ရန်ကုန်မြို့တွင်း မြို့နယ်တချို့တွင် ယခုလအတွင်း အိမ်ပေါ်တက် အနုကြမ်းစီးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ပြည်သူများ လုံခြုံရေး စိုးရိမ်ပူပန်နေကြပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။
ဇူလိုင်လအတွင်း လူစည်ကားသည့် တာမွေမြို့နယ်နှင့် အလုံမြို့နယ် ဆင်မင်းရပ်ကွက် စက်တွင်းလမ်းရှိ တိုက်ခန်းတို့တွင် အနုကြမ်းစီးမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကိုလည်း ဖမ်းဆီးမိခဲ့ကြောင်း သိရှိရသည်။
“တိုက်ခန်းလုံခြုံရေး လှေကားသော့ခတ်ဖို့ စာကပ်ထားတာပဲ ရှိတယ်။ လိုက်နာတဲ့ တိုက်ခန်းက နည်းတယ်။ ဒီလို အနုကြမ်းစီး အိမ်ပေါ်တက်၊ ဓားပြတိုက်မယ် ဆိုတာလည်း ဘယ်သူမှ သတိမထားမိတဲ့အတွက် အခုလို ဖြစ်သွားတာပါ။ တိုက်ခန်းတွေများ၊ လူမျိုးစုံတော့ သတိနဲ့ နေထိုင်ဖို့ ပြောရပါတယ်” ဟု တာမွေမြို့နယ် ရဲစခန်းမှ တာဝန်မှူးတဦးက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့အတွင်း အနုကြမ်းစီးမှုများ နောက်ထပ် မဖြစ်ပွားစေရေး ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖ ပြည်သူများ ပူးပေါင်းကာ ပညာပေးမှုများ ပြုလုပ်နေကြောင်း၊ လုံခြုံရေး ရဲတပ်ဖွဲအင်အားလည်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ လုံခြုံရေး ရဲတပ်ဖွဲ့များကို ည ၇ နာရီမှ ၁၂ နာရီအထိ အဖွဲ့တဖွဲ့၊ ည ၁၂ နာရီမှ မနက် ၆ နာရီအထိ တဖွဲ့၊ အင်အား ၃၊ ၄ ဦး ဖြင့် ရပ်ကွက်အတွင်း ကင်းလှည့် စောင့်ပေးနေကြောင်း အလုံမြို့နယ် ရဲစခန်းထံမှ သိရသည်။
အိမ်ပေါ်တက် အနုကြမ်းစီးသည်အထိ ဖြစ်ပွားနေသဖြင့် မိမိနေထိုင်သည့် တိုက်ခန်း၏ လှေကားတံခါး သော့ခတ်ထားကာ သတိကြီးစွာ နေထိုင်ရကြောင်း၊ မိမိတိုက်ခန်း လုံခြုံရေးကိုလည်း မိမိကိုယ်တိုင် တာဝန်ယူနေကြရကြောင်း ကျောက်မြောင်းမြို့နယ်တွင် နေထိုင်သည့် ဒေါ်ခင်လေးက ဧရာဝတီသို့ ပြောသည်။
“ကျောက်မြောင်းလို လူအများနေထိုင်တဲ့ နေရာတောင် အနုကြမ်းစီးတယ် ဆိုတော့ တခြားနေရာတွေဆိုရင် ပိုဆိုးမှာပေါ့။ လုံခြုံရေးတွေလည်း မရှိတော့ မသမာသူတွေက လုပ်ချင်ရာ လုပ်လို့ ရတယ်။ ပြီးတော့ ကျောက်မြောင်းက လူစုံတယ်။ တိုက်ခန်း လှေကားတွေလည်း သော့မခတ်တော့ တိုက်ခန်းကို ဘယ်သူဘယ်ဝါ တက်သွားတယ် ဆိုတာ မသိဘူး” ဟု ဒေါ်ခင်လေးက ဆိုသည်။
တိုက်ခန်း နေထိုင်သည့် ပြည်သူများ အနေဖြင့် လုံခြုံရေး လှေကားများ အမြဲတမ်း သော့ခတ်ထားသင့်ကြောင်း၊ ညအချိန်တွင်လည်း ရပ်ကွက်လမ်းမီးများလည်း ထွန်းထားသင့်ကြောင်း၊ လုံခြုံရေး ရဲကင်းများလည်း တိုးမြှင့် ချထားပေးသင့်ကြောင်း ကျောက်မြောင်းတွင် နေထိုင်သည့် ပြည်သူများက ပြောသည်။
“အခုတလော အနုကြမ်းစီးတဲ့ သတင်းတွေ ကြားရတော့ တိုက်ခန်းမှာ နေရတာ ကျောချမ်းလာတယ်။ တိုက်ခန်းက ဘယ်သူတွေ နေလို့ နေကြမှန်း မသိ၊ တယောက်ကို တယောက် မသိကြဘူး လေ။ အဲဒီတော့ လှေကားမှာလည်း ဘယ်သူတွေ တက်လို့ တက်မှန်း မသိတော့ ကိုယ့်အခန်း လုံခြုံရေးကို ကိုယ်တိုင်ပဲယူရတာပေါ့” ဟု စမ်းချောင်းမြို့နယ် တွင်နေထိုင်သည့် ဒေါ်ခင်အေးမြင့်က ဆိုသည်။
ယခုအခါ မသမာသူများသည် အိမ်ပေါ်တက် အနုကြမ်းစီးသည့်အထိ အတင့်ရဲလာကြောင်း၊ တိုက်ခန်းများ ငှားရမ်းနေထိုင်သည့် သူများအနေဖြင့်လည်း လုံခြုံရေး စိတ်ချစေရန် သော့များ သေချာ ခတ်ထားသင့်ကြောင်း၊ ရပ်ကွက်လူကြီးများ အနေဖြင့်လည်း တိုက်ခန်း လာရောက်ငှားရမ်းသူများကို အေးချမ်းစွာ နေထိုင်နိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း၊ လုံခြုံရေးရဲများ အနေဖြင့်လည်း စနစ်တကျ ကင်းလှည့်ပေးသင့် ကြောင်း၊ လုံခြုံရေး ရဲကင်းများလည်း တိုးမြှင့်ပေးရန် လိုအပ်ကြောင်း ဒေါ်ခင်အေးမြင့်က ဆက်ပြောသည်။
မြန်မာနိုင်ငံ၏ လုံခြုံရေး အတွက် ရဲဝန်ထမ်း ၄ သောင်းကျော် လိုအပ်နေသေးကြောင်း၊ ရဲသားတဦးလျှင် လူ ၁၅၀၀ ခန့်ကို ထိန်းနေရကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာနမှ ဗိုလ်မှူးကြီး တင်ဝင်းက တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတခုတွင် ပြောကြားခဲ့ဖူးသည်။
“နေ့ညမပြတ် ကင်းလှည့်၊ လုံခြုံရေးပိုင်းကို တာဝန် ယူနေပါတယ်။ လတ်တလောကတော့ ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ၄၄ မြို့နယ်စလုံးကို ရှိသင့်တဲ့ ရဲအင်အား မရှိသေးပေမယ့် လုံခြုံရေးပိုင်း မလျော့စေဘဲ ရှိတဲ့ လူအင်အားနဲ့ ပင်ပန်းခံ တာဝန်ယူနေပါ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။
ရန်ကုန်နေ ပြည်သူတို့၏ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်သတင်းများ ပေးပို့ရန်၊ ပြည်သူလူထု၏ နစ်နာမှုများ တင်ပြ တိုင်ကြားရန်၊ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ်များ တပ်ဆင်ထားကာ ဆောင်ရွက်နေကြောင်း၊ အရေးပေါ် လုံခြုံရေး အတွက် ရဲအင်အား ၃၀၀၀ ကျော်ဖြင့် တာဝန်ယူ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။