မြန်မာနိုင်ငံရှိ မြို့နယ်တော်တော်များများတွင် တရားမဝင် ငွေတိုးချေးစားမှုများ များပြားလာနေပြီး အတိုးနှုန်းမြင့်မားမှုကြောင့် ဆင်းရဲသား ပြည်သူများမှာ အကြွေးပြန်မဆပ်နိုင်ဘဲ ဒုက္ခ ဆင်းရဲမျိုးစုံကြုံတွေ့နေရ၍ ပြည်သူ့လွှတ်တော်တွင် မေးမြန်းဆွေးနွေးမှုများနှင့် ကွင်းဆင်းမေးမြန်းမှုများ ကြုံလာနေရပြီဖြစ်သည်။
အတိုးနှုန်း အဆမတန်မြင့်မားမှုနှင့် စာချုပ်လွတ် လက်မှတ်ထိုးခိုင်းမှုများကြောင့် အကြွေးပြန်မဆပ်နိုင်ဘဲ မိမိကိုယ်မိမိ သတ်သေသူများအပါအဝင် အိုးအိမ်ပျက် ဘဝပျက်သွားသူများစွာ ရန်ကုန်မြို့တွင် ရှိနေသည်။
တနေ့ ဝင်ငွေနှင့် ထွက်ငွေမှာ မမျှသောကြောင့် ငွေပိုငွေလျှံမရှိဘဲ ကျန်းမာရေးကိစ္စပေါ်လာသောအခါ အတိုးနှုန်းကြီးစွာဖြင့် ရပ်ကွက်အတွင်း ငွေတိုးချေးစားသူထံတွင် သွားရောက်ချေးငှားရပြီး ပေါင်နှံစရာပစ္စည်းမရှိပါက နေ့ပြန်တိုးဟု ခေါ်သော အရင်းမဆပ်နိုင်မချင်း အတိုးပေးနေရသော အလုပ်ကို တစ်နှစ်ခန့် လုပ်ခဲ့ရကြောင်း မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက်တွင် မုန့်လင်မယားရောင်းသူ မသူဇာက ဧရာဝတီကို ပြောပြသည်။
” တစ်နေ့ရှာတာက စားဖို့လောက်ပဲ ရှိတယ်။ မပိုလျှံဘူး။ နေမကောင်းဖြစ်လာတော့ ကုရပြန်ရော။ ကျန်းမာရေးကိစ္စ ပေါ်လာရင် ပိုက်ဆံချေးရတယ်။ ချေးလိုက်တော့ အကြွေးဖြစ်သွားရော။ အဲဒီအကြွေးလည်း ဆပ်ရတယ်။ စားဖို့လည်း ရှာရတယ်”ဟု မသူဇာက ဆိုသည်။
အတိုးဟု ဆိုရာတွင် အရပ်အခေါ် နေ့ပြန်တိုး၊ မတ်တိုး၊ ရက်သုံး၊ လသုံးနှင့် လတိုးဟူ၍ အတိုးများစွာရှိပြီး ချေးငှားသူနှင့် ငွေရှင် ကျေနပ်ပါက နားလည်မှုဖြင့် ချေးငှားနေကြကြောင်း တွေ့ရသည်။
” နေ့သွင်းကျတော့ နှစ်သောင်းယူရင် တစ်ရက်ကို တစ်ထောင်နှုန်းနဲ့ ၂၄ ရက် ပြန်သွင်းရတယ်။ မတ်တိုးဆိုတာက ပိုက်ဆံတစ်သိန်း ချေးလိုက်တယ်ထား၊ အဲဒီတစ်သိန်းကို ပြန်မပေးနိုင်မချင်း နေ့တိုင်း အတိုးပေးရမယ်။ အတိုးက တစ်ရက်ကို ၃၀၀၀။ ၁၀ ရက်ကို သုံးသောင်း ။ ၃၀ တိုးပေါ့။ မဆပ်နိုင်မချင်း ပေးရောပဲ။ ကျမ မတ်တိုးချေးဖူးတယ်။ ကျမ မတ်တိုး နှစ်သောင်းချေးလိုက်တာ နောက်ဆုံးမဆပ်နိုင်တော့ သိန်းနဲ့ချီသွားတယ်။ ရက်သုံးဆိုတာ ရှိသေးတယ်။ ရက်သုံးက ၁၀ ရက်သုံးရှိတယ်။ တချို့က ရက်သုံးကို ၂၀ တိုးယူတာ ရှိတယ်။ တချို့က ၃၀ တိုးယူတယ်။ ရက်သုံးကျတော့ ကိုယ်ယူတဲ့ငွေ မပေးနိုင်မချင်း ၁၀ ရက် တခါ အတိုးသတ်ရတာပေါ့။ နေ့ပြန်တိုးကတော့ နေ့သွင်းပေါ့။ နှစ်သောင်းပေးလိုက်တယ်။ နှစ်သောင်းဆိုရင် နှစ်ထောင်သွင်း”ဟု အတိုးပေါင်းများစွာအကြောင်းကို မသူဇာက ရှင်းပြသည်။
ယင်းသို့ ရန်ကင်း၊ ဒေါပုံ၊ ဒလ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ သုံးခွ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များနှင့် နိုင်ငံတဝှမ်း မြို့နယ်တော်တော်များများ၌ အတိုးနှုန်းမြင့်မားစွာဖြင့် ငွေတိုးပေးစားသူများက အဆင်းရဲဆုံး ပြည်သူများအပေါ် စာချုပ်အလွတ်ပေါ်တွင် လက်မှတ်ရေးထိုးခိုင်းခြင်း၊ ပေးဆပ်နေရသည့်အတိုးကို လက်ခံရရှိကြောင်း အထောက်အထား မပေးခြင်း၊ အကြောင်းအမျိုးမျိုးပြပြီး ပြစ်မှုကြောင်းစွဲဆို၍ ထောင်ဒဏ်ကျခံစေခြင်း၊ တရားမကြောင်းစွဲ၍ အိမ်မြေများ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က လွှတ်တော်တွင် ဇူလိုင်လ ၉ ရက်နေ့က ပြောဆိုကာ ခွင့်ပြုချက် မှတ်ပုံတင်မရှိဘဲ ငွေတိုးချေးစားသူများအပေါ် အရေးယူပေးရန် အစီအစဉ်ရှိပါသလားဟု ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းကို မေးခွန်းထုတ်ခဲ့သည်။
ရဲချုပ်ကျော်ကျော်ထွန်းက အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(က)အရ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဆိုသည့် စကားရပ်၏ အဓိပ္ပာယ် ဖော်ပြချက်မှာ အသေးစား ချေးငွေထုတ်ပေးခြင်းလုပ်ငန်း ပါဝင်ပြီး ယင်းဥပဒေပုဒ်မ ၅၄ တွင် လုပ်ပိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းရဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားသည့်အတွက် အဲဒီတားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ပုဒ်မ ၅၇ အရ အရေးယူနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
၁၉၄၅ ခုနှစ် The Money-Lender Act ဥပဒေအရ အမြဲတန်းမဟုတ်ဘဲ လက်လှည့်သုံးဟုခေါ်သော တဦး အခက်အခဲကို တဦးက ကူညီသည့်သဘောဖြင့် ငွေချေးငှားခွင့်ရှိကြောင်း၊ သို့သော် စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် အမြဲငွေချေးငှားလိုလျှင်မူ ငွေကြေးချေးငှားခွင့်လိုင်စင် လျှောက်ရန် လိုအပ်ကြောင်းကိုမူ ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရီက ပြောဆိုသည်။
”စာချုပ်အလွတ်မှာ လက်မှတ်ထိုးလိုက်တော့ သူ့အတွက်ရေးချင်တာ ရေးလို့ရတဲ့ အခွင့်အရေး ရသွားတာပေါ့။ အမှန်ကတော့ စာချုပ်အလွတ်မှာ လုံး၀ လက်မှတ်မထိုးသင့်ပါဘူး။ တဖက်က မသမာတဲ့နည်းနဲ့လုပ်မယ်ဆိုရင် ရင်ဆိုင်တဲ့အခါ ကိုယ်ဘက်က အားနည်းသွားရော။ မဟုတ်က ဟုတ်က ရေးပြီး အမှုဆင်တာမျိုးတွေလည်း အန်ကယ်တို့ တွေ့ရတယ်” သူက ဆိုသည်။
တရားမဝင် ငွေတိုးချေးစားသူတဦးဖြစ်သည့် မြောက်ဒဂုံမြို့နယ်နေ ဒေါ်လွင်ကမူ ” ကျမက ဘယ်သူကိုမှ လာယူပါဆိုပြီး ပေးနေတာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ အတိုး ဘယ်လောက်ပေးရရ ယူမယ်ဆိုပြီး ရောက်လာတာ။ ပြန်တောင်းတဲ့အခါကျတော့ တချို့က ပေးစရာမရှိလို့ အသားလှီးယူလို့ ပြောတာ ရှိသေးတယ်။ ကိုယ့်ငွေရင်းထားရတာ အတိုးတော့လိုချင်တာပဲ။ အခုခေတ်ကတော့ လုပ်စားလို့ကို မကောင်းတော့ပါဘူး”ဟု ညည်းသည်။
ငွေချေးသူ သားသမီး ၃ ယောက်အမေ ပဲပြုတ်သည် မအေးအေးဝင်ကလည်း “မရှိလို့ ချေးစားတာလေ။ အတိုးအများကြီးယူတော့ လပိုင်းလောက်မှာ မသိသာပေမယ့် နှစ်ချီလာရင်တော့ မပေးနိုင်တဲ့အခါ ငါပေးထားတဲ့ ပိုက်ဆံတွေက ဘယ်လောက်ရှိပြီ။ နင့်ကိုငါ အတိုးဘယ်လောက်ပေးထားပြီးပြီ ဆိုပြီး ပြဿနာတွေက တက်ကြရော။ နောက်ဆုံး ရုံးရောက် ဂတ်ရောက်ဖြစ်တာပေါ့”ဟု ဆိုသည်။
ရန်ကုန်မြို့တွင် တရားဝင် ငွေတိုးချေးသည့် လုပ်ငန်းများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ လက်အောက်မှ ငွေချေးလုပ်ငန်းများ၊ စည်ပင်သာယာရေး ကော်မတီတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက အပေါင်ဆိုင်များ ဖြစ်ပြီး သမဝါယမဝန်ကြီးဋ္ဌာနတွင် မှတ်ပုံတင်၍ တရားဝင် အစုဖွဲ့ထားသော သမဝါယမ အသင်းများထံတွင် ငွေချေးငှား၍ ရနိုင်သည်။
သို့သော် တရားဝင်အပေါင်ဆိုင်များတွင် ငွေချေးငှားလိုပါက အပေါင်ပစ္စည်းလိုအပ်ပြီး သမဝါယမအသင်းများကလည်း အသင်းဝင်ဖြစ်သော လုပ်ငန်းတစ်ခုခု ရှိသူကိုသာ ငွေကြေး အကန့်အသတ်ဖြင့် ချေးငှားပေးနေခြင်းဖြစ်သည်။
အစိုးရ၏ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အစီအစဉ်ဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများမှ တရားဝင်ချေးငှားပေးနေသော ငွေမှာလည်း အတိုးနှုန်းနည်းပါးသော်လည်း ပြန်ဆပ်ရသည့် ကာလကြာရှည်သောကြောင့် စိတ်ပါဝင်စားသူ နည်းပါးသည်။ အစိုးရအနေဖြင့် ဆင်းရဲသားများကို ကူညီစောင့်ရှောက်မည်ဆိုပါက နေစရာအတွက် တန်ဖိုးနည်း အိမ်ရာများစီစဉ်ပေးရန်နှင့် ကျန်းမာရေးတွင် အခမဲ့ဆေးကုသခွင့် ရရှိရန် လိုအပ်ကြောင်း ဧရာဝတီနှင့် တွေ့ဆုံခဲ့သူအများစုက ပြောကြသည်။