ဆူပူအကြမ်းဖက်မှုများကြောင့် ရပ်ဆိုင်းထားရသည့် ရခိုင်ပြည်နယ် လူဦးရေစာရင်း ကောက်ခံမှု (ဆွဲ၊ တင်၊ စစ်) စီမံကိန်းကို ပြန်လည် လုပ်ဆောင်နိုင်ရန် တတိယ အင်အားစုများနှင့် နှစ်ဘက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များ အကူအညီဖြင့် စည်းရုံးရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာန (လဝက) မှ အဆင့်မြင့်အရာရှိ တဦးက ပြောကြားသည်။
ဇူလိုင် ၉ ရက်နေ့က ရန်ကုန်-ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနရုံးတွင် ကျင်းပသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် လဝက မှ ဒုဗိုလ်မှူး ကြီးကျော်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြန်ပြီး စည်းရုံး နေတာရှိပါတယ်။ ပြီးရင် ပြန်ကောက်ခံဖို့ စီစဉ်ထား။ ဒါက ပထမအဆင့်။ ဒါတွေလုပ်ပြီးမှ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်းက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် အထောက်အပံ့ ပေးရေးတို့ အတွက် ပေါက်တောမြို့၌ စတင်စာရင်းကောက်ခံခဲ့ရာ အခက်အခဲ ကြုံခဲ့ရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
သူက ဆက်လက်၍ “တချို့စခန်းတွေမှာ ဘင်္ဂါလီဆိုတဲ့ အမည်ကနေ တခြားလူမျိုး အမည်တခုကို ပြောင်းပြီး ကောက်မှ လက်ခံမယ် ဆိုတဲ့ ပြဿနာ ပေါ်တယ်။ ပေါ်တဲ့အတွက် သိပ်ပြီး အဆင်မပြေဘူး။ ဒါပေမယ့် လဝက ရယ်၊ သက်ဆိုင်ရာ တပ်ရယ်၊ ဘင်္ဂါလီ ခေါင်းဆောင်တွေရယ်၊ ရခိုင် ခေါင်းဆောင်တွေရယ်၊ ကိုယ်စားလှယ်တွေရယ် စည်းရုံးပြီး နည်းနည်း ကောက်ခဲ့တာ ရှိတယ်” ဟု ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ အတွင်းက ရခိုင်ပြည်နယ် တခုလုံးတွင် အဖွဲ့ပေါင်း ၆၃ စုဖွဲ့ထားသည့် လူဦးရေစာရင်း ကောက်ခြင်းကို စစ်တွေရှိ ဒုက္ခသည် စခန်းများတွင် စတင်ပြုလုပ်ခဲ့ရာ ဘင်္ဂါလီစခန်းများတွင် လူမျိုးအမည် ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ယင်းစီမံချက်ကို ရပ်ဆိုင်းခဲ့ရပြီး စုစုပေါင်း လူ ၈ ဦးဒဏ်ရာရှိခဲ့၍ ယင်းအနက် ၃ ဦးကို ဆေးရုံတင်ခဲ့ရသည်။
ထို့ကြောင့် လတ်တလောတွင် ကုလသမဂ္ဂ အေဂျင်စီများ၊ သံရုံးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်း များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် နှစ်ဘက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များ၏ အကူအညီဖြင့် စည်းရုံးရေးလုပ်ငန်းများ ကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
ယမန်နေ့က ပြုလုပ်သည့် ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ရှိ မီးလောင်ပြင် မြေနေရာများကို ပြန်လည် နေရာချထား ပေးမည့် အစီအစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီမှ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင်းရှိ ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မြို့နယ်ပေါင်း ၁၃ ခုတွင် အမှုပေါင်း ၂၇၉ ခုရှိခဲ့ကြောင်း၊ တရားခံ ၁၁၈၉ ဦးအား ဖမ်းဆီး အရေးယူခဲ့ကြောင်း၊ ပြစ်ဒဏ်ချမှတ် နိုင်ခဲ့သည့် အမှုပေါင်း ၁၉၅ မှုနှင့် တရားခံပေါင်း ၅၀၇ ဦးရှိခဲ့ကြောင်း၊ အမှုပေါင်း ၄၅ ခုနှင့် တရားခံပေါင်း ၆၆၂ ဦးတို့ကို တရားရုံးတွင် စိစစ်ဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဦးထိန်လင်းက ရှင်းလင်း ပြောကြားခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ဒုတိယဝန်ကြီး ဦးသန်းကျော်ကလည်း ပဋိပက္ခ ဒေသများတွင် နှစ်ဦးနှစ်ဘက် အတူယှဉ်တွဲ နေထိုင် နိုင်ရေးအတွက် အချိန်ယူကာ နားလည်မှု တည်ဆောက်ပြီး အလုပ်အကိုင် ဖန်တီးမှုများ၊ စီးပွားရေး အခွင့်အလမ်းများ လုပ်ဆောင် ရဦးမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။