ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦးသည် အဖွဲ့ဝင်သစ် စုဆောင်း ရရှိရေး၊ လက်နက်နှင့် ငွေကြေးအကူအညီများ ရရှိရေးအတွက် မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း ဂျကာတာ ပို့စ် (Jakarta Post) သတင်းတရပ်တွင် ဖော်ပြထားသည်။
ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးမှာ Abu Arif နှင့် Abu Shafiyah တို့ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေးအဖွဲ့ (Rohingya Solidarity Organization – RSO) နှင့် ဆက်စပ်နေကြောင်း၊ တိုက်ခိုက်ရေးသမားများ၊ သေနတ်များ၊ ငွေကြေး နှင့် ဗုံးလုပ်နည်း သင်ပြသူများ ရရှိရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ရိုဟင်ဂျာ မွတ်စလင် ၃၀၀ ခန့်ကို တိုက်ခိုက်ရေး သင်တန်းများ ပေးထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များက ဖိနှိပ်နေခြင်းကို လက်တုန့်ပြန်မည် ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
အစ္စလမ် ဘာသာရေး အစွန်းရောက် မီဒီယာတခုဖြစ်သော Ar Rahmah Media Network ဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာများအပေါ် ခွဲခြား ဖိနှိပ်မှုများက ဒေသတွင်းနိုင်ငံများအထိ ရိုက်ခတ်သွားခြင်း ဖြစ်ကြောင်း၊ ရိုဟင်ဂျာများကို အသိအမှတ်ပြု ကရုဏာထားရန် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ မြို့တချို့တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် မေလအတွင်းက အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားခဲ့သည်။
ဂျမား အစ္စလာမီးယား (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahmanက လွှင့်တင်ထားသည်ဆိုသည့် အဆိုပါ Ar Rahmah ဝက်ဘ်ဆိုက်တွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာများအား လျှို့ဝှက်သင်တန်းပေးမှု မှတ်တမ်း ဓာတ်ပုံ ၂၈ ပုံ တင်ခဲ့ကြောင်း၊ ယင်းဓာတ်ပုံများက ရခိုင်တွင် ဆင်နွှဲမည့် “ဂျီဟတ်” အောင်နိုင်ရေးကို အားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတကာ အကြပ်အတည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့ (ICG) အကြီးတန်း အကြံပေး Sidney Jones က စင်ကာပူ အခြေစိုက် The Straits Times သတင်းစာသို့ “JI အဖွဲ့နဲ့ RSO အဖွဲ့အကြား အဆက်အသွယ်ကို လေ့လာကြည့်ရင် အာဖဂန် ပြဿနာကို ပြန်ရောက်သွားတယ်” ဟု မှတ်ချက်ပေးထားသည်။
အင်ဒိုနီးရှား နိုင်ငံသား Muhammad Jibril သည် ကရာချိမြို့ အခြေစိုက် JI အဖွဲ့ဝင်တဦးဖြစ်ပြီး အယ်လ်ကေးဒါး၊ တာလီဘန် အကြမ်းဖက်သမားများနှင့် ဆက်သွယ်မှု ရှိသဖြင့် ၂၀၁၁ ခုနှစ်တွင် အမေရိကန်က အမည်ပျက်စာရင်း သွင်းခဲ့သည်။
RSO အဖွဲ့ကို ၁၉၈၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များကို သင်တန်းပေးခြင်းများ ရှိခဲ့ကြောင်း၊ ယခုအခါ အကြမ်းဖက်အဖွဲ့များ ပြန်လည် ဆက်စပ်လာကြောင်း၊ ရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရိုဟင်ဂျာ မွတ်စလင် ၈ သိန်းတို့ အကူအညီရရှိရေး လှုပ်ရှားနေကြောင်း သိရသည်။
အကြမ်းဖက်ဝါဒ လေ့လာရေးပညာရှင် Rohan Gunaratna က The Straits Times သို့ ပြောကြားရာတွင် ရိုဟင်ဂျာ အစွန်းရောက်အုပ်စု ပြန်လည် အသက်ဝင်လာသော်လည်း မြန်မာပြည်တွင်းတွင် ထောက်ခံမှု မရနိုင်ကြောင်း ပြောသည်။ “သို့သော်လည်း အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ အရေးကြီးတာက နိုင်ငံတကာ လူ့အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ရှင်းလင်းပေးဖို့ပဲ” ဟု ၎င်းက ပြောထားသည်။