Health

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မွန်ပြည်နယ်တွင် အမြင့်ဆုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယခုနှစ်တွင် မြန်မာတနိုင်ငံလုံး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူပေါင်း ၈ ထောင်ကျော်ရှိခဲ့ပြီး မွန်ပြည်နယ်သည် ဖြစ်ပွားမှု အမြင့်ဆုံး ပြည်နယ်တခု ဖြစ်နေကြောင်း ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေး ရောဂါဌာနစိတ်၏ စာရင်းဇယားများအရ သိရသည်။

ယခုနှစ်တွင် အဖြစ်များသော ဒေသများမှာ မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၄၆၈ ဦး ရှိပြီး အသေအပျောက်စာရင်း မရှိသေးကြောင်း၊ ဒုတိယ အဖြစ် အများဆုံးမှာ ရန်ကုန်ဖြစ်ကာ စုစုပေါင်း ၁၇၄၃ ဦးနှင့် သေဆုံးသူ ၅ ဦးရှိကြောင်း၊ တတိယ အများဆုံးဖြစ်သည့် ကရင်ပြည်နယ်တွင် ၁၁၇၆ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း၊ နေပြည်တော်တွင် ဖြစ်ပွားသူ ၈၅၆ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း၊ ပဲခူးတွင် ၈၀၃ ဦးရှိကြောင်း အဆိုပါဌာနမှ သိရှိရသည်။

သို့သော် ရန်ကုန်ကလေးဆေးရုံကြီးမှ ရရှိသောစာရင်းအရ ပြီးခဲ့သည့် ဇွန်လကုန်အထိ ရန်ကုန်ကလေးဆေးရုံကြီး တခုတည်းသို့ တက်ရောက်ကုသမှုခံခဲ့သည့် ကလေးပေါင်း ၁၇၂၇ ယောာက်ရှိခဲ့ပြီး သေဆုံးသူ ၇ ဦးရှိခဲ့ရာ သွေးလွန်တုပ်ကွေး ဌာနစိတ်မှ ရရှိသည့် ကိန်းဂဏန်းနှစ်ခု ကွာဟနေသည်ကို တွေ့ရသည်။

ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၅ ရက်နေ့အထိ ရရှိထားသော ကိန်းဂဏန်းများအရ မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားသူ စုစုပေါင်း ၈၈၆၉ ဦးနှင့် သေဆုံးသူ ၁၆ ဦး ရှိခဲ့ကြောင်း သွေးလွန်တုပ်ကွေးဌာနစိတ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအေးက ဧရာဝတီသို့ ပြောသည်။

“ဒီနှစ်က အဘိတ် (ပိုးလောက်လန်း သတ်ဆေး) တွေ အကုန်လုံး အစောကြီးကတည်းက ဝေထားပြီးသား။ အဖြစ်များတဲ့ နေပြည်တော်ရယ်၊ ရန်ကုန်ရယ်၊ ပဲခူးရယ်၊ ကရင်ရယ်၊ မွန်ရယ်၊ အဲဒီအတွက်ကို ဆေးမှုတ်စက်တွေ ထပ်ဝယ်ပေးဖို့ စီစဉ်နေပြီ။ ဆေးမှုတ်စက် အလုံး ၅၀ ထပ် ဝယ်ပေးသွားဖို့ နိုင်ငံတော်က ဘတ်ဂျက်ချထားပေးပြီးပြီ” ဟု ဒေါက်တာ နီနီအေးက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်၍ လူသိများလာခြင်း၊ စာရင်းပြုစုနိုင်မှု အားကောင်းလာခြင်းများကြောင့် ဖြစ်ပွားမှုနှုန်း မြင့်တက်လာသည်ဟု ထင်လာရပြီး သွေးလွန်တုပ်ကွေးသည် တခြား ကပ်ရောဂါများနှင့်အတူ ၄ နှစ် တကြိမ် ဖြစ်ပွားတတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ယခင်နှစ်များက ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က လှူဒါန်းသည့်  အဘိတ်ဆေးများကို သုံးစွဲခဲ့ရပြီး ယခုနှစ်တွင် အစိုးရဘကဏ္ဍာငွေမှ ဆေးမှုတ်စက်များ၊ စက်သုံးဆီများနှင့် အဘိတ်ဆေး ဝယ်ယူခြင်းများအတွက် သုံးစွဲရန် ကျပ်သိန်းပေါင်း ၁၅၀၀ ခန့် ချထားပေးကြောင်းလည်း ဒေါက်တာ နီနီအေးထံမှ သိရသည်။

တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတဦးက “ကျမတို့ ရပ်ကွက်ထဲမှာတော့ ရွေးကောက်ပွဲ မတိုင်ခင်က ကြံ့ခိုင်ရေးပါတီက ခြင်ဆေးလာမှုတ်တာတွေ ရှိဖူးတယ်။ အခု နောက်ပိုင်းမှာ ဘယ်အဖွဲ့ကမှ လာမမှုတ်ဘူး။ အရင်ကဆို ခြင်က ဒီလောက်မများဘူး။ အခု ၇ လွှာတိုက်ခန်းတွေ အထိတောင် ခြင်တွေက များလာတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးအဆင့်နှင့် ပြည်နယ်အဆင့်များသို့ ခြင်ဆေးမှုတ်စက်များ၊ သွေးစစ် ကိရိယာများ ဖြည့်တင်းပေးထားသော်လည်း၊ တပြည်နယ်လုံးအနှံ့ရှိ မြို့နယ်တိုင်းသို့ ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဒေါက်တာ နီနီအေးက “သွေးလွန်တုပ်ကွေးအတွက် ဆေးဖြန်းတယ်ဆိုတာက ပြည်သူတွေက ဖြန်းချင်တိုင်း လိုက်ဖြန်းပေးလို့ မရဘူး။ လူနာရှိမှ မှုတ်တယ်။ သွေးလွန်တုပ်ကွေးခြင်ကို တိုက်ရိုက် မှုတ်မှ သေတာကိုး။ လူထုက တောင်းဆိုရင် လိုက်မှုတ်ပေးဖို့က နောက်တဆင့်မှ စဉ်းစားနိုင်မယ်။ လူအင်အားလည်း မရှိဘူး။ ဝန်ထမ်းတွေက စွန့်စားမှုယူပြီး လုပ်ရတာ။ တကယ်လူနာရှိရင်တော့ ဖြန်းရမယ်။ လူနာရှိတဲ့ အိမ်ကိုမှုတ်ရင် ပတ်ဝန်းကျင်ကို ကာကွယ်ပြီးသားဖြစ်မယ်” ဟု ပြောသည်။

သူက ဆက်လက်၍ “ပေးထားတဲ့ဟာတွေက မြို့နယ်တိုင်းကို မပေးနိုင်ဘူး။ တိုင်းအဆင့်နဲ့ ပြည်နယ်အဆင့်တွေမှာ ဆေးမှုတ်စက်တွေ အကုန်လုံး ရှိတယ်။ မြို့နယ်အဆင့်တွေကတော့ မရှိနိုင်ဘူး။ အဖြစ်များတဲ့ မြို့နယ်တွေအတွက် ဆေးမှုတ်စက်တွေ ထပ်ဝယ်ပေးထားတယ်။ အခုထပ်ဝယ်ပေးရင် လိုနေတဲ့ တိုင်းနဲ့ပြည်နယ်မှာတော့ ပြည့်သွားမယ်။ အဖြစ်များနေတဲ့ တိုင်းနဲ့ ပြည်နယ်ပဲ ဖြည့်နိုင်တယ်။ တနိုင်ငံလုံး ဖြည့်ပေးဖို့က မဖြစ်နိုင်သေးဘူး” ဟု ဆိုသည်။

ယခုနောက်ပိုင်းတွင် တနေရာနှင့် တနေရာ ကူးလူးဆက်သွယ် သွားလာမှု ဖွံ့ဖြိုးလာခြင်း၊ ယခင်က ရေမဝပ်သော ကျေးရွာများတွင်ပင် မြို့ပြအသုံးအဆောင် စွန့်ပစ်ပစ္စည်းများကြောင့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများ ပေါများလာခြင်း၊ လူထု၏ ပူးပေါင်းပါဝင်မှု အားနည်းခြင်းများကလည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများလာသည့် အကြောင်းအရင်းများ ဖြစ်ကြောင်း သူက ပြောသည်။

“ရေရှားရင်ဖြစ်နိုင်တယ်။ ရေလှောင်တဲ့ နေရာတွေမှာ ခြင်ပေါက်ဖွားမှုနှုန်း များလာတယ်။ မိုးအရမ်းရွာရင် ခြင်မပေါက်။ မိုးရွာလိုက်၊ နေပူလိုက် ဆိုရင် ခြင်ပေါက်ဖွားမှုနှုန်း များလာတယ်။ နောက်တခုက ပြည်သူလူထုရဲ့  ပူးပေါင်းပါဝင်မှု။ လူတွေက ရောဂါဖြစ်တယ်၊ သေတယ်ဆိုတဲ့ အချိန်တွေမှပဲ ကြောက်တယ်။ ရေဝပ်တဲ့နေရာတွေမှာ ဖုံး၊ သွန်၊ လဲ၊ စစ်ကို ကြိုတင်ပြီး မလုပ်ကြဘူး။ ဖြစ်မှပဲ လုပ်ကြတယ်။ ဒါကို ကျန်းမာရေးဌာန တခုတည်း လုပ်လို့မရဘူးလေ” ဟု ဒေါက်တာ နီနီအေးက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading