အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာ ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတင်းကျပ်ထားတဲ့ ရွှေတိဂုံ စေတီတော်ပေါ်ကို ဓား၊ ဓာတ်ခဲ၊ ဝါယာကြိုးတွေ သယ်ဆောင်လာသူ တဦးကို ဒီနေ့ မနက်မှာပဲ မသင်္ကာမှုနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။
ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုအပြီး ရွှေတိဂုံဘုရားပေါ်မှာ လုံခြုံရေးတင်းကျပ်ထားစဉ် ပထမဆုံး ဖမ်းဆီးမှု ဖြစ်ပြီး စစ်ဆေးချက်တွေ အရ ကာယကံရှင်ဟာ ဖောက်ခွဲရေးသမား မဟုတ်ကြောင်း၊ သို့သော်လည်း ဓားကိုင်ဆောင်လာတဲ့ အတွက် လက်နက် ဥပဒေ ၁၉ (င) နဲ့ အရေးယူထားကြောင်း သက်ဆိုင်ရာ ဒဂုံမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးသိန်းဝင်းက ပြောပါတယ်။
“သူက ကျပန်း အလုပ်သမားပါ။ မိထ္တီလာ ဝမ်းတွင်းဘက်ကပါ။ ဖောက်ခွဲရေးသမားတော့ မဟုတ်ပါဘူး၊ ဖောက်ခွဲရေး ပြုလုပ်လို့ရတဲ့ ပစ္စည်းတွေလည်း မတွေ့ရပါဘူး။ ဓား ကိုင်ဆောင်ထားတဲ့ အတွက် လက်နက်ဥပဒေနဲ့ ငြိစွန်းနေတဲ့ အတွက်တော့ ဖမ်းထားပါတယ်” လို့ စခန်းမှူး ဦးသိန်းဝင်းက ဧရာဝတီကို ပြောပါတယ်။
မသင်္ကာမှုနဲ့ ဖမ်းဆီး ခံထားရတဲ့ ကိုကျော်ဦးဟာ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်သား ဖြစ်ပြီး ဗုဒ္ဓဘာသာဝင် တဦးဖြစ်တယ်လို့ ရဲဘက်က ပြောပြချက် အရ သိရပါတယ်။
ဖမ်းဆီးစစ်ဆေးတဲ့ အချိန်က ကိုကျော်ဦးလွယ်ထားတဲ့ အိတ်ထဲမှာ ဓာတ်ခဲအကြီး ၃ လုံး၊ ဝါယာကြိုး ၁ ချောင်း၊ မီး ပိတ်/ဖွင့် ပြုလုပ်တဲ့ ခလုတ် ၁ ခု၊ အရိုးအသွား ၇ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်း၊ ၈/ ၁၀ ဆိုဒ် ဂွ ၁ ချောင်း၊ ကိုရီးယား ဝမ်ငွေ ၁၀၀၀ တန် ၁ ရွက်နဲ့ ဗီယက်နမ် ဒေါင်ငွေ ၁၀၀၀၀ တန် ၁ ရွက်ကို တွေ့ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကလည်း လူမှု ဆက်သွယ်ရေး ကွန်ရက် facebook ကတဆင့် ထုတ်ပြန်ထားပါတယ်။
ကိုကျော်ဦးကို ဖမ်းဆီးစစ်ဆေးချိန် ရွှေတိဂုံဘုရားမှာ ရဲတပ်ဖွဲ့ဝင် အင်အား တော်တော်များများကို တွေ့လိုက်ရတယ်လို့ မျက်မြင် တွေ့ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ နေရာတနေရာဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ဘီဟာရ်ပြည်နယ် ဗုဒ္ဓဂယာမှာ ဇူလိုင်လ ၇ ရက်နေ့က ဗုံးခွဲခိုက်မှု တခုဖြစ်ပွားခဲ့ပြီး အဲဒီဗုံးပေါက်ကွဲမှုမှာ လူ ၂ ဦး ဒဏ်ရာ ရရှိခဲ့ပြီး တဦးဟာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စာသွားရောက် သင်ယူနေတဲ့ ရဟန်းတပါး ဖြစ်တယ်လို့သိရပါတယ်။
အဲဒီပေါက်ကွဲမှု ဖြစ်အပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ရွှေတိဂုံဘုရားနဲ့ မဟာမြတ်မုနိ ဘုရားတွေလို နာမည်ကြီး ဘုရားတွေမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေးကို အထူးတင်းကျပ်စွာ ချထားခဲ့ပါတယ်။
“ကျနော်တို့ကတော့ ရွှေတိဂုံဘုရား တဝိုက်မှာတင် လုံခြုံရေးအင်အား ၂၀၀ ကျော်သုံးထားပါတယ်” လို့ စခန်းမှူး ဦးသိန်းဝင်း က ပြောပါတယ်။
ရန်ကုန်တိုင်း ရဲမှူးကြီး ဦးသိန်းလွင် ကလည်း အခုရက်ပိုင်းနဲ့ ဇူလိုင် ၁၉ အာဇာနည်နေ့ မတိုင်ခင်မှာ ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူတွေနဲ့ ဘုရားဂေါပက အဖွဲ့တွေကို “လုံခြုံရေး အသိ၊ လုံခြုံရေး သတိနဲ့နေဖို့ ပြောထား ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ယခုရက်ပိုင်းတွင် ရန်ကုန်တိုင်း အတွင်းက မြို့နယ်တချို့မှာ ဧည့်စာရင်း တိုင်တန်းနေထိုင်ရန် ထုတ်ပြန်မှုတွေ ပြုလုပ်ထားတာ တွေ့ရသလို၊ ပြည်လမ်းမ အပါအဝင် လမ်းမကြီး တချို့ပေါ်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ချထားတာကို တွေ့မြင်ရတာတွေနဲ့ ပတ်သက်ပြီး “လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ပါ” လို့ ရန်ကုန်တိုင်း ရဲမှူးကြီးက ဆက်ပြောပါတယ်။
ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဆဲ ဖြစ်ပါတယ်။ ဗုဒ္ဓဂယာမှာ တပ်ဆင်ထားတဲ့ CCTV ၁၆ လုံးကို အာဏာပိုင်များ က ပြန်လည် စစ်ဆေးရာမှာ ဗုံးမပေါက်ကွဲမီ အမျိုးသမီးတဦး အပါအဝင် မသင်္ကာဖွယ်ရာ လူ ၆ ဦးဟာ ဗုဒ္ဓဂယာကို ရောက်လာခဲ့တယ်လို့ International Business Times ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ CCTV မှာပေါ်နေတဲ့ အရုပ်တွေဟာ မသဲကွဲတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့တော့ မရသေးဘူးလို့ သိရပါတယ်။