ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ (၃) ဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) နဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA) အဖွဲ့တွေနဲ့ ဇူလိုင်လ ၁၂ ရက်နေ့ လာရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး လက်ရှိတင်းမာနေတဲ့ စစ်ရေးအခြေအနေကို အဓိကထား ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဇူလိုင်လ ၁၂ ရက်နေ့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ပေါ်မှာ UWSA နဲ့ တွေ့ဆုံမှာဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ SSPP/SSA နဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေဆီက သိရပါတယ်။
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က “အဓိက ကတော့ စစ်ရေးတင်းမှာမှုတွေ ပြေလည်အောင် ညှိနှိုင်းကြမယ့် သဘောပါ၊ ဒေသဖွံ့ဖြိုးမှုလည်း ပါမှာပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။
ဦးသိန်းဇော် ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကော်မတီနဲ့ UWSA ၊ SSPP/SSA တို့အကြား ဇူလိုင်လ ၅ရက် ၊ ၆ ရက်နေ့တွေမှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမယ့် UWSA ဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် ဆွေးနွေးပွဲတွေ ရွှေ့ဆိုင်းထားခဲ့ကြရာမှ အခုလို ပြန်လည်တွေ့ဆုံမယ့် ရက် အတိအကျ ပေါ်ထွက်လာတာဖြစ်ပါတယ်။
သံလွင်မြစ် အရှေ့ခြမ်း ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတဲ့ UWSA ၁၇၁ စစ်ဒေသ လှုပ်ရှား နယ်မြေမှာတော့ အစိုးရ စစ်တပ်တွေနဲ့ UWSA တောင်ပိုင်း တပ်တွေကြားမှာ စစ်ရေး ပြင်ဆင်ထားမှုတွေ၊ တင်းမာမှုတွေက ရှိနေတာမို့ ဆွေးနွေးပွဲရလာဒ်တွေက အနာဂတ်ဖြစ်လာမယ့် စစ်ရေး အခြေအနေတွေအတွက် များစွာအရေးပါနေပါတယ်။
UWSA နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တွေ အခုတွေ့ဆုံမယ့် ပွဲဟာ စစ်ဒေသ ၁၇၁ မှာဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှု ပြေလည်ရေးကို အဓိကထား ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပေမယ့် လတ်တလော ဆွေးနွေးပွဲတွေမှာ နှစ်ဖက်စလုံးက အဆုံး အဖြတ် ပေးနိုင်မယ့် ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေ မပါဝင်တာကြောင့် တင်းမာမှုတွေ မပေါက်ကွဲစေရုံလောက်ပဲ ထိန်းသိမ်းထားနိုင်မယ့် အနေအထားရှိတယ်လို့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော က ပြောပါတယ်။
“ဝ ဘက်က ဒုဥက္ကဋ္ဌ အဆင့်လောက်ပါတယ်ဆိုရင်တော့ မဆိုးဘူး၊ အခုဟာက ဆုံးဖြတ်ချက်ပေးနိုင်မယ့်လူ သိပ်မပါဘူး၊ ဆွေးနွေးပွဲကတော့ လက်ရှိတောင်ပိုင်းမှာဖြစ်နေတဲ့ စစ်ရေး အခြေအနေကို ဦးတည်ဆွေးနွေးကြမှာပဲ၊ ဒါပေမယ့် ဒီဆွေးနွေးပွဲက အဆိုးဘက်ရော အကောင်းဘက်ရော ထူးလာမယ်လို့ မထင်ဘူး” လို့ ဦးအောင်ကျော်ဇော က သုံးသပ်တယ်။
စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ UWSA တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်လာနိုင်ချေ နည်းပါးနေပြီး အင်အားကြီးတဲ့ အစိုးရစစ်တပ်အနေနဲ့လည်း မိုးတွင်းကာလမှာ စစ်အင်အားအရ၊ နယ်မြေစိုးမိုးမှုအရ အားကောင်းတဲ့ UWSA တောင်ပိုင်းတပ်တွေကို တိုက်ခိုက်ဖို့မလွယ်ကူကြောင်း ဦးအောင်ကျော်ဇော က ဆိုပါတယ်။
အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံဖို့အတွက် UWSA က ကိုယ်စားလှယ် ၅ ဦး ဇူလိုင် ၁၁ ရက်နေ့ မနက်မှာ ကျိုင်းတုံမြို့ကို ထွက်ခွာသွားပြီး အဲဒီကိုယ်စားလှယ်အဖွဲ့မှာ စီးပွားရေးဌာနကြီးမှူး ပေါက်ယူလျန်၊ နိုင်ငံခြားရေး ဌာနကြီးမှူး ကျောက်ကုန်အမ်း၊ ရုံးအဖွဲ့မှူး ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသက စစ်ဘက်ဆိုင်ရာ အရာရှိ ၂ ဦး ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။
SSPP/SSA ကလည်း သူတို့ရဲ့ ဝမ့်ဟိုင်းဌာနချုပ် နဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေ အပါအဝင် သူတို့လှုပ်ရှား နေတဲ့ မိုင်းနောင်၊ ကျေးသီး၊ တန့်ယန်းနဲ့ မိုင်းရှုး မြို့နယ်တွေမှာ ရာနဲ့ချီတဲ့ အစိုးရ စစ်တပ်တွေက လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေ ဖြည့်တင်းမှုတွေနဲ့ ပတ်သက်လို့ ဆုတ်ခွာပေးဖို့၊ လျှော့ချပေးဖို့ိကို ဆွေးနွေးပွဲမှာ အဓိကထား တောင်းဆိုသွားမယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှ က ပြောပါတယ်။
“အစိုးရဘက်က တွေ့ဖို့ပဲအကြောင်းကြားထားတာ ဆွေးနွေးမယ့် အကြောင်းအရာ ဘာခေါင်းစဉ်မှ ပေးမထားဘူး၊ တပ်ပိုင်းဆိုင်ရာ ကိစ္စ ဆွေးနွေးဖို့ရှိတယ်၊ ကျနော်တို့နယ်မြေမှာ သူတို့ တပ်စွဲထားတာ လိုတာထက် ပိုနေတယ်၊ အခုဆို နှစ်ဖက်တပ်တွေက လှမ်းခေါ်လို့တောင်ကြားနေရတယ်၊ သေနတ်တချက်ပေါက်တာနဲ့ အချိန်မရွေးတိုက်ပွဲကြီးတွေဖြစ်သွားနိုင်တယ်” လို့ ဗိုလ်မှူး စိုင်းလှ က ဧရာဝတီကို ဆိုပါတယ်။
သံလွင်မြစ် အနောက်ခြမ်း၊ မိုင်းနောင်မြို့နယ်နဲ့ တန့်ယန်းမြို့နယ်ကို သွယ်တန်းထားတဲ့ ကားလမ်း အရှေ့ဘက်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ ရှမ်းတပ် တွေအနီးမှာ အရင်က ခလရ ၃၃ တပ်ရင်းတွေသာ ရှိခဲ့ပေမယ့် အခုအခါမှာတော့ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၇ နဲ့ (စကခ) ၂ တို့ကို လာရောက် အားဖြည့်ထားတယ်လို့ SSPP/SSA က ပြောပါတယ်။
အစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွေလုပ်နေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသားဒေသတွေမှာ အစိုးရစစ်တပ်က လက်နက် အင်အား၊ လူအင်အားနဲ့ ရိက္ခာအင်အားတွေ ဖြည့်တင်းလာနေတာ ကြောင့် အစိုးရနဲ့ တိုင်းရင်းသားတပ် တွေအကြားမှာ သံသယဖြစ်စာရာတွေ ဖြစ်လာတယ်လို့ ဗိုလ်မှူး စိုင်းလ ကပြောပါတယ်။
“ကျနော်တို့ သုံးသပ်ရရင် နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ မဖြစ်ခဲ့ရင်တော့ စစ်ရေးအရ စစ်ရေးအရ ပြင်ဆင်ထားတယ်လို့ပဲ မြင်တယ်” လို့ ဗိုလ်မှူး စိုင်းလှ ကပြောဆိုပါတယ်။
ဆွေးနွေးပွဲတွေ တက်ရောက်ကြမယ့် နှစ်ဖက်ခေါင်းဆောင်များ အမည်စာရင်းကို အစိုးရ ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ဘက်ကပါ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
သတင်းမီဒီယာအဖွဲ့တွေကိုတော့ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းယူခွင့်ပြုမယ် လို့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
“ဟိုဘက်က တက်လာမယ့် ခေါင်းဆောင်တွေ နာမည်ကိုတော့ မပြောတတ်သေးဘူးဗျ၊ ကျနော်တို့ဘက်ကတော့ ဦးသိန်းဇော် ဦးဆောင်မှာပါ” လို့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူတဦးက ဧရာဝတီရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။
“နှစ်ဖွဲ့လုံးနဲ့တွေ့ ဆွေးနွေးမှာကတော့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စပါ” လို့ တိုင်းရင်းသားတွေ ဘက်ကရော၊ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေကရော တွင်တွင်ကျယ်ကျယ်ပြောဆိုနေပြီး လတ်တလော စစ်ရေးတင်းမာမှုအခြေအနေ တွေပတ်သက်လို့နဲ့ တစုံတရာ ထည့်သွင်း ပြောဆိုတာ မျိုးမရှိပါဘူး။
အစိုးရနဲ့ SSPP/SSA တို့အကြား အပစ်အခတ် ရပ်စဲမှု သဘောတူညီပြီးတာနဲ့ ၅ ရက်အတွင်း SSPP/SSA နဲ့ နယ်မြေကပ်လျက်မှာရှိနေတဲ့ အစိုးရ ရှေ့တန်း တပ်ရင်းတွေကို ရုတ်သိမ်းပေးမယ်လို့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော် က ကတိစကားပေးခဲ့ပေမယ့် ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ရရှိပြီးတဲ့နောက်မှာတော့ အစိုးရစစ်တပ်တွေ ရုပ် သိမ်းမပေးတဲ့အပြင် အင်အား ထပ်မံတိုးချဲ့ လာတာကြောင့် တိုက်ပွဲပေါင်းလည်း ၅၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ SSPP/SSA တာဝန်ရှိသူတွေဆီက သိရပါတယ်။