ကယားပြည်နယ်ရှိ မော်ချီး ခဲမဖြူ သတ္တုတွင်းအား အစိုးရက တိုးချဲ့ထုတ်လုပ်ရန် ပြင်ဆင်နေမှုသည် ကယားပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း သဘောတူခဲ့သည့် တာဝန်ခံမှုများကို အစိုးရဘက်က ပျက်ကွက်ခြင်းပင် ဖြစ်ကြောင်း ကရင်နီ တိုးတက်ရေး ပါတီ (KNPP) က ပြောဆိုလိုက်သည်။
တရုတ်ကုမ္ပဏီတခုသည် လွန်ခဲ့သည့် လပိုင်းမျာက မော်ချီး အမှတ် ၁၃ ကုန်းတွင် လမ်းနှင့် အိမ်များ လာရောက်တိုးချဲ့ တည်ဆောက်သွားခဲ့ပြီး သတ္တုအကြီးအကျယ် ထုတ်လုပ်ရန် ပြင်ဆင်နေမှုများလည်း ရှိနေကြောင်း၊ ဇွန်လက အစိုးရ နှင့် KNPP တို့အကြား သဘောတူညီမှုများအရ အဆိုပါလုပ်ငန်းများ ပြည်နယ်တွင်း လုပ်ကိုင်မည်ဆိုပါက အသိပေးညှိနှိုင်း ရမည့် တာဝန်ရှိကြောင်း KNPP ဒု ဥက္ကဋ္ဌ ခူးဦးရယ်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့နဲ့ သဘောတူညီချက်ကို အစိုးရဘက်က လိုက်နာဆောင်ရွက်မှု ပျက်ကွက်တယ်လို့ ပြောလို့ရတယ်၊ အစိုးရ ဘက် က ပျက်ကွက်နေတာ ဒီတကြိမ်တည်းမဟုတ်ဘူး၊ အရင်တုန်းကလည်း ပျက်ကွက်တာတွေ ရှိပါတယ်”ဟု သူက ဆိုသည်။
ယခုနှစ် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက် နေ့များက KNPP နှင့် မြန်မာအစိုးရတို့ကြား ကယားပြည်နယ်အတွင်း မည်သည့် လုပ်ငန်း မဆို လုပ်ကိုင်ကြမည်ဆိုပါက ၂ ဘက် ပွင့်လင်းမြင်သာမှုရှိရေး၊ စီမံကိန်းလုပ်ငန်းများအတွက်လည်း ဒေသခံပြည်သူများ၏ သဘောထား ဆန္ဒကို ညှိနှိုင်းရယူရေး၊ အသိပေးရေး၊ ဒေသခံများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသခံများ၏ ဆုံးရှုံး နစ် နာ မှုများအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရေးများကို သဘောတူညီခဲ့ကြကြောင်း ခူးဦးရယ်က ပြောသည်။
“အထူးသဖြင့် အခုလို အကြီးစားစက်မှုလုပ်ငန်းတွေမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင် အနည်းဆုံးတော့ ကျနော်တို့နဲ့ ညှိနှိုင်းဆောင်ရွက်မှု၊ အသိပေးမှု ရှိရမယ်ဆိုတာတွေ ကျနော်တို့ ပြောခဲ့တာ”ဟု သူက ဆိုသည်။
တရုတ် ကုမ္ပဏီအနေဖြင့် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် လာရောက်လုပ်ကိုင်နေသည်ဟု နားလည်ကြောင်း၊ ထို့ ကြောင့် ပြည်နယ်အစိုးရကလည်း ခွင့်ပြုသည်ဟု ယူဆကြောင်း၊ သို့သော် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ ၂ ရပ်လုံးပါဝင်သည့်အတွက် အစိုးရ ၂ ရပ်လုံးမှ အသိပေးသင့်ကြောင်း သူက ဆက်ပြောသည်။
မော်ချီးဒေသ ခဲမဖြူ သတ္တု လုပ်ငန်း ဒေသမှာ စီမံကိန်း တိုးချဲ့လုပ်ကိုင်သည့်ကိစ္စသည် ဒေသခံ ပြည်သူများ၏ ဆန္ဒ သဘော ထား မပါသည့်အတွက် ယခုအခါ KNPP ဆက်ဆံရေးရုံးများမှတဆင့် လုပ်ငန်းရပ်ဆိုင်းပေးရန် ကန့်ကွက်စာများ လက်ခံရရှိနေ ကြောင်းလည်း ခူးဦးရယ်က ဆိုသည်။
“အခုလို လုပ်တာ ရေရှည်မှာ မကောင်းဘူးပေါ့။ သဘောတူညီမှုအရ ဘာပဲပြောပြော ကျနော်တို့နဲ့ မညှိနှိုင်းရင်တောင်မှ ဒေသ ခံလူထု ရဲ့ ဆန္ဒသဘောထား ယူရမယ်ဆိုတာ သူတို့မှာ တာဝန်ရှိတယ်”ဟု သူက ပြောသည်။
အစိုးရ၏ မော်ချီးသတ္တုတွင်း တိုးချဲ့ ထုတ်လုပ်ရေးအစီအစဉ်သည် ကယားပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်စီးစေ သဖြင့် ယမန်နေ့က မိုလိုအမျိုးသမီး၊ သတ္တုတွင်း စောင့်ကြည့်ရေးကွန်ရက်ကလည်း သတင်းထုတ်ပြန်မှုတခု လုပ်ခဲ့သည်။
“နိုင်ငံရေး စကားမပြောသေးခင် အစိုးရက ကျမတို့ရဲ့ တောင်တွေ၊ အိမ်ယာတွေကို ဖျက်ဆီးဖို့ တရုတ်တွေကို ခွင့်ပြုမယ် ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရက တိုက်ရိုက် ဖျက်လိုဖျက်ဆီး လုပ်တာပဲ”ဟု မိုလိုအမျိုးသမီး၊ သတ္တုတွင်း စောင့်ကြည့်ရေး ကွန်ရက်မှ မော်သိုးမြာ ကလည်း ဆိုသည်။
မိုလို အမျိုးသမီး သတ္တုတွင်း လေ့လာစောင့်ကြည့်ရေး ကွန်ရက်သည် ကယားပြည်နယ်တဝန်းလုံးရှိ သတ္တုတွင်း လုပ်ငန်းများကြောင့် လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ရင်ဆိုင်ကြုံတွေ့နေရသည့် အမျိုးသမီးများ အတွက် ကူညီ ပေးနေသော အဖွဲ့ဖြစ်သည်။
ထိုကဲ့သို့ သတ္တုတွင်း တိုးချဲ့ လုပ်ကိုင်မည့် အစီအစဉ်ကို ရပ်တန့်ရန် ဒေသခံရွာသား ၁၈၂ ဦးက လက်မှတ်ရေးထိုးထား သည့် ကန့်ကွက်စာကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) သို့ ပေးပို့ခဲ့သည်ဟု သိရသည်။
ယမန်နှစ်ကလည်း သတ္တုတိုးချဲ့ထုတ်လုပ်ရန် ဒေသခံရွာသားများကို ပြောင်းရွှေ့ရန် ပြောဆိုခဲ့သော်လည်း စီမံကိန်းအပေါ် ဒေသခံ နိုင်ငံသားများ သိပိုင်ခွင့်ရှိသည့် သတင်း အချက်အလက်များကို အသိပေးမှု မရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သတ္တုတွင်း ဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရတို့ထံ ဧရာဝတီက ဆက်သွယ်သော် လည်း အဆက်အသွယ်မရပေ။
မော်ချီး သတ္တုတွင်းကြောင့် ထိခိုက်နစ်နာမှုနှင့်ပတ်သက်ပြီး အဆိုပါ မိုလို အမျိုးသမီး သတ္တုတွင်း လေ့လာစောင့်ကြည့် ရေး ကွန်ရက်က “ဘုံ ပျောက်လာသည့် မော်ချီး ဒေသခံများ” ဆိုသည့် အစီရင်ခံစာတွင် အသေးစိပ်ဖော်ပြထားသည်။
ခဲမဖြူသတ္တုတူးဖော်မှု စီမံကိန်းကြောင့် ဘိုးဘွားပိုင်မြေများဆုံးရှုံးလာခြင်း၊ သတ္တုထုတ်လုပ်မှုနှင့် စွန့်ပစ်ပစ္စည်းများ ကြောင့် အဆုပ်ရောဂါ၊ ကျီးပေါင်း ရောဂါ စသည့် ကျန်းမာရေး ပြဿနာများ ဖြစ်လာခြင်း၊ သောက်သုံးရေ ပြဿနာ ရင်ဆိုင်လာရခြင်း၊ ခဲလုပ်သားများ၏ ဘ၀ လုံခြုံမှု အားနည်းခြင်း၊ သစ်တောပြုံးတီးခြင်း၊ မြေပြိုခြင်းစသည့် ဘေးထွက် ဆိုးကျိုးများ ရင်ဆိုင်လာရပုံကို အဆိုပါ ကွန်ရက်၏ အစီရင်ခံစာတွင် အပြည့်အစုံဖော်ပြထားသည်။
မော်ချီး ခဲမဖြူ၊ အဖြိုက်နက် သတ္တုတွင်းလုပ်ငန်းသည် ရှေးယခင်က ဒေသခံများက တနိုင်တပိုင်လုပ်ကိုင်လာရာမှ ၁၈၃၀ ခုနှစ် က အင်္ဂလိပ်အစိုးရ က သုတေသနပြုပြီးနောက် ကရင်နီစော်ဘွား ကေးဖိုးဒူနှင့် သဘောတူညီမှုရယူပြီး သတ္တုအမြောက်အများ စတင် တူးဖော်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၁၂ နှစ်တိုင် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် မော်ချီးသတ္တုတွင်းကို ဂျပန်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ချိန် ၂ နှစ်တာ လုပ်ကိုင်ပြိး အင်္ဂလိပ်အစိုးရမှ တဖန် ပြန် လည် လုပ်ကိုင်ခဲ့သည်။ ထို့နောက်ပိုင်း မြန်မာအစိုးရ အဆက်ဆက်က ယခုအချိန်အထိ ဦးစီး လုပ်ကိုင်နေသည့် သတ္တုတွင်း လုပ်ငန်းဖြစ်သည်။
မော်ချီးသတ္တုတွင်း လုပ်ငန်းကို ဦးပိုင် ကုမ္ပဏီလီမိတက်နှင့် အမှတ် ၂ သတ္တုတွင်း ဝန်ကြီးဌာန ထိန်းချုပ်မှုဖြင့် Kayah State Mining Product Company-KMPC က ယခုအထိ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။
ယမန်နှစ် အောက်တိုဘာလ အတွင်းကလည်း ကယားပြည်နယ်အတွင်း အစိုးရ စစ်တပ်များ သွားလာလှုပ်ရှားမှု၊ သင်တန်း ကျောင်း ဆောက်လုပ်မှုများနှင့် ပတ်သက်ပြီး KNPP ကို အသိပေးခြင်း မရှိသည့်အတွက် ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက် (KCSN) က “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ် ချက်” အစီရင်ခံစာ ထုတ်ပြန်၍ တာဝန်ပျက်ကွက်ကြောင်း ဝေဖန် ပြောဆိုခဲ့သေးသည်။
အစိုးရနှင့် KNPP သည် ယမန်နှစ် ဇွန်လအတွင်းက ပြည်ထောင်စု အဆင့် တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ၁၄ ချက် ရရှိထားသည်။