းဆက်မှာ။ ဘာကြောင့် မိန်းမလျာတိုင်းကို ဖမ်းနေတာလဲ မေးမယ်။ အခု ညဘက်ရောက်တာနဲ့ အခြောက်တွေက အပြင်မထွက်ရဲကြဘူး” လို့ ချန်းချန်းက ပြောပါတယ်။
စီမံချက်စတဲ့ ဇူလိုင် ၇ ရက် နောက်ပိုင်းကစပြီး မန္တလေး ကျုံးပတ်လည်မှာ ရဲကားတွေ၊ ဆိုင်ကယ်တွေနဲ့ လုံခြုံရေးလှည့်ပြီး မိန်းမလျာတွေကို ဖမ်းနေပေမယ့် မြို့ရဲ့ တခြားဘယ်နေရာမှာမှ မဖမ်းဘူးလို့ သိရပါတယ်။ အရင်တုန်းက အခုလို ဖမ်းဆီးတာမျိုး လုံးဝမရှိခဲ့ပေမယ့် ဖမ်းခဲ့ရင်လည်း ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တော့ ရှိသင့်တယ်လို့ အဖမ်းခံရတဲ့ မိန်းမလျာတွေက ပြောကြပါတယ်။
ဇူလိုင်လ အစောပိုင်းလောက်က မန္တလေးကျုံးဘေးနားမှာ လမ်းလျှောက်နေတဲ့ ဌာနဆိုင်ရာ လူကြီးတဦးနဲ့ မိန်းမလျာတဦး စကားများ ရန်ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုလို စီမံချက်နဲ့ ဖမ်းနေတာ ဖြစ်နိုင်တယ်လို့ ချန်းချန်းက ဆိုပါတယ်။
“အခုတော့ ဘယ်အခြောက်မှ အပြင် မထွက်ကြဘူး။ အားလုံးက အချင်းချင်း ဖုန်းနဲ့ သတိပေးထားကြရတယ်” လို့ သူက ပြောပါတယ်။
“ကျုံးထောင့်ကို မသွားတော့ပါဘူး၊ မိန်းမလို မဝတ်တော့ပါဘူး ဆိုပြီး ဝန်ခံကတိလက်မှတ် ထိုးခိုင်းပြီး ကိုယ်ရေး အချက်အလက်တွေ မေးတယ်။ တခြားဘယ်နေရာတွေမှာ သွားကျက်စားလဲ ဆိုတာလည်း မေးတယ်။ ဘယ်တုန်းကတည်းက အခြောက်လုပ်တာလဲဆိုပြီး မေးတာလည်း ရှိတယ်တဲ့။ တချို့ကိုဆိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးတာတွေ ရှိတယ်တဲ့။ ပြီးတော့ ပြန်လွှတ်လိုက်တယ် ပြောတယ်” မန္တလေးမှ လိင်တူချစ်သူ အဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောပါတယ်။
မန္တလေး ဒေသခံ တချို့ ပြောတာကတော့ ကျုံးပတ်လည်မှာ ညအချိန် သွားလာနေတဲ့သူတွေကို တချို့ မိန်းမလျာတွေက ဓားထောက်လုတာ၊ မဖွယ်မရာ ပြောတာတွေလည်း ရှိနေတာကြောင့် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ပြောပြပါတယ်။
လူ့အခွင့်အရေး ပညာပေး လုပ်ဆောင်နေတဲ့ Equality Myanmar အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက “လိင်တူချစ်သူတွေကို ဖမ်းတဲ့အခါတိုင်းမှာ ရဲတွေက ဒီလို မဖွယ်မရာတွေ ကျူးလွန်တယ်ဆိုတာ တွေ့နေရတယ်။ ဒါဟာ တကယ်တမ်းကျတော့ ဒီလူတွေကို လုပ်ချင်တိုင်း လုပ်လို့ရတယ်၊ အနိုင်ကျင့်လို့ ရတယ်ဆိုတဲ့ စိတ်အခြေခံကြောင့် ဖြစ်နေတာ။ ဒီလုပ်ရပ်တွေဟာ လူသားမဆန်တဲ့ လုပ်ရပ်တွေလို့ပဲ ပြောချင်ပါတယ်။ ဒီလို လူသားမဆန်တဲ့ လုပ်ရပ်တွေကို ပြည်သူကို စောင့်ရှောက်ရမယ့် ရဲတွေက ကျူးလွန်နေတာကို တွေ့ရတဲ့အတွက် ဒါဟာ တိုင်းပြည် နာပါတယ်” လို့ ပြောပါတယ်။
ဒီလို မိန်းမလျာတွေကို ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး မန္တလေးမှာ လာမယ့် ဇူလိုင် ၁၄ ရက်နေ့ကျရင် ဖမ်းဆီး အနိုင်ကျင့်ခံရသူတွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့လည်း သိရပါတယ်။
လိင်တူချစ်သူများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မှောင်ရိပ်ခိုမှုနဲ့ ပုဒ်မ ၃၇၇ ဥပဒေ နှစ်မျိုးကို ကျင့်သုံးကာ ဖမ်းဆီးလေ့ရှိကြောင်း သိရပါတယ်။ မိန်းမလျာ တဦးဦးကို ညဘက်မှာ တွေ့ပါက မှောင်ရိပ်ခိုမှုနဲ့ အရင်ဆုံး ဖမ်းဆီးပြီး မှောင်ရိပ်ခိုမှု မမြောက်ရင် လိင်တူအချင်းချင်း ဆက်ဆံတာကို လက်တွေ့ဖမ်းမိပါက အရေးယူတဲ့ ပုဒ်မ ၃၇၇ နဲ့ စွဲကာ ငွေညှစ်တာ၊ အနိုင်ကျင့်တာတွေ လုပ်ဆောင်ခြင်း ခံရလေ့ရှိတယ်လို့ မိန်းမလျာများက ပြောပါတယ်။