မိတ္ထီလာ အဓိကရုဏ်းကြောင့် ဖမ်းဆီးထားသူများကို ဆက်လက် စစ်ဆေးနေရာ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် တရားခံ ၃ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ် ပေးလိုက်ပြီး ပြစ်မှု မထင်ရှားသည့်အတွက် ၃ ဦးကို တရားသေ လွှတ်ပေး လိုက်ကြောင်း သိရသည်။
ပြစ်ဒဏ် ကျခံရသူများမှာ သီရိမင်္ဂလာ ရပ်ကွက်အတွင်း အခြေခံ ပညာ မူလတန်းကျောင်းနှင့် မြို့နယ် သမဝါယမအသင်းရုံးကို မီးရှို့ဖျက်ဆီးမှုကြောင့် အစ္စလမ် ဘာသာဝင် ကျော်ကျော် (ခ) ဟာနစ်၊ သန်းလွင် (ခ) မိုဟာမက်ဟာနစ်တို့ ၂ ဦးကို မီးရှို့ဖျက်ဆီးမှု၊ ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှုများဖြင့် ပုဒ်မ ၃ ခုကို တပေါင်းတည်း ကျခံစေရန် ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ပေးလိုက်ကြောင်း၊ အလားတူ ဗုဒ္ဓဘာသာဝင်တဦးဖြစ်သည့် ငရဲ (ခ) ရဲဝင်းနိုင်ကိုလည်း မီးရှို့မှုဖြင့် ပြစ်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း မြို့နယ် တရားရုံး မှတ်တမ်းများအရ သိရသည်။
ထို့အပြင် ပြစ်မှုမထင်ရှားသည့်အတွက် ဗုဒ္ဓဘာသာဝင် နေမင်းအောင် (ခ) ကျောက်ခဲနှင့် တခြားသူ ၂ ဦးကို တရားသေ လွှတ်ပေးလိုက်ကြောင်း သိရသည်။ ယနေ့အထိ ဖမ်းဆီးထားသော လူပေါင်း ၁၂၀ ဝန်းကျင်အနက် ပြစ်မှုမထင်ရှားသဖြင့် လွှတ်ပေးလိုက်သူ ၁၅ ဦးခန့်ရှိပြီဖြစ်ကြောင်း၊ ယင်းလူများထဲတွင် ဗုဒ္ဓဘာသာဝင်များ၊ အစ္စလမ်ဘာသာဝင်များ ပါဝင်ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“အခုဆိုရင် ဖမ်းထားတဲ့ အားလုံးထဲက ပြစ်ဒဏ်ချတာ တဝက်လောက် ပြီးသွားပြီ။ ထင်ယောင် ထင်မှားနဲ့ အချုပ်ခံရတဲ့သူတွေ က တရားရုံး ရောက်တဲ့အခါမှာ သက်သေမခိုင်လုံလို့၊ ပြစ်မှု မကျူးလွန်လို့ လွှတ်ပေးလိုက်တာ။ တကယ်ကျူးလွန်တဲ့ သူတွေ ကိုတော့ ပြစ်ဒဏ် ချလိုက်တယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယနေ့ပြစ်ဒဏ် ချမှတ်ခံရသူများသည် မီးကွင်းပစ်၊ မီးလောင်စေသောကြောင့် ပြစ်မှုထင်ရှားသဖြင့် ပုဒ်မ ၃ ခုနှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သော်လည်း ပြစ်ဒဏ်အားလုံးကို တပေါင်းတည်း ကျခံစေရန် တရားသူကြီးမှ ဆုံးဖြတ်ခဲ့သော ကြောင့် ထောင်ဒဏ် ၁၅ နှစ် ခံရမည့်အစား ၅ နှစ်သာ ခံရတော့မည်ဖြစ်ကြောင်း၊ လျှော့ပေါ့ပေးသည့် သဘောတွင်ရှိကြောင်း အစ္စလမ် ဘာသာဝင်များ ဘက်မှ လိုက်ပါဆောင်ရွက် ပေးသော အမည်မဖော်လိုသည့် ရှေ့နေအမျိုးသမီးက ဧရာဝတီသို့ ပြောသည်။
“တရားခွင်က လွတ်လပ်ပါတယ်။ တရားစီရင်တာလည်း မျှတတယ်လို့ ယူဆလို့ရတယ်။ အမှုတွေကတော့ မြို့နယ်ကရော၊ ခရိုင်ကရော ပြစ်ဒဏ် ပေးတာတွေရှိသလို၊ မြို့နယ်တခုတည်း ပြစ်ဒဏ် ပေးတာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။
ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဗုဒ္ဓဘာသာဝင် တဦးကို ထောင်ဒဏ် ၅ နှစ်၊ မီးရှို့မှုဖြင့် ချမှတ်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့က လူသတ်မှု၊ မီးရှို့မှုများဖြင့် ၁၅ ဦးကို ခရိုင်တရားရုံးက ၁ နှစ်မှ ၁၈ နှစ် အထိ ပြစ်ဒဏ် အသီးသီး သီးခြားကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း၊ မြို့နယ်တရားရုံးက ပြစ်မှုကျူးလွန်သူ ၇ ဦးကို ထောင်ဒဏ် ၂ နှစ်စီဖြင့် ပြစ်ဒဏ် အသီးသီးကို တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း တရားရုံး မှတ်တမ်းများအရ သိရသည်။
အစ္စလမ် ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင် ၂ ဘက်စလုံးကို တရားခံများဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသော ရှေ့နေများသည် လုပ်ထုံးလုပ်နည်းအတိုင်း တရားသေ လွှတ်ပေးရန်သာ တောင်းဆိုခဲ့ကြကြောင်း၊ တရားခွင်အတွင်း သက်သေများ စစ်မေးရာ တွင်လည်း လွတ်လပ်မှုရှိကြောင်း ဗုဒ္ဓဘာသာဝင်များဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးဘဆန်းက ဧရာဝတီသို့ ပြောသည်။
“တရားခွင်ထဲကိုတော့ သတင်းသမားကလွဲလို့ ဘယ်သူမှ ဝင်ခွင့်မပေးပါဘူး။ တရားခံတွေရဲ့ မိသားစုတွေလည်း ဝင်ခွင့်မ ပေးပါဘူး။ လုံခြုံရေး အခြေအနေအရကော၊ မိသားစုတွေနဲ့ တရားခံတွေ စကားပြောနေ၊ အော်ဟစ်နေရင် တရားခွင် အနှောင့် အယှက် ဖြစ်မှာမို့လို့ ပေးမဝင်ဘူး” ဟု ၎င်းက ဆိုသည်။
မိတ္ထီလာမြို့တွင် ညမထွက်ရ အမိန့်ကို နောက်ထပ် တနာရီ နောက်ဆုတ်ပေးလိုက်ပြီး ယခင် ည ၉ နာရီမှ မနက် ၅ နာရီအ စား၊ ည ၁၀ နာရီမှ မနက် ၄ နာရီသို့ ပြောင်းလဲ ပေးလိုက်ကြောင်း သိရသည်။
အစ္စလမ် ဘာသာဝင်များ၏ ဥပုသ်လ ဖြစ်သောကြောင့် ဗလီဝတ်ကျောင်း ၃ ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်သော်လည်း မြို့ ပေါ်ရှိ အစ္စလမ် ဘာသာဝင် ဦးရေနှင့် မျှတမှု မရှိသည့်အတွက် လမ်းပေါ်တွင် ဝတ်ပြုဆုတောင်းမှုများ ရှိခဲ့ရာ ယနေ့တွင် အများ ပြည်သူများ အနှောင့်အယှက် ဖြစ်မည် စိုးရိမ်သောကြောင့် လမ်းပေါ်တွင် ဝတ်ပြုဆုတောင်းမှု မပြုလုပ်ရန် လာရောက် တားမြစ် လိုက်ကြောင်း မိတ္ထီလာမြို့ အရှေ့ပြင်အရပ်မှ အစ္စလမ်ဘာသာဝင် ဒေသခံ ဦးရန်အောင်က ဧရာဝတီသို့ ပြောသည်။
“ဒီမှာ လူဦးရေနဲ့ ဖွင့်ထားတဲ့ ဗလီနဲ့က မမျှတတော့ဘူး။ အရင်ရက်က လမ်းပေါ်အထိ မတ်တပ်ရပ်ပြီး ဝတ်ပြုတာတွေလုပ် ပေမယ့် တိုင်တန်းတဲ့ သူတွေရှိလာလို့ ဒီနေ့ကစပြီး အဲဒီလို ဝတ်ပြုလို့မရတော့ဘူး။ နောက်ထပ် ဗလီတွေ ထပ်ဖွင့်ပေးမယ် ဆိုရင်တော့ ပိုကောင်းမယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလမ် ဘာသာဝင်တို့အကြား ထပ်မံ ပဋိပက္ခ မဖြစ်ပွားစေရန် လမ်းပေါ်ထွက်ပြီး ဝတ်ပြုမှုများ မပြုလုပ်ခြင်းက ပိုမိုကောင်းမွန်မည်ဟု ယူဆကြောင်း ဒေသခံ ဗုဒ္ဓဘာသာဝင် တချို့က ပြောသည်။
“ကျမတို့ကတော့ အခုချိန်အထိ လန့်နေရသေးတုန်းပဲလေ။ ဒါ့ကြောင့် ဒီလို လူမြင်ကွင်းအထိ ဝတ်ပြုတာမျိုးတော့ မဖြစ်စေချင် ဘူး။ သူတို့ရဲ့ ဘာသာရေး ကိစ္စကို နှောင့်ယှက်တာမျိုးတော့ မဟုတ်ပေမယ့် သိုသိုသိပ်သိပ်လေးတော့ နေရမယ့်အချိန်လို့ ယူဆတယ်” ဟု မိတ္ထီလာမြို့ အရှေ့ပြင်အရပ်မှ ဗုဒ္ဓဘာသာဝင် ဒေသခံတဦးက ဆိုသည်။