မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေသည့် အမေရိကန် ကုမ္ပဏီများသည် ယခုအချိန်တွင် ကြီးစွာ သတိထား လုပ်ကိုင် သင့်ကြောင်း Earth Rights International(ERI) အဖွဲ့က သတိပေး တိုက်တွန်းလိုက်သည်။
မြေယာ အခွင့်အရေးနှင့်ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ မြေယာသိမ်းဆည်းမှုများနှင့် တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများရှိနေပြီး တန်းတူညီမျှမှု မရှိသေးကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာများ စသည့် စိန်ခေါ်မှုများစွာ ရှိနေသေး၍ သတိရှိရန်လိုအပ်ကြောင်း ERI အဖွဲ့ ၏ ဒါရိုက်တာ မစ္စတာ ပေါလ် ဒိုနိုဝဇ်က ဧရာဝတီကို ပြောသည်။
ထို့အပြင် မြေယာ သိမ်းဆည်းခံရ၍ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ဆန့်ကျင်နေသည့် လယ်သမားများ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်သူများ ကို ဖမ်းဆီး ထိန်းသိမ်း၊ ထောင်သွင်း အကျဉ်းချမှုများလည်း ရှိသေးကြောင်း သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြသည့် အမေရိကန် ကုမ္ပဏီများက ယခင်သီတင်းပတ်က လူသိရှင်ကြား ပထမဆုံး အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ERI က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ERI အဖွဲ့သည် နိုင်ငံတကာရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ လာဘ်ပေးလာဘ်ယူ ကိစ္စများ၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာများကို လေ့လာစောင့်ကြည့်နေသော ဝါရှင်တန် ဒီစီ အခြေစိုက် လွတ်လပ်သည့် အဖွဲ့အစည်း တခုဖြစ်သည်။
အမေရိကန် ကုမ္ပဏီများ၏ အစီရင်ခံစာထုတ်ပြန်မှုသည် အပေါင်းလက္ခဏာ ဆောင်သကဲ့သို့ အမေရိကန်၏ ဥပဒေများသည် အားနည်းချက်တချို့ ရှိသည်ကိုလည်း မြင်တွေ့နိုင်ကြောင်း မစ္စတာ ပေါလ်က ပြောသည်။
“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ပြီး ရင်းနှီးမြှုပ်နှံထားတဲ့ အခြား ကုမ္ပဏီတွေက ဘာသတင်း အချက်အလက်ကိုမှ ထုတ်ပြန်ပေး ခဲ့တာ မရှိဘူး”ဟုလည်း သူက ဆိုသည်။
ထိုသို့ သတင်းထုတ်ပြန်မှု မရှိခြင်းသည် နိုင်ငံတကာဥပဒေများကို ဆန့်ကျင်နေပြီး တာဝန်သိရင်းနှီးမြှုပ်နှံမှုကိုလည်း ထိခိုက် ကြောင်း၊ မြန်မာနိုင်ငံသားတိုင်း ကိုယ့်နိုင်ငံတွင်း၌ မည်သူကမည်သို့ ရင်းနှီးမြှုပ်နှံသည်ဆိုသည်ကို သိပိုင်ခွင့်ရှိကြောင်း သူက ဆက် ပြောသည်။
အမေရိကန် ကုမ္ပဏီတချို့၏ အစီရင်ခံစာတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး၊ လူ့အခွင့်အရေး ဆိုင်ရာများနှင့် ပတ် သက်ပြီး ကုမ္ပဏီ ဝန်ထမ်များ၊ သက်ဆိုင်ရာဖက်စပ် အဖွဲ့အစည်းများ၊ ကန်ထရိုက်များအနေဖြင့် လိုက်နာရမည့် စည်းကမ်းများ ကို ဖော်ပြထားခြင်းသည် ကောင်းမွန်သည့် ရလဒ်တခု ဖြစ်၍ ERI က ကြိုဆိုကြောင်း သိရသည်။
သို့သော်လည်း ၎င်းတို့နှင့်တွဲဖက် လုပ်ကိုင်မည့် မြန်မာ ကုမ္ပဏီနှင့် ကန်ထရိုက်များ၏ အမည်ကို မဖော်ပြ၍ လူ့အခွင့်အရေး ချိုး ဖောက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် အခြား နောက်ဆက်တွဲ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် ချိုးဖောက် မှုများ မဖြစ်ပေါ်ရေး၊ ကာကွယ်ပြဋ္ဌာန်း ထားသည့် စည်းမျဉ်းများကို လိုက်နာခြင်း ရှိ မရှိ လူထုအခြေပြု အဖွဲ့အစည်းများက စောင့်ကြည့်ရန် ခက်ခဲကြောင်း ERI က ထောက်ပြသည်။
အမေရိကန် ကုမ္ပဏီများ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို လူထုအခြေပြု အဖွဲ့အစည်းများက စောင့်ကြည့်နိုင်ရန် အတွက် ERI က လွန်ခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သေးသည်။
အစိုးရ မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် ဖက်စပ်လုပ်ကိုင်နေသည့် အမေရိကန် ကုမ္ပဏီများ သို့မဟုတ် အမေရိကန်က ဒေါ်လာ ၅ သိန်း အထက် ရင်းနှီးမြှုပ်နှံထားသော အမေရိကန် ကုမ္ပဏီများသည် တာဝန်သိ ရင်းနှီးမြှုပ်နံှမှုအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားရမည် ဖြစ်ပြီး အများပြည်သူသိရှိရန် သတင်းထုတ်ပြန်ရမည့် တာဝန် ရှိသည်ဟု သိရသည်။
အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့်အခါ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ လာဘ် ပေး လာဘ်ယူမှု ဆန့်ကျင်ရေး၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုဘဝဆိုင်ရာ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အကျဉ်း ချုပ်အားဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်သည့် ဌာနများသို့ လည်းကောင်း၊ အများပြည်သူ သိရှိရန် အတွက်လည်းကောင်း အသိပေးတင်ပြရန် တာဝန်ရှိကြောင်းလည်း ERI က ထောက်ပြထားသည်။
ထို့အပြင် မြေယာအသုံးပြုမည်ဆိုပါက မြေဧက ၃၀ ကျော်ပါက အမေရိကန် ကုမ္ပဏီများအနေဖြင့် အစီရင်ခံစာ တင်ပြရမည်ဖြစ်ပြီး မြေ သို့မဟုတ် မြေယာပိုင်ဆိုင် အသုံးပြုမှု အခွင့်အရေး၊ မြေယာလျော်ကြေးပေးခြင်း၊ ဖယ်ရှားခြင်းနှင့် ပြန်လည် နေရာ ချထားခြင်း သို့မဟုတ် သက်ဆိုင်ရာ မူလ မြေယာပိုင်ရှင်၏ ရပိုင်ခွင့်များအတွက် မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများကိုလည်း တိတိကျကျ အကျဉ်းချုပ်ဖော်ပြရန် ERI က တိုက်တွန်းထားသည်။
“အစီရင်ခံစာရဲ့လိုအပ်ချက်တွေကို အမေရိကန် အစိုးရက ပြဌာန်းရတာဟာ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေသေးသည့် တိုင် မြန်မာနိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် အန္တရာယ်များနေသေးတဲ့ တိုင်းပြည်တခုအဖြစ် ဆက်လက် ရှိနေ သေးတာကြောင့် ဖြစ်တယ်”ဟု မစ္စတာ ပေါလ် ဒိုနိုဝဇ်က ဆိုသည်။
အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US-ASEAN Business Council) ဥက္ကဋ္ဌ မစ္စတာ Mr. Alexander Feldman ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သမ္မတ ဦးသိန်းစိန်နှင့် ဇူလိုင်လ ၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းကောင်စီ၌ အမေရိကန် ကော်ပိုရေးရှင်း ကုမ္ပဏီ ပေါင်း ၁၂၅ ခုကျော် ပါဝင်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာသည် တည်နေရာအရ တောင်အာရှနှင့် အရှေ့တောင်အာရှအား ဆက်သွယ်ပေးထားသည့်အတွက် ဈေးကွက်ကြီးမားကြောင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု၊ သစ်တော စသည့် သဘာဝအခြေခံကောင်းများ ရှိနေပြီး စီးပွားရေး လုပ်ငန်းများ ထူထောင်ရန် အခွင့်အလမ်းများစွာ ရှိကြောင်း၊ အရင်းအနှီးနှင့် နည်းပညာသာ လိုအပ်သဖြင့် အဆိုပါ ကဏ္ဍတွင် ၂ ဘက် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်လိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုသည်ဟု သိရသည်။
၂ဝ၁၅ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ (၈ဝ) ရာခိုင်နှုန်း တယ်လီဖုန်း သုံးစွဲနိုင်ရေး ပြည်တွင်း အော်ပရေတာများနှင့် တွဲဖက် လုပ်ကိုင် ဆောင်ရွက်ရေးလည်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသည်။
အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ ဘက်ကလည်း မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် တနှစ်အတွင်း အခြေချလုပ်ကိုင်နေ သည့် လုပ်ငန်းများ အခြေခိုင်ရေးအတွက် လာရောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံ၏ ဦးစားပေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ စတင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းတံတားစသည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲခဲ့ပြီး ဖြစ်သည်။