မန္တလေးတိုင်း မိတ္ထီလာ အဓိကရုဏ်းကြောင့် ဖျက်ဆီးခံလိုက်ရသော ဗလီဝတ်ကျောင်းတချို့ကို အစ္စလမ်ဘာသာဝင်တို့၏ ဥပုသ်လအမီ ဝတ်ပြု ဝါရှောင် ဆုတောင်းနိုင်ရန် ပြန်လည်ဖွင့်ပေးနေကြောင်း သိရသည်။
ယခု ဖွင့်ခွင့်ပေးလိုက်သော ဗလီ ၃ ခုသည် ချမ်းအေးရပ်ကွက် အတွင်းရှိ ဗလီ၊ မိတ္ထီလာမြို့ အဝင် စစ်တပ်အနီးရှိ ဗလီနှင့် ရတနာမာန်အောင် ရပ်ကွက်အတွင်းရှိ ဗလီတို့ ဖြစ်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။
“ဗလီတွေကို ပြန်ဖွင့်ခွင့် ပေးနေပါတယ်။ နယ်မြေ အခြေအနေကလည်း အေးဆေးနေပြီ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒုက္ခသည် တော်တော်များများကလည်း ကိုယ့်နေရပ်ကို ပြန်နေကြပါပြီ” ဟု ဦးတင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဗလီဝတ်ကျောင်းများကို ပြန်လည် ဖွင့်လှစ်ပေးခြင်းအား ကြိုဆိုကြောင်း၊ သို့ရာတွင် မိတ္ထီလာမြို့၏ လုံခြုံရေးအရ ညမထွက်ရ ဒေသန္တရ အမိန့် ၉ နာရီအထိသာ ဖြစ်သောကြောင့် နံနက်ပိုင်းတချိန်၊ ညပိုင်း တချိန် စုပေါင်းဝတ်ပြုမှုကိုမူ ပြုလုပ်၍ ရနိုင်မည် မဟုတ်ကြောင်း အစ္စလမ် ဓမ္မဗိမာန်မှ ဦးဆောင် ဆော်သြရေးမှူး ဦးအေးလွင်က ပြောသည်။
အစ္စလမ်ဘာသာရေးအရ ဥပုသ် ဝါရှောင်ခြင်းကို အာရဗီ ဘာသာစကားအရ ဆွီယမ် (သို့) ဆောင်မ်ဟု ခေါ်ဆိုပြီး ခေတ္တခဏ ယာယီရပ်ဆိုင်းခြင်းဟု အဓိပ္ပာယ်ရကြောင်း၊ မြန်မာနိုင်ငံတွင် ဇူလိုင် ၁၁ ရက်နေ့မှ ဥပုသ်ဝါရှောင်ခြင်း စတင်ပြီး ရက်ပေါင်း ၂၉၊ ၃၀ ရက်ကြာ ဥပုသ်ဆောက်တည်ရကြောင်း သိရသည်။
ဥပုသ် စတင်ဆောက်တည်သည့် အချိန်သည် နံနက် ၄ နာရီ ၁၅ မိနစ်မှ ညနေ ၆ နာရီ ၄၅ မိနစ်အထိ မည်သည့်အရည်၊ မည်သည့် အဖတ် အစားအစာမျှ စားသောက်ခြင်း မပြုဘဲ ဇနီးမောင်နှံ ဆက်ဆံမှုများလည်း ရှောင်ကျဉ်ရကြောင်း သိရသည်။
ပဋိပက္ခအတွင်း တိုက်ခိုက်ခံရသည့် ဗလီဝတ်ကျောင်းအများစုသည် လုံး၀ ပျက်ဆီးသွားခြင်းမျိုး မဟုတ်ဘဲ အနည်းငယ် ပြုပြင်လိုက်လျှင် ပြန်လည် ဖွင့်လှစ်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ဦအေးလွင်က ပြောသည်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားစဉ်ကလည်း ဖြစ်ပွားပြီးပြီးချင်း ၂ ရက်အတွင်း ဗလီဝတ်ကျောင်းများကို ပြန်ဖွင့်ပေးခဲ့သည့်တွက် မိတ္ထီလာမြို့တွင်လည်း ပျက်စီးမှုနည်းခဲ့သော ဗလီများကို မကြာခင် ပြန်လည်ဖွင့်နိုင်လျှင် ပိုမိုကောင်းမွန်မည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။
“ဗလီအားလုံး ပျက်သွားတာက ၁၂ လုံး။ လေ့လာကြည့်သလောက်တော့ ၂ လုံးပဲ လုံးဝပျက်တာ။ အမိုးတွေ၊ အကာတွေက အစ ကျန်တာတွေက တော်တော်လေးကောင်းတယ်။ ပြန်ဖွင့်မယ်ဆိုရင် ဖွင့်လို့ရနိုင်တယ်” ဟု ဦးအေးလွင်က ဆက်ပြောသည်။
ယခုနှစ် ဥပုသ်အချိန်ကို အများအားဖြင့် မိမိတို့ နေအိမ်တွင်သာ ဘာသာရေးကျမ်းစာများ ဖတ်ရမည့် အခြေအနေတွင် ရှိနေကြောင်း၊ ပိတ်ထားသော ဗလီဝတ်ကျောင်းများတွင် ဝင်ရောက်ဝတ်ပြုလျှင် အရေးယူခံနိုင်ရသည့် အခြေအနေတွင် ရှိနေသေးကြောင်း မိတ္ထီလာမြို့ အရှေ့ပြင်တွင် နေထိုင်နေသည့် အစ္စလမ်ဘာသာဝင် ဦးရန်အောင်က ပြောသည်။
“ကျနော်တို့က မနက်ပိုင်းနဲ့ ညပိုင်း စုပေါင်းဝတ်ပြုချိန်ကိုသာ မလုပ်နိုင်ရင်နေမယ်။ တနေ့ ၅ ကြိမ် လုပ်ရတဲ့ ဝတ်ပြုမှုကိုတော့ လုပ်လို့ရသေးတယ်။ ကယ်ဆယ်ရေးစခန်းထဲက ကျနော်တို့ ဘာသာဝင်တွေဆိုရင် ဥပုသ်တောင် စောင့်နိုင်မယ့် အခြေအနေ သိပ်မရှိဘူး” ဟု ၎င်းက ဆိုသည်။
ယခု ပြန်လည် ဖွင့်ခွင့်ပေးလိုက်သော ဗလီဝတ်ကျောင်းများမှာ အစ္စလမ်ဘာသာဝင် အများစု နေထိုင်နေသော ရပ်ကွက်များနှင့် အတွင်းပိုင်း ဒေသများရှိ နေရာများတွင်သာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မိတ္ထီလာမြို့မဈေးတွင် ဈေးဆိုင်ဖွင့်ထားသူ ကိုဂျူဂျူးက ပြောသည်။
“အစိုးရက စာရွက်စာတမ်းနဲ့တကွ အရင်ကတည်းက တရားဝင် ဖွင့်ခွင့်ပေးခဲ့တဲ့ ဗလီတွေကို ပြန်ဖွင့်တာကတော့ ဖွင့်ရမှာပဲလေ။ အရေးကြီးတာက ငြိမ်းချမ်းနေဖို့ပဲ။ မြို့ခံတွေအနေနဲ့က မငြိမ်းချမ်းတာကို မလိုချင်ပါဘူး။ အားလုံး ခံစားကြရတာပဲလေ။ ဒါပေမယ့် ဘာသာရေးအရ အရောင်းအဝယ်တွေကအစ အရင်ကထက် စာရင်တော့ ခွဲခြားဝယ်ခြမ်းကြတာမျိုးကို ပိုတွေ့လာရတယ်” ဟု ၎င်းက ပြောသည်။
ဗလီဝတ်ကျောင်းများ ပြန်ဖွင့်သည့်အတွက် နယ်မြေလုံခြုံရေးကို ပိုမိုတင်းကျပ်ထားကြောင်း၊ ဖွင့်ခွင့်ပေးသော ဗလီများတွင် နေ့စဉ် ရဲအင်အား ၂၀ ဖြင့် စောင့်ကြပ်သွားမည်ဟု သိရကြောင်း အစ္စလမ်ဘာသာဝင် ဦးရန်အောင်က ပြောသည်။
ညဘက်ပိုင်း မြို့တွင်းသွားလာမှုနှင့် မြို့ဝင်မြို့ထွက်များကိုလည်း လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း ဗုဒ္ဓဘာသာဝင် ဒေသခံတဦးကလည်း ဆိုသည်။
ယနေ့သိရှိရသည့် သတင်းများအရ မိတ္ထီလာ အဓိကရုဏ်းကြောင့် ဖမ်းဆီး စစ်ဆေးနေသူ လူ ၁၂၀ ကျော်ရှိသည့်အနက် လူသတ်မှုကြောင့် ဖမ်းဆီးခံနေရသူ ၄ ဦးထဲမှ ၂ ဦးကို တရားသေ လွှတ်ပေးခဲ့ပြီး ၂ ဦးကို ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း၊ စုစုပေါင်း ပြစ်ဒဏ်ကျခံရသူ ဗုဒ္ဓဘာသာဝင် ၆ ဦးနှင့် အစ္စလမ်ဘာသာဝင် ၇ ဦးအထိ ရှိပြီဖြစ်ကြောင်း၊ တရားခံပြေးအဖြစ် သတ်မှတ်ထားသူ များလည်း ရှိကြောင်း မိတ္ထီလာ ခရိုင်တရားရုံး၏ မှတ်တမ်းများအရ သိရသည်။
ပြစ်ဒဏ်ခံရသူ အများစုမှာ လူသတ်မှု ကျူးလွန်၍ ကျခံရခြင်းဖြစ်ပြီး လူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ မီးရှို့ဖျက်ဆီးမှုများဖြင့်လည်း ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ တရားခံများထဲမှ တချို့သည် မြို့နယ်တရားရုံးမှသာမက ခရိုင်တရားရုံးမှပါ ပြစ်ဒဏ်များ အသီးသီးချမှတ် ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိခဲ့သူများထဲမှ နေအိမ်ပျက်ဆီးမှု မရှိသူများသာ မိမိတို့နေရပ်ထံ– ပြန်လည်နေထိုင်နေကြပြီး နေအိမ်များ မီးရှို့ ဖျက်ဆီးခံလိုက်ရသည့် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလမ်ဘာသာဝင် နှစ်ဖက်စလုံးမှ လူ ၃ သောင်းဝန်းကျင်မှာ ကယ်ဆယ်ရေးစခန်းတွင်ပင် ဆက်လက်နေထိုင်လျှက် ရှိနေကြောင်း ဒုက္ခသည်များကို အထောက်အပံ့ပေးနေသော အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။