စိုးနှောင့်ဗျာပွေ တိုင်းပြည်
This article has been converted from Zawgyi One to Unicode
မနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တုန်းက မြန်မာပြည်ကို ပြန်ရောက်သွားပါတယ်၊ ၁၆ နှစ်အတွင်းမှာ ပထမဆုံး ပြန်ရောက်တဲ့ ခရီးပါပဲ။ လူတွေ ဆင်းရဲနေတာကို တွေ့ခဲ့ရပါတယ်။ ကချင်ပြည်နယ်မှာ လည်း တိုက်ပွဲတွေ ဖြစ်လို့ကောင်းတုန်းပါပဲ။ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာတွေကြားထဲမှာ ပဋိက္ခတွေ ရှိနေပါတယ်။ ဒီလို အခြေအနေတွေ ရှိနေပေမယ့် ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် အတိုင်းအတာတခုအထိ အကောင်းမြင်ခဲ့မိတယ်။ နိုင်ငံရေးအကျဥ်းသားတွေကို အရေအတွက် ရာဂဏန်း ပြန်လွှတ်လာတာ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရတာတွေကြောင့်လည်း ပြည်သူတွေကြားထဲမှာ “ငတို့ တိုင်းပြည်ကြီးကတော့ဖြင့် မကြာခင်မှာ လွတ်မြောက်ပြီး ဖွံ့ဖြိုးတိုးတက်လာတော့မှာပဲ” လို့ မျှော်လင့်ချက်တွေ ရှိနေခဲ့ပါတယ်။
အခုတခေါက် မြန်မာပြည်ကို ပြန်ရောက်တဲ့အခါ တိုင်းပြည် အခြေအနေက အရင်နဲ့ လုံးဝကို မတူတော့ပါဘူး။ အပြောင်းအလဲ လေထုထဲမှာ လေကောင်းလေသန့်တွေ မပါဘဲ အနံ့ဆိုးတွေ ပါနေသလို ခံစားရပါတယ်။ မွတ်စလင် ဆန့်ကျင်ရေး အမုန်းတရားတွေ၊ အဓိကရုဏ်းတွေက မြို့ကြီးတွေမှာ ပျံ့နှံနေတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြိးတွေကိုယ်တိုင်က လူမျိုးပေါင်းစုံ နေထိုင်တဲ့လူ့အဖွဲ့အစည်းမှာ ဘာသာမတူသူတွေ ကြားမှာ ထိမ်းမြားလက်ထပ်ခြင်းကို ကန့်သတ်တဲ့ ဥပဒေ မူကြမ်းကို ရေးဆွဲပြီး ကြမ်းကြမ်းတမ်းတမ်း ဝင်မွှေနေတယ်။ ဥပဒေကြမ်းကို မထောက်ခံတဲ့ နိုင်ငံရေးသမားတွေကို နောက်သုံးနှစ်အကြာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကျရင် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်နေတယ်။ အာဏာရ နိုင်ငံရေးသမားတွေနဲ့ အတိုက်အခံတွေ နိုင်ငံရေးသမားတွေကလည်း ခေါင်းထောင်လာနေတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒတွေအပေါ် အမြတ်ထုတ်နေတယ်ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ အများယောင်လို့ လိုက်ယောင်ရင်လည်း ယောင်၊ ပြဿနာကို မမြင်ယောင်ဆောင် တာဝန်မယူ ခေါင်းရှောင်ချင်လည်း ရှောင် လုပ်နေကြတယ်။
ဒီလိုပဲ နောက်ထပ် ဆိုးတဲ့ ကိစ္စက တိုင်းရင်းသားတွေနဲ့ ဘာသာရေး အုပ်စုငယ်တွေကိုပဲ နှိပ်ကွပ်ခံနေရတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း အစွန်းရောက် ဝါဒနဲ့ နိုင်ငံရေးစားဖားဝါဒရဲ့ အသုံးချခံတွေ ဖြစ်နေတာကလည်း ပိုဆိုးလာပါတယ်။ ထိမ်းမြားလက်ထပ်ခွင့် ဥပဒေကြမ်းကိစ္စက ထင်ရှားတဲ့ သက်သေပါပဲ၊
မြန်မာပြည်မှာ စိုးရိမ်စရာအကောင်းဆုံးကိစ္စ၊ အလားအလာ မကောင်းဆုံး ကိစ္စကတော့ သမ္မတနဲ့ အင်အားကြီးတဲ့ အောက်လွှတ်တော်ရဲ့ ဥက္ကဌတို့ကြားထဲက သဘောထားကွာဟလာနေတဲ့ ကိစ္စပါပဲ။ အဆိုးဆုံးကတော့ အခုလို စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တစိတ်တပိုင်း သက်ဆိုင်နေတာပါပဲ။ အစိုးရနဲ့ သူရ ဦးရွှေမန်းတို့ကြားမှာ ဖြစ်နေတဲ့ သဘောကွဲမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းဘက်မှာ ရပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
မြန်မာပြည်မှာ နိုင်ငံရေး ပွင့်လင်းမှုရဲ့ အစ၊ ၂၀၁၁ ခုနှစ်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့အကြား ညှိနှိုင်းမှုတွေရဲ့ အစကာလမှာ လေ့လာသူတွေရဲ့ ကောက်ချက်က မြန်မာပြည်ရဲ့ အသွင်ပြုပြင်ပြောင်းရေး အောင်မြင်ဖို့ ဆိုရင် ကြီးသုံးကြီးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့ အကြားမှာ ဆက်ဆံရေး တည်ငြိမ်ဖို့က အခရာကျတယ်လို့ ဆိုကြတယ်။ လက်ရှိ အသွင်ကူးပြောင်းရေးရဲ့ အစကတည်းက သမ္မတနဲ့ လွှတ်တော် ဥက္ကဌတို့ ကြားထဲမှာ ပုဂ္ဂိုလ်ရေးအရ (လုပ်ငန်းသဘောအရလည်း အတိုင်းအတာတခုအထိ) အားပြိုင်တာတွေ တလျှောက်လုံး ရှိခဲ့ပါတယ်၊ ဒါပေမယ့် အခုတကြိမ်လောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာမျိုးတော့ တခါမှ မဖြစ်ခဲ့ပါဘူး။
မကြာခင်တုန်းကပဲ လွှတ်တော်ဥက္ကဌက အစိုးရရဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ လုပ်ငန်းစဉ်ကို ဝေဖန်ပါတယ်။ ကချင်နဲ့ အပစ်ရပ်ရေး ညှိနှိုင်းနေတဲ့ ကိစ္စကို လွှတ်တော်ရဲ့ တိုက်ရိုက် ဝင်ရောက်ဆောင်ရွက်ခွင့်အတွက် တောင်းဆိုခဲ့တယ်။ ငြိမ်ချမ်းရေး ဆွေးနွေးပွဲတွေဟာ ငြိမ်းချမ်းရေးမရဘဲ ဖြစ်နေတဲ့အကြောင်း လူထုတွေရဲ့ သဘောထားတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက တဆင့် သူ့ထံကို အကြောင်းထားတာတွေ ရှိနေတယ် လို့ ဦးရွှေမန်းက လွှတ်တော်မှာ ပြောခဲ့တယ်။
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ပြန်ခေါ်ဖို့ကိုတောင် သူက တောင်းဆိုခဲ့ပါတယ်။ စစ်တပ်က အာဏာလွှမ်းမိုးထားတဲ့ အဖွဲ့ဝင် ၁၁ ဦးနဲ့ ကျယ်ပြန်တဲ့ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ကောင်စီအစည်းအဝေးမှာ ငြိမ်းချမ်းရေးကိစ္စတွေမှာ ဗဟိုကော်မတီရဲ့ ကိုင်တွယ်ပုံတွေကို ဆွေးနွေးနိုင်ဖို့ ဆိုပြီး တောင်းဆိုလိုက်တာပါ။ ကာလုံ အစည်းအဝေးကို မကျင်းပတာ ကာလတခု ရှိနေရာကနေ ထုံးစံမဟုတ်ဘဲနဲ့ အခုလို အသက်သွင်းဖို့ ကြိုးပမ်းပုံကို ထောက်ပြီး တချိန်တုန်းက လွှတ်တော်ဥက္ကဌကြီးကို ပြုပြင်ပြောင်းလဲရေး ရှေ့ဆောင်ကြီးအဖြစ် ထင်နေကြတဲ့ လေ့လာသူတွေ အတော်များများကတောင် အံ့အားသင့်ကုန်ကြတဲ့ အထိပါပဲ။
ဦးရွှေမန်းရဲ့ ခြေလှမ်းတွေကို ကြည့်လိုက်ရင် သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရရဲ့ အကြံပေးအဖွဲ့ ငြိမ်းချမ်းရေး စင်တာက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ လက်ထောက်တွေကို အင်အားချည့်နဲ့ သွားစေဖို့ ရည်ရွယ်တာက ရှင်းပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း လတ်တလော ပြင်းထန်လာတဲ့ သုံးပွင့်ဆိုင် အာဏာလွန်ဆွဲပွဲမှာ သူ့ရဲ့ ဂုဏ်သိက္ခာ မပွန်းမပဲ့ခဲ့ရင်၊ နောက်ဆုံး ပေးထားတဲ့ ကတိအတိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ဘေးချော်မသွားရင်၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် ဒီနှစ်ကုန်လောက်ကျရင် နိုဗယ်ငြိမ်းချမ်းရေးဆုရဖို့ သေချာသလောက် ရှိနေတယ်လို့ ဆိုကြပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေအပေါ် ဦးရွှေမန်းရဲ့ လူသိရှင်ကြား ဝေဖန်မှု မတိုင်ခင်ကတည်းက မေလ နှောင်းပိုင်းလောက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အခုနှစ်တွေ အတွင်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေဟာ ဘာမှ လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ အပြောင်းအလဲတွေမရှိသေးလို့ ဝေဖန်ခဲ့ပါသေးတယ်။ အစိုးရကို ဆန့်ကျင်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းဘက်ကို မသိမသာပါ နေတာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ သြဇာအပေါ်မှာ အထိနာဆုံး ကိစ္စပါပဲ။
ပညာတတ်အသိုင်းအဝိုင်းနဲ့ စီးပွားရေးလောကသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို လူပေါင်းမှားမှာကို စိတ်ပူနေကြတယ်။ တိုင်းပြည်ထဲမှာ လူမျိုးရေး၊ ဘာသာရေး ပြသနာအစ ဆင်းရဲမွဲတေမှုအဆုံး ပြည်သူတွေအတွက် လက်ငင်းဖြေရှင်းပေးဖို့ ပိုအရေးကြီးတဲ့ အခက်အခဲတွေ ရှိနေတာကို လျစ်လျူရှုပြီး ဒေါ်အောင်ဆန်းကြည်အနေနဲ့ ရေပေါ်ဆီ နိုင်ငံရေး အသိုင်းအဝိုင်းမှာ အာရုံလွဲနေတာကိုလည်း လူထုအခြေပြု အဖွဲ့အစည်းတွေမှာ လှုပ်ရှားနေသူတွေက စိတ်ပျက်နေကြတယ်။
ကြည့်ရတာကတော့ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ် လာလေလေ၊ လက်ရှိ အာဏာလွန်ဆွဲပွဲတွေ ပြင်းထန်လာတာနဲ့ အမျှ တိုင်းရင်းသား အုပ်စုတွေအပါအဝင် သက်ဆိုင်သူတွေ အားလုံးဟာ ဘက်တဘက်ကိုတော့ မဖြစ်မနေ ဝင်ရပ်ဖို့ တွန်းပို့သလို ဖြစ်သွားမယ့် ပုံရပါတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ ဒီနှစ် နိုင်ငံရေး အခြေအနေဟာ အရင်ထက်ပိုပြီး စိုးရိမ်စရာ ကောင်းတဲ့ အနေအထားကို ဆိုက်နေတယ်ဆိုတာကို လေ့လာသူတွေ အားလုံးကြားထဲမှာ တသဘောတည်းရှိကြပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ စစ်တပ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိနိုင်တာက တပူပေါ် နှစ်ပူဆင့်သလိုပါပဲ။ ဒီ အာဏာလွန်ဆွဲပွဲမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်ဘက်မှာ ရပ်တည်သလဲ၊ ဒါမှမဟုတ် သူ့ဖာသာ နိုင်ငံရေး အာဏာ ထူထောင်နေသလားဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ အကယ်၍များ ဒုတိယလမ်းကို လိုက်နေတယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေးမှာ ရှုပ်သထက် ရှုပ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ခုလုံး ပွဲပျက်သွားနိုင်ပါတယ်။ လောလောဆယ် ဖြစ်သွားတဲ့ အီဂျစ် အခြေအနေကို ကြည့်ရင်ပဲ မြန်မာပြည်မှာလည်း နောက်ထပ် အာဏာသိမ်းမှုတစ်ခု ဖြစ်နိုင်ခြေအတွက် စိုးရိမ်မယ်ဆိုရင် အဆိုးလို့ မဆိုနိုင်ပါဘူး။ ။
Foreign Policy မဂ္ဂဇင်း၏ The Democracy Lab Blog ပါ Min Zin ၏ A State of Anxiety ကို ညီစောလွင် ဘာသာပြန်သည်။