နေပြည်တော်ကျင်းပသော လွှတ်တော် အစည်းအဝေးများတွင် ပြည်သူလူထု အကျိုးစီပွား ထိခိုက်စေသည့် မေးခွန်း၊ အဆို နှင့် ဥပဒေပြုရေး ကိစ္စရပ်များ ဆွေးနွေးသောအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုက ကန့်ကွက်ဆွေးနွေးမှု နည်းပါးလာသဖြင့် NLD အပါအဝင် အတိုက်အခံ လွှတ်တော်အမတ်များ အပေါ် ပြည်သူများက မေးခွန်းထုတ်လာကြသည်။
နှစ်ပေါင်းများစွာ ပြည်သူလူထု၏ အားကိုး ယုံကြည်မှုရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်
အတိုက်အခံ လွှတ်တော် အမတ်များသည် ဥပဒေပြုရေးကိစ္စရပ်များတွင် အားမသန်ဘဲ စွမ်းဆောင်နိုင်ရည် (Capacity) အားနည်းသည်ဟု နိုင်ငံရေး စောင့်ကြည့် လေ့လာသူများက ဧရာဝတီသို့ ပြောဆိုသည်။
ယခုတကြိမ် ပြန်လည်ကျင်းပသည့် လွှတ်တော်တွင် လူထုအကျိုးစီးပွားကို ထိခိုက်စေသော အဆိုနှင့် ဥပဒေပြုမှု ဖြစ်စဉ် နှစ်ရပ် ပေါ်ထွန်းခဲ့ပြီး ပထမဖြစ်စဉ်မှာ ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်သွယ်ရေး အော်ပရတာ တင်ဒါပေးမှု ဆောင်ရွက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်တဦးက အရေးကြီးအဆိုတင်သွင်းမှုကို အတိုက်အခံ လွှတ်တော် အမတ်များက လုံး၀ ကန့်ကွက်မရှိဘဲ အတည်ပြုခဲ့ခြင်း၊ ဒုတိယဖြစ်စဉ်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်နှင့် ထုတ်ဝေဥပဒေကြမ်းကို အတည်ပြုသောအခါ အတိုက်အခံ လွှတ်တော်အမတ်များက ကန့်ကွက်ခြင်း၊ ဝင်ရောက်ဆွေးနွေးခြင်းမပြုဘဲ လွှတ်တော်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့ကြခြင်း တို့ကို ထောက်ပြပြီး အတိုက်အခံများ ဘာလုပ်နေကြသလဲဟု မေးမြန်းနေကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွှေးကောက်ပွဲ နိုင်ပါက ပြည်တွင်း ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို လုပ်ဆောင်ပေးမည်ဟု လူထုကို ကတိပြုခဲ့ သော်လည်း ယခုလွှတ်တော်တွင်း ရပ်တည် ဆောင်ရွက်ချက်များကို ကြည့်မည်ဆိုပါက ပေးထားသော ကတိနှင့် လက်ရှိ အခြေအနေမှာ ဆီလျှော်မှုမရှိဟု အမေရိကန်ပြည်ထောင်စုရှိ၊ ဘာကလေတက္ကသိုလ်တွင် နိုင်ငံရေး သိပ္ပံ ပါရဂူဘွဲ့စာတမ်း ရေးသားနေသူ ဦးမင်းဇင်က သုံးသပ်သည်။
”အခုပုံနှိပ်ဥပဒေကို စာနယ်ဇင်းသမားတွေက ဒီလောက်ကန့်ကွက်နေတာတောင်မှ အတိုက်အခံ ပါတီက ထမေးခွန်း ထုတ်တာတောင်မရှိဘူး။ နိုင်ငံရေးသမားတွေက နိုင်ငံရေး မျှော်မှန်းချက်တွေနဲ့ သူတို့ကြားထဲမှာ အပေးအယူတွေ ရှိနိုင်တယ်။ နားလည်မှုတည်ဆောက်တာတွေ ရှိနိုင်တယ်။ ဒါတွေကို ပြည်သူလူထုသိအောင် မီဒီယာတွေ သိအောင်မချပြတာလည်း ဖြစ်နိုင်တယ်။ အခုအချိန်မှာတော့ မီဒီယာတွေ အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေကပါ အစိုးရကိုရော၊ အတိုက်အခံ တွေကိုရော မေးခွန်းထုတ်ရမယ့် အချိန် ရောက်နေပြီ”ဟု ဦးမင်းဇင်က ပြောသည်။
နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင်ကလည်း လွှတ်တော်တွင် အတိုက်အခံအမတ်များသည် လွှတ်တော်နိုင်ငံရေးကို အသားမကျသေးဘဲ ပြည်သူလူထုနှင့် ထိတွေ့သော လုပ်ငန်းများကိုသာ ပိုမိုအားသန်နေကြောင်း ၊ NLD ပါတီသည် ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့ကိုလည်း အပြီးသတ် လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ဆောင်ရွက်နေဆဲဟုသာ ပြောနိုင်ကြောင်း သုံးသပ်သည်။
”အရင်တုန်းက စစ်အစိုးရကို အတိုက်အခံလုပ်ရတာ။ အခုက အတိုက်အခံလုပ်ဖို့က မူဝါဒ တွေလိုလာပြီ။ ဘယ်ကိစ္စမျိုးကို အတိုက်အခံ လုပ်မှာလဲ။ NLD လွှတ်တော်ထဲဝင်သွားတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ဆိုတော့ ဒီကိစ္စက အရေးကြီးဆုံးပဲ။ အဲဒီအပေါ်မှာ သူတို့ဘယ်လောက် အာရုံစိုက်နေသလဲ။ အခုဖြစ်နေတာက ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ဖြေရှင်းမယ့် လူတွေရဲ့ Capacity က မမျှဘူးဖြစ်နေတယ်။ ဆိုလိုချင်တာက အရေအတွက်ရော၊ အရည်အချင်း ကိုရော ပြောတာ”ဟု မဇင်မာအောင်က ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်က လွှတ်တော်တွင် NLD အမတ်များ၏ ဆောင်ရွက်ချက်များကို မှတ်ချက် မပြုလိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် အကောင် အထည်ဖော်နေသော အမျိုးသား ပြန်လည် သင့်မြတ်ရေးမူအရ ကြံခိုင်ရေးပါတီ၊ စစ်တပ်တို့နှင့် လက်တွဲလုပ်ကိုင်နေရ၍ အတိုက်အခံဟူသော ဂုဏ်ပုဒ် ပျောက်ကွယ်မည်ကို စိုးရိမ်သည်ဟု ပြောသည်။
”အမျိုးသား ပြန်လည် သင့်မြတ်ရေး တခုတည်းလုပ်လို့ရှိရင် တဖြည်းဖြည်းနဲ့ NLD ဟာ စစ်တပ်နဲ့ တွဲလုပ်တဲ့အဆင့် ရောက်သွားမယ်။ သို့မဟုတ်ရင်လည်း ကြံဖွတ်နဲ့ တွဲလုပ်တဲ့အဆင့်ရောက်သွားမယ်။ အောက်ခြေမှာကျတော့လည်း NLD ဆိုတာ စစ်တပ်နဲ့ တွဲလုပ်နေတာပါ။ ပြည်သူလူထုကြားထဲမှာလည်း စစ်တပ်နဲ့ တွဲလုပ်နေတာပါဆိုပြီး မြင်သွား လိမ့်မယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် သမ္မတ ဖြစ်ချင်ပါတယ်လို့ ပြောလာတော့ ဘာကိုပြလဲဆိုရင် ကျနော်တို့ဟာ အတိုက်အခံဖြစ်တယ်ဆိုတာ ပြတာ။ အဲဒီတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးလိုင်းနဲ့ အတိုက်အခံစိတ်ဓာတ်လိုင်း ၂ ခုပေါင်းလုပ်မှ ကျနော်တို့ ပါတီက ပုံမှန်ကြီးထွားလာပြီး ပြည်သူလူထုကလည်း ပါတီကို နားလည် သဘောပေါက်လာလိမ့်မယ်”ဟု ဦးဝင်းတင်က သုံးသပ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပါလီမန် ကော်မတီတခု ဖွဲ့စည်းထားပြီး ယင်းကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ ပုသိမ်အမတ် ဦးဝင်းမြင့်တို့က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကြောင်း၊ လွှတ်တော်တွင်း ဆွေးနွေးသော အဆိုများ၊ မေးခွန်းများကို ကော်မတီခွဲ ၈ ခုက
လမ်းကြောင်း ပုံဖော်ခြင်း ဖြစ်ကြောင်း NLD လွှတ်တော်အမတ်များထံမှ သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ ပြည်သူ့ လွှတ်တော် အမတ် ဦးဖြိုးမင်းသိန်းက လွှတ်တော်တွင် မေးခွန်း၊ အဆိုနှင့် ဥပဒေကြမ်းများ မေးမြန်းဆွေးနွေးသည့် NLD အမတ်များ၏ ဆောင်ရွက်ချက်ကိုသာကြည့်၍ လွှတ်တော်အတွင်း အတိုက်အခံအမတ်များ အလုပ်မလုပ်ဟု မပြောနိုင်ကြောင်း၊ လွှတ်တော်တွင်း ရောက်ရှိနေသော NLD အမတ်
၄၅ ဦးဖြင့် လွှတ်တော်ကော်မတီ ၂၄ခု တွင် တာဝန်ခွဲဝေယူ အလုပ်လုပ်နေရသည်မှာ မလွယ်ကူကြောင်း၊ မီဒီယာအနေဖြင့် လွှတ်တော်လုပ်ငန်းအဆင့်ဆင့်ကို နားလည်ရန်လိုအပ်သည်ဟု ဆိုသည်။
” တချို့ ဥပဒေတွေမှာတော့ Public Hearing မလုပ်လိုက်နိုင်ဘူး။ လွှတ်တော်ဘက်က Public Hearing မလုပ်နိုင်တာကို ကျနော်တို့ ဝန်ခံပါတယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း စွယ်စုံမကျွမ်းကျင်ဘူးလေ။ Public Hearing အားနည်းနေတဲ့ အချိန်မှာ အပြင်ကအသံတွေ ကျနော်တို့ မကြားလိုက်တာ ရှိတယ်။ အဖွဲ့ချုပ်အနေနဲ့ကတော့ လူထုအသံကို နားစွင့်ပါတယ်။ လွှတ်တော်အနေနဲ့ကလည်း ပြည်သူအသံ နားထောင်လို့ရအောင် ဘတ်ဂျက်သုံးသင့်တယ်လို့ထင်တယ်”ဟု ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။
မြန်မာ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကမူ ” အတိုက်အခံဆိုတာ ပြည်သူဘက်က ရပ်တဲ့၊ အစိုးရ လုပ်သမျှကို သံသယနဲ့ ပြည်သူ့အတွက် စောင့်ကြည့်ဝေဖန်တတ်တဲ့သူကို ခေါ်တာပါ။ ပြည်သူဘက်က ရပ်ပြီး၊ အစိုးရကို အတိုက်အခံ လုပ်ဝံ့တဲ့သူတွေကို ဆိုလိုတာပါ။ ရှင်းရှင်းပြောရရင် လွှတ်တော်မှာဆွေးနွေးနိုင်ဖို့ဆိုတာ ဝမ်းစာ အတော်လေး လိုပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ ဝမ်းစာလိုပါတယ်။ အဲဒီဝမ်းစာကို စုဆောင်း ပေးမယ့် ရုံးအဖွဲ့တွေ လိုပါတယ်။ ကိုယ်တိုင်ရဲ့အရည်အသွေးလိုပါတယ်။ ဝမ်းစာ မရှိရင်တော့ ထိုင်နေရုံပဲရှိမယ် ထင်ပါတယ်။ လွှတ်တော်အမတ်တွေ အနေနဲ့ပြည်သူတွေဘက်က ရပ်တည်ဆွေးနွေးဖို့အတွက် ဦးနှောက်ဝမ်းစာကို ဖြည့်ရပါမယ်”ဟု သုံးသပ်ပြောဆိုသည်။
ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အတိုက်အခံပါတီဖြစ်ကြောင်း၊ အတိုက်အခံပါတီဟု ပြောနိုင်ခြင်းမှာ လွှတ်တော်တွင်းရောက်ရှိနေသော အင်အားစုတစ်ခုကိုဆိုလိုခြင်း မဟုတ်ဘဲ အစိုးရနှင့်မတူသော မူဝါဒ၊ လမ်းစဉ်နှင့် ယုံကြည်ချက်များကြောင့် အတိုက်အခံဟု ဆိုလိုခြင်းဖြစ်ကြောင်း
ပြောသည်။
ပြည်သူလူထုဆန္ဒမဲဖြင့် လွှတ်တော်ထဲသို့ ရောက်ရှိလာသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ရွှေးကောက်ပွဲ အကြိုကာလတွင် ပြည်သူလူထုကို ပေးခဲ့သောကတိကို အကောင်အထည်ဖော်ပေးရန် လိုအပ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့်က ပြောသည်။
” မိမိတို့ လွှတ်တော်ထဲလာတာ ဘာကြောင့်လာသလဲ။ လာတဲ့အကြောင်းကို ပြည်သူလူထူကို အတိအလင်း ပြောပြီးရင်တော့ ပြောတဲ့အတိုင်း ကတိတည်ဖို့လိုတယ်။ ကျနော်ဆိုရင် ပြည်သူ့လွှတ်တော်မှာ တယောက်တည်း။ ဒါပေမယ့် ရွှေးကောက်ပွဲကာလမှာ ပြည်သူလူထုကို ကတိပေးခဲ့တဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တို့အတွက် ဒီမဟာဗျူဟာအတိုင်း ကျနော်တို့ ကြိုးပမ်းနေတာပဲ”ဟု ဦးသိန်းညွှန့်က ဆိုသည်။
ပြည်သူလူထုအကျိုးစီးပွားထိခိုက်စေသော ကိစ္စရပ်များတွင် NLD အမတ်များ ဝင်ရောက် မဆွေးနွေးခြင်းမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြံ့ခိုင်ရေးပါတီနှင့် နိုင်ငံရေး အရ ညှိုနှိုင်းထားမှုများကြောင့်ဟု ဆိုသော ယူဆချက်များ နိုင်ငံရေး အသိုင်းအဝိုင်း တွင် ထွက်ပေါ်နေသော်လည်း ဦးဖြိုးမင်းသိန်းက ယင်းပြောဆိုချက်များကို ပယ်ချလိုက်သည်။
”ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာတော့ နှစ်ဖက်အလျှော့အတင်းတွေ ရှိနိုင်လိမ့်မယ် လို့ထင်တယ်။တခြား အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်တော့ အလျှော့အတင်းလုပ်စရာ အကြောင်းမရှိပါဘူး။ သက်ဆိုင်တဲ့ အစိုးရဌာနတွေနဲ့ လွှတ်တော်ရေးရာကော်မတီတွေကြားမှာတော့ ညှိနှိုင်းမှုလေးတွေတော့ ရှိနိုင်တယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ဒေါက်တာရန်မျိုးသိမ်းက NLD ပါတီသည် ပြည်သူအတွက် လွှတ်တော်တွင် အတိုက်အခံ အဖြစ်ရပ်တည်ရန် အကြံပေးအဖွဲ့ပုံစံမျိုးကို ဖွဲ့သင့်ပြီး လွှတ်တော် ကိုယ်စားလှယ်များအတွက် အကြံပေးအလုပ်အဖွဲ့မျိုးကိုပါ အားကောင်း မောင်းသန် ဖြစ်စေရန် လုပ်ဆောင်သင့်ကြောင်း သုံးသပ်သည်။