Politics

တပ်မတော်နှင့် ပါတီပေါင်းစုံပါ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုလွှတ်တော်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ပါတီ ပေါင်းစုံမှ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီတရပ် ယခုလွှတ်တော် ကာလအတွင်း ဖွဲ့စည်းသွားရန် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

လွှတ်တော်တွင်း ရောက်ရှိနေပြီဖြစ်သော နိုင်ငံရေးပါတီ ၂၀ နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၀၅ ဦးပါဝင်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က နိုင်ငံရေးပါတီများထံမှ လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းများကို ဇူလိုင်လ ၄ ရက်နေ့ နောက်ဆုံးထား တောင်းခံခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီတွင် နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်အရေအတွက် အချိုးကျဖြင့် ပါဝင်ခွင့်ပြုထားပြီး နိုင်ငံရေးပါတီအများစုမှာ လွှတ်တော် ကိုယ်စားလှယ်တဦးသာ ပါဝင်ခွင့်ရသည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

လွှတ်တော်တွင် အမတ်နေရာ အများဆုံး ရရှိထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၅၂ ဦး ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီထံမှ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကမူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီတွင် လွှတ်တော်အမတ် ၇ ဦး ပါဝင်ခွင့် ရရှိမည်ဖြစ်ပြီး အမတ် ၇ ဦး၏ အမည်စာရင်းများကို ဇူလိုင်လ ၂ ရက်နေ့က ပြည်သူ့လွှတ်တော်သို့ ပေးပို့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် NLD အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်သည့်ပြဋ္ဌာန်းချက်များကို ပြုပြင်လိုသည်ဆိုသော ကိစ္စကို မီဒီယာသို့ တရားဝင် ထုတ်ဖော် မပြောဆိုလိုကြောင်း NLDမှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

“ကျနော်တို့  ခုနှစ်ဦး တင်ထားတယ်။ ကျနော်၊ ဦးအောင်ကြည်ညွှန့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ မြတ်ဉာဏစိုး၊ ဒေါက်တာ အောင်မိုးညို၊ ဦးခင်မောင်ဝင်း တို့ပါတယ်။ ကော်မတီရဲ့ တာဝန်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်လား၊ မပြင်သင့်လား ပြန်သုံးသပ်မယ်။ အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မထုတ်ပြန်သေးဘူးလား။ ကျနော်တို့ မူဝါဒတွေကို ကော်မတီမှာ လည်း ချပြမှာပေါ့” ဟု ဦးဝင်းမြင့်က ဆိုသည်။

ကြံ့ခိုင်ရေးပါတီမှ ဗဟိုကော်မတီဝင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သူ ဦးလှဆွေကမူ ကြံ့ခိုင်ရေးပါတီ အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မူဝါဒ တစုံတရာ မချမှတ်နိုင်သေးဘဲ မည်သည့်ပြဋ္ဌာန်းချက်များကို ပြင်ဆင်မည်ကိုလည်း တိတိကျကျ မသိရှိဟုဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သင့်တာတွေရှိလို့ သူရဦးအေးမြင့်က စာတင်ထားတာဖြစ်လို့ ပြင်စရာရှိတာကိုတော့ ပြင်မယ့်သဘောရှိပါတယ်။ လွှတ်တော်အမတ် တဦးချင်းရဲ့ အမြင်ကိုလည်း ပါတီကို တင်ပြလို့ရပါတယ်။ လောလောဆယ် အထိတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဘယ်လိုပြဋ္ဌာန်းချက်တွေကို ပြင်မယ်ဆိုတဲ့ မူဝါဒ မရှိသေးပါဘူး” ဟု ဦးလှဆွေက ပြောသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ကြံ့ခိုင်ရေးပါတီနှင့် ပူးတွဲ ဆောင်ရွက်သွားမည်ဟု ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သော်လည်း လတ်တလောတွင် ပါတီ ၂ ခု အကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ညှိုနှိုင်းမှု တစုံတရာမရှိဟု သိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း ၂၅ ဦး ပါဝင်မည်ဟု လွှတ်တော်သတင်းရပ်ကွက်မှ သိရှိရသည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ချင်း တိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ ချင်းအမျိုးသားပါတီ ၊ ကရင်ပြည်သူ့ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ် အပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ကော်မတီတွင် ပါဝင်ခွင့်ရမည်ဟု သိရှိရသည်။

ရန်ကုန်မြို့အခြေစိုက် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ  လွှတ်တော် ကိုယ်စားလှယ် တဦးစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သုံးသပ်ရေးကော်မတီတွင် ပါဝင်ခွင့်ရရှိထားပြီး ကော်မတီကို ယခု ဇူလိုင်လတွင် ဖွဲ့စည်းသွားမည်ဟု သိရှိထားကြောင်း ယင်းပါတီ ၂ ရပ်မှ တာဝန်ရှိသူများကပြောဆိုကြသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က “အခြေခံဥပဒေ သုံးသပ်ရေးကော်မတီမှာ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ဒုတိယဥက္ကဋ္ဌ လည်းဖြစ်တဲ့  ဦးစိုးဝင်းပါဝင်ဖို့ ကျနော်တို့ အဆိုပြုထားပါတယ် ။ ကော်မတီကို ဒီလထဲမှာ တရားဝင်ဖွဲ့စည်းကြောင်း ကြေညာမယ်လို့ သိထားပါတယ်” ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရလက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် ဒီမိုကရေစီ မဆန်သော ပြဋ္ဌာန်းချက်များ ပါဝင်လျက်ရှိကြောင်း နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading