အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၁)

အက်ဒ်ဝပ် အက်စ်ပင်နယ်လ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သော ဆယ်နှစ်ခန့်ကဆိုလျှင် အင်ဒိုနီးရှားနိုင်ငံအား အောင်မြင်သော ဒီမိုကရေစီနိုင်ငံ တနိုင်ငံအဖြစ် မြင်ရမည့် အရိပ်အရောင်မျိုးကို မတွေ့ရချေ။ စီးပွားရေး ဆုတ်ယုတ်မှုနှင့်အတူ မွေးဖွားလာသည့် ခေတ်သစ်သမိုင်းတွင် တွေ့ရခဲသော ဒီမိုကရေစီနိုင်ငံသစ် ဖြစ်သည့်အပြင် ထိုမွေးကင်းစ ဒီမိုကရေစီအား ဖျက်ဆီးမည့် အလွန်အင်အားကြီးမားသော အုပ်စုကြီး သုံးစု၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ပထမ အုပ်စုမှာ သမ္မတ ဆူဟာတို (၁၉၆၇-၁၉၉၈) အုပ်စိုးမှု၏ အမွေကို ဆက်ခံထားသည်ဟု အများက လက်ခံထားပြီး နိုင်ငံ၏ နိုင်ငံရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့် စစ်တပ်ပင်ဖြစ်သည်။ ဒုတိယ အုပ်စုမှာ နိုင်ငံတွင်းရှိ ဒေသအသီးသီးမှ အင်အားကောင်းသော လူမျိုးရေး၊ ဘာသာရေးနှင့် ခွဲထွက်ရေး အကြမ်းဖက် လှုပ်ရှားမှုများ ဖြစ်သည်။ ထိုကာလများတွင် နိုင်ငံရေး ခေါင်းဆောင်များက နိုင်ငံတနိုင်ငံ ဖြစ်တည်မှု၏ အခရာဖြစ်သည့် နိုင်ငံတည်တံ့ရေးအား အကြီးအကျယ် ခြိမ်းခြောက်နေသော ပဋိပက္ခအဖြစ် ရှုမြင်ခဲ့ကြသည်။ နောက်ဆုံးအုပ်စုမှာ ဆယ်စုနှစ်များစွာ ဖိနှိပ်ချုပ်ချယ်ခံ့ရမှုများမှ လွတ်မြောက်လာပြီး ပိုမို အားကောင်းလာသည့် အစ္စလမ်မစ် နိုင်ငံရေးလှုပ်ရှားမှုများပင် ဖြစ်သည်။ အချို့သော အုပ်စုများကဆိုလျှင် အင်ဒိုနီးရှားနိုင်ငံအား အစ္စလမ်နိုင်ငံအဖြစ် ပြောင်းလဲရေး သို့မဟုတ် အနိမ့်ဆုံးအားဖြင့် အခြေခံဥပဒေကို ရှာရီယာ အစ္စလမ်ဘာသာရေး စည်းမျဉ်းစည်းကမ်းနှင့် အညီ ပြောင်းလဲရေးကိုပင် တောင်းဆိုခဲ့ကြသည်။

သို့သော် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီး ဆယ်စုနှစ်အကြာ ယခုအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ထိုခြိမ်းခြောက်မှု အားလုံးကို ထိထိရောက်ရောက် ထိန်းချုပ်ဖြေရှင်းနိုင်ခဲ့သည်။ စစ်တပ်အနေဖြင့်လည်း နိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍတွင် မပါဝင်တော့ဘဲ ဆုတ်ခွာသွားပြီ ဖြစ်သည်။ ဒေသဆိုင်ရာ ပဋိပက္ခများကိုလည်း တည်ငြိမ်အောင် ဖြေရှင်းနိုင်ပြီးဖြစ်သည်။ နိုင်ငံ၏ အပြင်းထန်ဆုံး ခွဲထွက်ရေးလုပ်ရှားမှုဖြစ်သည့် ဆူမားတြားဒေသ အာချေး လှုပ်ရှားမှုကိုလည်း ငြိမ်းချမ်းရေး သဘောတူညီမှု ယူထားနိုင်ပြီဖြစ်သည်။ အုပ်ငယ်အချို့မှလွဲလျှင် အစ္စလမ်မစ် အင်အားစုများ အားလုံးအား နိုင်ငံရေး ပင်မရေစီးအတွင်း ပါဝင်လှုပ်ရှားစေရန် စွမ်းဆောင်နိုင်ခဲ့ပြီး ရှာရီယာစည်းမျဉ်း အခြေခံသည့် နိုင်ငံမျိုးတည်ဆောက်ရေး ရည်မှန်းချက်မျိုးအား တောင်ဆိုခြင်းကို လျှော့ချစေခဲ့သည်။ ထိုခြိမ်းခြောက်မှုများအား ဖြေလျှော့နိုင်မှုနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသည် ပြည်သူ့လွတ်လပ်ခွင့် ပိုမိုကျယ်ပြန့်လာခြင်း၊ ပိုမိုဖွံဖြိုးပြီး စုံလင်သည့် မီဒီဈေးကွက် နှင့် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရသည့် ပါတီစုံရွေးကောက်ပွဲများကိုပါ ကျွဲကူးရေပါ တွေ့လာရသည်။ ယခုဆယ်စုနှစ်တွင်း ကမ္ဘာတလွှားတွင် ကြုံတွေ့နေရသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ် နောက်ကြောင်းပြန်လှည့်ခြင်းဟု မဆိုသာသော်လည်း တန့်နေသည့် အခြေအနေမျိုးတွင် ဤအောင်မြင်မှုသည် အခြားသောနိုင်ငံများအတွက် အကောင်းဆုံး သင်ခန်းစာပင်ဖြစ်သည်။

အင်ဒိုနီးရှား၏ အောင်မြင်မှုတွင်လည်း အခြားမျက်နှာစာတခု ရှိနေသေးသည်။ အင်ဒိုနီးရှားအနေဖြင့် ၎င်း၏ပြဿနာများအား ဖြေရှင်းရာတွင် အထိအခိုက်ကင်းကင်း ဘေးထွက်ဆိုးကျိုး မရှိဘဲ ဖြေရှင်းနိုင်ခဲ့ခြင်း မဟုတ်ချေ။ အမှန်တကယ်အားဖြင့် အသွင်ကူးပြောင်းမှု ဖြစ်စဉ်အား နှောက်ယှက်ဟန့်တားသူများကို ဘေးဖယ်ထုတ်လိုက်ခြင်းထက် နိုင်ငံရေးစနစ်အတွင်းသို့ သွတ်သွင်းလိုက်ခြင်းသာ ဖြစ်သဖြင့် ဒီမိုကရေစီပန်းတိုင်နှင့် ဒီမိုကရေစီ အရည်အသွေးကို အပေးအယူ အလျှော့အတင်း ပြုလုပ်ခဲ့ရသည်။ ဤအပေးအယူသည် အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်း ခြင်းဖြစ်စဉ်၏ အားနည်းချက် သက်သက်သာမက ထိုအသွင်ကူးပြောင်းမှု ဖြစ်စဉ်အောင်မြင်မှု၏ အဓိကသော့ချက် တခုလည်းဖြစ်သည်။

ဤအပေးအယူ မည်သို့မည်ပုံ ဖြစ်ထွန်းလာသည်၊ မည်သည့် အကြောင်းကြောင့် ဖြစ်ပေါ်လာသည် ဆိုသည့်အမေးမှာ ဆူဟာတို အာဏာရှင်စနစ်၏ သဘောသဘာဝ၊ အာဏာလွှဲ ပြောင်းပေးသည့် နည်းလမ်း နှင့် ၎င်း၏ လွှမ်းမိုးမှုတို့ တိုက်ရိုက် ပတ်သက်နေသည်။ ဆူဟာတိုသည် တိုင်းပြည်ကို ချုပ်ကိုင်ရာတွင် အင်အားကို နည်းလမ်းတခု အနေဖြင့် နေရာတိုင်း အပြည့်အဝ အသုံးပြုခဲ့ခြင်း မဟုတ်ဘဲ အစိတ်အပိုင်း တခုအဖြစ်သာ အသုံးပြုခဲ့သည်။ နိုင်ငံရေးအာဏာနှင့် အုပ်စိုးမှုအား တိုက်ရိုက် မခြိမ်းခြောက်ဘဲ ချမှတ်ထားသည့် စည်းမျဉ်းများအား လိုက်နာနေသရွေ့ မည်သည့်နိုင်ငံရေးနှင့် လူမှုရေး အင်အားစုကိုမဆို လှုပ်ရှားခွင့်ပြုခဲ့သည်။ ထိုအပြုအမူကို မိမိနှင့် ပတ်သက်သူကို ဦးစားပေး အခွင့်အရေးပေးသည့် အုပ်ချုပ်ရေးပုံစံက ထပ်မံ ထောက်ကန်ထားပြန်သည်။ ထို မျက်နှာသာပေး ဦးစားပေးမှုသည် အစုအဖွဲ့တဖွဲ့ အသိုင်းအဝန်းတခုကို ကိုယ်စားပြု စီမံခန့်ခွဲနေသည့် နိုင်ငံရေးသမားများ၊ ခေါင်းဆာင်များ (ဥပမာအားဖြင့်- ဘာသာရေး ခေါင်းဆာင်များ) ကို အကျိုးအမြတ် ရရှိစေသည်။ ထိုမျက်နှာသာပေး စနစ်၏ ရလဒ်အနေဖြင့် ဖားတပိုင်းငါးတပိုင်း အတိုက်အခံများ နိုင်ငံရေးနှင့် လူမှုရေး နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခြင်းပင်ဖြစ်သည်။ အရေးကြီးသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆာင်များမှာ အဏာရှင်၏ ထိန်းချုပ်မှုနှင့် ခွင့်ပြုမှု အခြေအနေတွင်သာ လှုပ်ရှားကြပြီး ထိုစနစ်ကို ပိုမိုအားကောင်းစေသည့် အပေးအယူလုပ်ခြင်း နှင့် အလျှော့အတင်းလုပ်ခြင်း နိုင်ငံရေးယဉ်ကျေးမှုတွင် ယဉ်ပါးအသားကျလာကြသည်။

ဤနောက်ခံ အခြေအနေသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှု များစွာဖြစ်စေခဲ့သည်။ ၁၉၉၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် အဓိက ပါဝင်ခဲ့သူ အများစုမှာ ဆူဟာတို အုပ်စိုးမှုတွင် တိုက်ရိုက်ပတ်သက်သူများ သို့မဟုတ် ဆူဟုတို၏ နိုင်ငံရေးပါဝါအား တပိုင်းတစအားဖြင့် ဆန့်ကျင်ခဲ့သည့်အတွက် ဘေးဖယ်ထားခံရသည့် အတိုက်အခံ ခေါင်းဆောင်များ ဖြစ်ကြသည်။ အကျိုးဆက်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၏ အသွင်ကူးပြောင်းမှု ပုံသဏ္ဍာန်မှာ ဂီးလာမို အို ဒေါ်နယ် (Guillermo O’ Donnell) ၏ အမြင်အရ ဘရာဇီးနိုင်ငံကဲ့သို့ပင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သည် အပြင်ပန်း ကြည့်ပါက လူတယောက်ချင်းစီ၊ လူတိုင်းလူတိုင်းပါဝင်ထားသည့် ဖြစ်စဉ်အဖြစ် မြင်ရစရာရှိသည်။ သို့သော် အာဏာရှင်အုပ်စိုးမှုကို ဆက်လက်ထိ န်းသိမ်းထားလိုသူ အုပ်စုဟောင်းများနှင့် ဒီမိုကရက်တစ် အင်အားစု အသစ်များမှာ ပြက်ပြက်ထင်ထင်မရှိဘဲ ဝေဝါးနေသည်။ အစိုးရအနေဖြင့် အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုများအား နိုင်ငံရေး အဝန်းအဝိုင်းမှ ဖယ်ထုတ်ခြင်းထက် သိမ်းသွင်းထိန်းချုပ်ရေးကိုသာ ဦးတည်သည့် နည်းဗျူဟာကို တွေ့ရသည်။ ဆွေမျိုးမိတ်ဆွေကိုသာ မျက်နှာသာပေးခြင်းနှင့် အကျင့်ပျက်ခြစားမှုတို့မှာ အတိုက်အခံ နိုင်ငံရေး အင်အားစုများကို နိုင်ငံရေးပင်မ ရေစီးအတွင်းသို့ သွတ်သွင်းရာတွင် ပိုမိုလွယ်ကူစေသည့် ချောဆီများပင် ဖြစ်သည်။

ဆူဟာတိုအလွန် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ လေးဦးလုံးသည် သြဇာတိက္ကမ ကြီးမားသော ဆူဟာတို၏ “အစီအစဉ်သစ် အုပ်စိုးမှု” တွင် တနည်းနည်းနှင့် ပါဝင်ပတ်သက်ခဲ့သူများ ဖြစ်သည်။ သမ္မတ ဟာဘီဘီ (၁၉၉၈-၉၉) သည် ဆူဟာတို လက်ထက်တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ နောက်ဆုံးသက်တမ်းတွင် ဒု သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သမ္မတ အဒူရာမန် ဝါဟစ် (၁၉၉၉-၂၀၀၁) သည် ဆူဟာတို လက်ထက်တွင် အတိုက်အခံ အစ္စလမ် နိုင်ငံရေးအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဆူဟာတို၏ နိုင်ငံရေးအကွဲအပြဲတွင် နိုင်ငံရေးကို ကျွမ်းကျင်စွာ ပါဝင်ကစား နိုင်သူအဖြစ် ကျော်ကြားသူဖြစ်သည်။ သမ္မတ မီကာဝါတီ ဆူကာနိုပူထရီ ( ၂၀၀၁-၂၀၀၄) သည်လည်း ဆူဟာတို၏ အစီအစဉ်အသစ် နိုင်ငံရေးကာလ နောက်ပိုင်းတွင် သြဇာကြီးသော အတိုက်အခံအဖြစ် ထင်ရှားသည်။ သို့သော်လည်း အာဏာရှင်၏ အတွေးအခေါ်လမ်းကြောင်း အတွင်းရှိ နိုင်ငံရေး အမြင်မျိုးသာရှိသည့် အာဏာရှင်က လက်ခံထားသည့် အတိုက်အခံ ပါတီကြီး သုံးပါတီထဲမှ ပါတီတခု၏ ခေါင်းဆာင်တဦးသာ ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် သတ်မှတ်ထားသည့် လက်ရှိသမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုရိုနိုမှာလည်း ဆူဟာတို အုပ်စိုးမှု နောက်ပိုင်းကာလများတွင် အင်ဒိုနီးရှား တပ်မတော်၌ အရာရှိတဦးဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ထိုသမ္မတ တဦးချင်းစီ၏ အစိုးရအဖွဲ့များကို လွှတ်တော်အတွင်းတွင် ကြီးစိုးထားသော အင်အားကြီး ပါတီများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီ၊ ဆူဟာတို အုပ်စိုးမှုတွင် အဓိကမဏ္ဍိုင်ကြီး နှစ်ခုဖြစ်သည့် စစ်တပ် နှင့် အုပ်ချုပ်ရေး ယန္တယားအတွင်းမှ အရာရှိဟောင်းများနှင့်ပါ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားကြသည်။ ထိုအစိုးရ ရာထူးများသည် ဝန်ကြီးများနှင့် ၎င်းတို့၏ ပါတီများအတွက် ၎င်းတို့စိတ်ကြိုက် ခြယ်လှယ်ရာနေရာ၊ အခွင့်အရေးများ ဖန်တီးပေးရာ နေရာများ ဖြစ်ကြသည်။ ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် ဒေသဆိုင်ရာ လွှတ်တော်များမှာ နိုင်ငံတော် ဘတ်ဂျက် နှင့် စီးပွားရေး လော်ဘီသမားများထံမှ ရရှိသော လာဘ်လာဘများ ဝေစုခွဲရာနေရာ အပြိုင်အဆိုင်ရယူရာ နေရာများ ဖြစ်လာကြသည်။

ထိုဖြစ်ရပ်များကြောင့်ပင်လျှင် အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းမှုှနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များ အကြားတွင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများအား အာဏာရှင်စနစ်နှင့် အကျင့်ပျက်ခြစားမှုများက မည်သည့် အတိုင်းအတာအထိ လွှမ်းမိုးချုပ်ကိုင်ထားခြင်းနှင့် ပတ်သက်၍ အဓိက ထောက်ပြစရာ ဖြစ်လာပြီး ၎င်းအသွင်ကူးပြောင်းမှု ဖြစ်စဉ်အား နိုင်ငံရေးလုပ်ကြံမှု ဒီမိုကရေစီ၊ အမွေခံဒီမိုကရေစီ၊ မျက်နှာသာပေး ဒီမိုကရေစီ စသဖြင့် အမျိုးမျိုး ဖွင့်ဆိုကြသည်။ မည်သည့် အခေါ်ဝေါ်အား ညွှန်းသည်ဖြစ်စေ၊ အခေါ်အဝေါ်အားလုံးမှာ အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အရည်အသွေးအား ကျဆင်းစေသည့် အင်အားကြီးမားသော အထက်လွွှာအီလစ်များအား နိုင်ငံရေးစနစ်အတွင်း ပါဝင်လှုပ်ရှားစေနိုင်သည့် အခင်းအကျင်းကိုသာ အဓိက မီးမှောင်း ထိုးပြထားခြင်းဖြစ်သည်။ သို့သော် လေ့လာသုံးသပ်သူများ မေ့လျော့နေသော အချက်မှာ ထိုထိန်းချုပ် သွတ်သွင်းနိုင်သည့် အရည်အချင်းသည်ပင်လျှင် အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တည်ငြိမ်ပြီး အောင်မြင်စေသော အချက်တစ်ချက်လည်း ဖြစ်သည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဓိက အတားအဆီးများဖြစ်သည့် စစ်တပ်၊ ဒေသဆိုင်ရာ လူမျိုးနွယ်စု ခေါင်းဆောင် အီလစ်များနှင့် အစ္စလမ် စစ်သွေးကြွများအား အားပျော့ဖြေလျှော့နိုင်ခဲ့ခြင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်၏ အောင်မြင်မှုများနှင့် ပေးဆပ်မှုများ၏ သက်သေပင် ဖြစ်သည်။

စစ်တပ်ကို စည်းရုံးသိမ်းသွင်းခြင်း

ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်၏ အဓိက အောင်မြင်မှုမှာ စစ်တပ်အား နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှ ဖယ်ထုတ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဆူဟာတိုအလွန် အင်ဒိုနီးရှားနိုင်ငံရေးတွင် စစ်တပ်သည် အရေးကြီးသော အဓိကအခန်းကဏ္ဍမှ ရှိနေလိမ့်မည်ဟူသော ယူဆချက်မှာ ၁၉၉၀ ခုနှစ်များ တဝိုက်ရှိ ပညာရှင်များအားလုံးက လက်ခံထားသော အယူအဆတခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆူဟာတို အုပ်စိုးမှုကာလတွင် စစ်တပ်သည် နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှ ဆယ်စုနှစ်များစွာ ပါဝင်ခဲ့မှုကြောင့်ပင် ဖြစ်သည်။ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေစဉ် အစိုးရအဖွဲ့အတွင်း၊ အုပ်ချုပ်ရေး ယန္တယားအတွင်း နှင့် လွှတ်တော်အတွင်း အရေးပါသော ရာထူးများ ရယူခဲ့ကြသည်။ ထိုတာဝန်နှစ်ခု တပြိုင်နက် ထမ်းဆောင်သည့် ဒျူဖန်စီ (dwifungsi) ခေါ် လုပ်နည်းလုပ်ဟန်ကို ဆူဟာတို အာဏာရယူချိန်မှစ၍ ကျင့်သုံးခဲ့ပြီး စစ်တပ်အား နိုင်ငံတော် ကာကွယ်ရေးအပြင် လူမှုနိုင်ငံရေးကဏ္ဍတွင်လည်း နေရာပေးခဲ့သည်။ စစ်တိုင်းအလိုက် အုပ်ချုပ်သည့် စနစ်သည် စစ်တပ်အား ၎င်း၏ တပ်သားများကို နိုင်ငံအနှံ့ ဖြန့်ကျက်ထားနိုင်စေပြီး အရပ်ဘက် အုပ်ချုပ်ရေးယန္တယားအား နောက်ကွယ်မှ ထိန်းချုပ်စေနိုင်သည့်အပြင် လိုအပ်သည့်အခါ အမြင့်ဆုံးမှ အောက်ခြေအဆင့်အထိ အစိုးရ၏ နိစ္စဒူဝကိစ္စများကို ဝင်ရောက်စွက်ဖက်ခွင့် ဖန်တီးထားသည်။ ထိုမျှသာမက စစ်တပ်သည် အာဏာရှင်က ၎င်းအား ဝေဖန်သူ ဆန့်ကျင်သူများကို ဖိနှိပ်ချုပ်ခြယ်ရာ အဓိက အင်အားတရပ်လည်းဖြစ်သည်။

၁၉၉၈ ခုနှစ် ဆူဟာတို အုပ်စိုးမှု အဆုံးသတ်ပြီးနှောက် ၎င်းအခြေအနေမှာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသည်။ စစ်တပ်တွင်းရှိ အကြီးတန်းအရာရှိ တော်တော်များများမှာ နိုင်ငံရေး ယုံကြည်မှု အကြပ်အတည်းနှင့် ရင်ဆိုင်လာရသည်။ နိုင်ငံရေးစနစ် အပြောင်းအလဲနှင့်အတူ ပေါ်ပေါက်လာသည့် လမ်းပေါ်ထွက်ဆန္ဒပြမှုများတွင် စစ်တပ် ဆန့်ကျင်ရေး သဘောထားများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ စစ်တပ်အရာရှိများကလည်း စစ်တပ် အင်စတီကျူးရှင်း အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ၎င်းတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရသည်။ ထိုအခြေအနေကို တုံ့ပြန်သောအားဖြင့် စစ်တပ်မှ ပါရာဒိုင်းအသစ်တခုကို ကြေညာခဲ့ပြီး ထိုပါရာဒိုင်းအရ စစ်တပ်နေဖြင့် နိုင်ငံရေးဖြစ်စဉ်များတွင် တိုက်ရိုက်မပါဝင်တော့ဘဲ ဆုတ်ခွာခဲ့သည်။ ရဲတပ်ဖွဲ့အား စစ်တပ်မှ သီးခြားခွဲထုတ်ပြီး ပြည်တွင်းလုံခြုံရေးကို တာဝန်ယူစေခဲ့သည်။ တပ်တွင်းတွင် တာဝန်ထမ်းဆောင်နေသော အရာရှိများကို အရပ်ဘက် အုပ်ချုပ်ရေးယန္တယား၌ ထပ်မံ တာဝန်ထမ်းဆောင်စေခြင်းကို ရပ်စဲခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပြည်ထောင်စုအဆင့် နှင့် ဒေသဆိုင်ရာ လွှတ်တော်များတွင် စစ်တပ်မှ အရာရှိကိုယ်စားလှယ်များ ထားရှိခြင်းကို ဖျက်သိမ်းခဲ့သည်။

သို့သော် ဤဖြစ်စဉ်၏ အရေးကြီးသော အစိတ်အပိုင်းတခုမှာ အရပ်သား အစိုးရအနေဖြင့် စစ်တပ်၏ ငြိုငြင်မှုကို မလိုလားသောကြောင့် တပ်၏ အဓိက လုပ်ပိုင်ခွင့်များအား ဝင်ရောက် စွက်ဖက်ခြင်းများကို မပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ အမှန်တကယ်အားဖြင့် စစ်တပ်မှာ နိုင်ငံရေးအာဏာအား စွန့်လွှတ်သွားခြင်း မဟုတ်ဘဲ လျှော့ချလိုက်ခြင်းသာ ဖြစ်သည်။  စစ်တပ်အနေဖြင့် ၎င်းဆန္ဒရှိသလောက်သာ ပြုပြင်ပြောင်းလဲခွင့် လက်ခံထားမှုကို ကြည့်ခြင်းအားဖြင့် ထင်ထင်ရှားရှား မြင်နိုင်သည်။ ထို့ကြောင့်လည်း စစ်တပ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အဓိက နှစ်နေရာတွင် တိုးတက်မှု အနည်းငယ်ကိုသာ တွေ့ရသည်။ ပထမ ကဏ္ဍမှာ အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အရည်အသွေးအပေါ် ဆိုးကျိုး အကြီးအကျယ် သက်ရောက်စေပြီး အခြားကဏ္ဍမှာ အနာဂတ် ဒီမိုကရေစီ ဆက်လက် ရှင်သန်ခိုင်မာရေးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကို ဖြစ်စေသည်။

ပထမကဏ္ဍမှာ စစ်တပ်က အတိုင်းအတာ ကြီးကြီးမားမား အကာအကွယ် ရနေသေးသည့် အပြစ်ဒဏ် ကင်းလွှတ်ခွင့် ရနေခြင်းဖြစ်သည်။ အင်ဒိုနီးရှား အနေဖြင့် ဆူဟာတို လက်ထက်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများကို ထုတ်ဖော်နိုင်ခြင်း မရှိယုံသာမက ကျူးလွန်မှုများကိုပင် စုံစမ်းနိုင်ခြင်း မရှိခဲ့ချေ။ ဆူဟာတို အလွန် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အမြင့်ဆုံးကာလများတွင် အင်ဒိုနီးရှားလွှတ်တော်မှ ယခင်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုံစမ်းရန် သီးခြားခုံရုံးများ ဖွဲ့စည်းခွင့်နှင့် အနာဂတ် ကျူးလွန်မှုများအား ကာကွယ်ရန် လူ့အခွင့်အရေး ခုံရုံးများ ဖွဲ့စည်းနိုင်ရန် ဥပဒေတရပ်ကို ပြဌာန်းနိုင်ခဲ့သည်။ သီးခြားခုံရုံးတချို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ယခင် လူ့အခွင်အရေး ချိုးဖောက်မှုများတွင် ပါဝင်ကျူးလွန်ခဲ့သော အရာရှိများကို ခုံရုံးတင် စစ်ဆေးခဲ့သည်။ အထူးသဖြင့် ၁၉၈၄ ခုနှစ် ဂျကာတာရှိ တန်ဂျန် ပရစ် (Tanjung Priok) ဒေသတွင် ဆန္ဒပြသူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှင့် ၁၉၉၉ ခုနှစ် အရှေ့တီမော လွတ်လပ်ရေး ဆန္ဒခံယူပွဲ မတိုင်မီတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည့် အရာရှိများကို စစ်ဆေးနိုင်ခဲ့သည်။ ကနဦးတွင် အပြစ်ရှိကြောင်းကို တွေ့ရှိရသော်လည်း နောက်ပိုင်းတွင် အယူခံဝင်ကာ အားလုံး အပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိခဲ့သည်။ အချို့သော အမှုများတွင် စစ်ယူနီဖောင်းဝတ် စစ်သားအမြောက်အများ ခုံရုံးတွင် လာရောက် နားထောင်စေခြင်းဖြင့် တရားသူကြီးများအား အင်အားပြ ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အခြားသော အမှုများကို အင်ဒိုနီးရှား ပါလီမန်၏ လူထုကိုယ်စားလှယ် ကောင်စီ (People’s Representative Council) မှ ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။

ခြုံငုံသုံးသပ်ရလျှင် အရပ်သား အတိုက်အခံ အင်အားစုများအား ကိုင်တွယ်ရာတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ အကြီးအကျယ် လျော့ပါးသွားသည်ကို တွေ့ရသည်။ သို့သော်လည်း စစ်သည်များက အရပ်သားများအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြုမူမှုများကို ဆက်လက်၍ လုပ်ဆောင်လျက်ရှိရာ ထိုကျူးလွန်သူ စစ်သည်များအပေါ် ကြီးကြီးမားမား အပြစ်ဒဏ်ပေးခြင်းမျိုး မတွေ့ရချေ။ သို့ဖြစ်ရာ ၂၀၀၃ ခုနှစ် နှင့် ၂၀၀၄ ခုနှစ် အာချေးပြည်နယ်ရှိ ခွဲထွက်ရေး လက်နက်ကိုင်များအား နှိမ်နှင်းတိုက်ခိုက်ခွင့်နှင့် အရေးပေါ်အာဏာ ကျင့်သုံးပိုင်ခွင့်ကို စစ်တပ်အညး အပ်နှင်းလိုက်ရာတွင် ထိုဒေသ၌ အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အကြီးအကျယ် ကျူးလွန်ခဲ့သည်ကို တွေ့ရသည်။ ကျူးလွန်မှုများကို စုံးစမ်းစစ်ဆေးပြီး ကျူးလွန်သူ စစ်သည်များအား အရေးယူခဲ့ပြီးဖြစ်သည်ဟု စစ်တပ်က ပြောဆိုခဲ့သည်။ သို့သော်လည်း ထိုအမှုဖြစ်စဉ်များနှင့် ထိထိရောက် စောင့်ကြည့်လေ့လာမှုများ မပြုလုပ်နိုင်ခဲ့သည့်အပြင် အလွန် လျှော့ပေါ့သော အပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့သည်ဟု ထင်ရပါသည်။

ပါပူဝါဒေသ (ယခင်က အီရီယန် ဂျေယ) တွင် ကျူးလွန်ခဲ့သော ချိုးဖောက်မှုများကို တခုမျှ အရေးယူနိုင်ခြင်း မရှိခဲ့ချေ။ တချို့ ကျူးလွန်မှုများတွင် အပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း အလွန်လျော့ပေါ့သော အပြစ်ဒဏ်များသာဖြစ်သည်။ ဥပမာအားဖြင့် ၂၀၀၇ ခုနှစ် အရှေ့ ဂျာဗားတွင် ဖြစ်ပွားခဲ့သော မြေယာအငြင်းပွားမှုတွင် မရိန်းတပ်သားများက ကျေးရွာရှိ ဆန္ဒပြသူ လူအုပ်တွင်းသို့ ပစ်ခတ်ရာ ဆန္ဒပြသူ လူလေးဦး သေဆုံးခဲ့သည်။ ဤဖြစ်ရပ်တွင် မရိန်းတပ်သား ၁၄ ဦးအား ခုံရုံးတင်ရန် ကြိုးစားခဲ့ရာ အမြင့်ဆုံး အပြစ်ဒဏ်မှာ ထောင်ဒဏ် သုံးနှစ်နှင့် စစ်တပ်မှ ထုတ်ခြင်းသာဖြစ်သည်။ ထိုနည်းတူစွာပင် အပြစ်ဒဏ် ကင်းလွတ်ခွင့်မှာ အခြားသော အင်စတီကျူးရှင်းသို့ ပျံ့နှံ့လျက်ရှိသည်။ မကြာသေးမီကပင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းက အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် မတရား ပြုမှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိနေသည်ဟု ကောက်ချက်ချခဲ့သည်။

ဒုတိယမြောက် အကောင်အထည်ဖော်ရန် မအောင်မြင်ခဲ့သော ကဏ္ဍမှာ စစ်တပ်အား အပြီးသတ် အာဏာအပ်နှင်းထားသည်ကို ဖယ်ရှားနိုင်စေမည့် စစ်တပ်၏ အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေးပင် ဖြစ်သည်။ ဥပမာ အမြောက်အများမှ တခုမှာ ကာကွယ်ရေးဆိုင်ရာ အုပ်ချုပ်ရေးယန္တရားအား အရပ်သားအသွင်သို့ အောင်အောင်မြင်မြင် မကူးပြောင်းနိုင်ခဲ့ခြင်းမှာ တခုဖြစ်သည်။ လေ့လာသုံးသပ်သူတဦးက “ကာကွယ်ရေး ဝန်ကြီးဌာနအတွင်း စစ်တပ်ယူနီဖောင်း မဝတ်ဆင်သူမှာ ဝန်ကြီးကိုယ်တိုင်နှင့် ၎င်း၏ ယာဉ်မောင်း၊ နှစ်ဦးသာရှိသည်” ဟုပင် မှတ်ချက်ပြုသည်။ ၂၀၀၃ ခုနှစ်တွင် စစ်တပ်၏ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ မှ ၂၀၀၉ ခုနှစ်တွင် ၃.၅ ဘီလီယံသို့ သုံးဆခန့် တိုးချမှတ်ခဲ့သော်လည်း စီးပွားလုပ်ငန်းအတွင်း စစ်တပ်၏ ပါဝင်မှုအား လျှော့ချနိုင်ခဲ့ခြင်း မရှိချေ။ ထိုသို့ စီးပွားရေး လုပ်ငန်းအတွင်း ပါဝင်လုပ်ကိုင်နေခြင်းသည် စစ်တပ်ကို နိုင်ငံရေး ပါဝင်လာစေသည့် အဓိကတွန်းအားနှင့် မက်လုံးဖြစ်သည်။ အထူးသဖြင့် ဒေသအဆင့်တွင် ပိုမိုထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ အစိုးရအဆက်ဆက် အောင်မြင်စွာ အကောင်အထည် မဖော်နိုင်ခဲ့သော အရေးအကြီးဆုံး ကဏ္ဍတခုမှာ စစ်တိုင်းဒေသများကို မဖျက်သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ်မှ အရာရှိများ၏ ပြောပြချက်များအရ စစ်တိုင်းများသည် ပြည်တွင်းလုံခြုံရေးအတွက် တင်ကြို သတိပေးစနစ်အား ထိန်းသိမ်းထားနိုင်သည့် အဓိကစနစ်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ထိုစစ်တိုင်းစနစ်သည် အရပ်ဘက် နိုင်ငံရေးလုပ်ရှားမှုများအား စောင့်ကြည့်လေ့လာနိုင်သည့် အကောင်းဆုံး အခြေခံအဆောက်အအုံ ဖြစ်သည့်အပြင် တချိန်ချိန်တွင် အရပ်ဘက် နိုင်ငံရေးဖြစ်စဉ်အား ဝင်ရောက်စွက်ဖက်ရန် စစ်တပ်အနေဖြင့် ဆုံးဖြတ်ပါက အကောင်းဆုံး အခြေခံအဆောက်အအုံလည်း ဖြစ်သည်။

ရလဒ်အနေဖြင့် စစ်တပ်မှာ နိစ္စဒူဝ အဆင့်မြင့်နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှ တိုက်ရိုက် မပါဝင်တော့သော်လည်း အနာဂတ်တွင် ဝင်ရောက် စွက်ဖက်လိုပါက စွက်ဖက်ပိုင်ခွင့် အင်စတီကျူးရှင်းစွမ်းရည်နှင့် စိတ်ဓာတ်အား ဆက်လက် ထိန်းသိမ်းထားနိုင်သည်ကို တွေ့ရသည်။ ၂၀၀၆ ခုနှစ် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီစနစ် အတိုင်းအတာတခုအထိ ခိုင်မာနေပြီး စစ်တပ်အား နိုင်ငံရေးမှ ဘေးဖယ်ထုတ်ထားနိုင်သော နိုင်ငံမျိုးတွင်ပင်လျှင် တိုင်းပြည်အကြပ်အတည်း ကာလများတွင် စစ်တပ်မှ အရာရှိများက ၎င်းတို့၏ အခန်းကဏ္ဍအား ပြန်လည် ဖော်ထုတ်လာတတ်သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရသည်။ ဆူဟာတို အလွန် အင်ဒိုနီးရှားနိုင်ငံတွင်လည်း အလားတူ သင်ခန်းစာမျိုးကို တွေ့ရသည်။ သမ္မတ အဗ္ဗဒူရာမန် ဝါဟစ် လက်ထက်တွင် စစ်တပ်ပြုပြင်ပြောင်းလဲရေးမှာ စစ်တိုင်းဒေသ စနစ်အား တဆင့်ခြင်း ဖျက်သိမ်းမည့် အစီအစဉ်အား ထုတ်ဖော်ကြေညာရန်အထိ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် သမ္မတ ဝါဟစ်၏ ညံ့ဖျင်းသော အုပ်ချုပ်စီမံခန့်င်္ခွဲမှုက ပြည်ထောင်စုလွှတ်တော် အတွင်းရှိ နိုင်ငံရေးပါတီ အများစုအား ဘေးဖယ်ထားကာ နိုင်ငံရေးအကြပ်အတည်းကို ပေါ်ပေါက်စေခဲ့သည်။ ထိုအကြပ်အတည်းအာ ဖြေရှင်းရန် သမ္မတက စစ်တပ်ကို ကျောထောက်နောက်ခံ ပြုကာ ပါလီမန်အား ဆန့်ကျင်ရန် ကြိုးပမ်းရာတွင် အပေးအယူ အနေဖြင့် သူ၏ စစ်တပ်ပြုပြင်ပြောင်းလဲရေး စီမံကိန်းအား ချောင်ထိုးထားခဲ့သည်။

သမ္မတ ဝါဟစ် ရာထူးမှ ဖယ်ရှားခံရပြီးချိန်မှစ၍ ထိုစီမံကိန်းကို မည်သူကမျှ ထိထိရောက်ရောက် ပြန်လည် အသက်သွင်းနိုင်ခြင်း မရှိခဲ့ချေ။ လွှတ်တော်အတွင်းရှိ ပါတီကြီးများသာမက အာဏာရလာသည့် မည်သည့်အစိုးရမှ ထိုစစ်တိုင်းများ ဖျက်သိမ်းရေး စီမံချက်အား ပြန်လည်စတင်နိုင်ခြင်း မရှိခဲ့ချေ။ ယခုနှစ်ကာလများ အတွင်းတွင်လည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တည်ငြိမ်သော ဒီမိုကရေစီ အုပ်ချုပ်မှု အကောင်အထည်ဖော်နိုင်သည့်အလျောက် စစ်တပ် ဝင်ရောက်စွက်ဖက်စေမည့် အခွင့်အလမ်းမှာလည်း အလွန်နည်းပါးခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေးစီ အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်တွင် စစ်တပ်၏ အခန်းကဏ္ဍအား အထူးပြုလေ့လာသူ မာကပ်စ် မိုက်ဇ်နာ (Marcus Mietzner) က “အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အနာဂတ်ကာလ၌ နိုင်ငံရေးတွင် စစ်တပ် ဝင်ရောက်စွက်ဖက်ခြင်းကို ကာကွယ်တားဆီးနိုင်သည့် ခိုင်မာသော အင်စတီကျူးရှင်း ယန္တရား မရှိသေး” ဟု ထောက်ပြသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စစ်တပ်အား နိုင်ငံရေးမှ နိစ္စဒူဝ အပြီးတိုင် ဖယ်ရှားနိုင်သည့်တိုင် အနာဂတ်ကာလတွင် စီးပွားရေး အကြပ်အတည်းကြောင့် ဖြစ်စေ၊ ရွေးကောက်ပွဲစနစ် အားနည်းချိနဲ့မှုကြောင့် ဖြစ်စေ အခြားသော အကြောင်းအရင်းများကြောင့် ဖြစ်စေ စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှု အလားအလာကို တွေ့မြင်နေရဆဲ ဖြစ်သည်။ အင်ဒိုနီးရှားစစ်တပ်အား ၎င်း၏ အဓိက ရည်မှန်းချက်တွင်သာ နေစေခြင်းဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အား လက်ခံရန် စည်းရုံးခြင်းသည် ရေတိုတွင် အသုံးတည့်သောဗျူဟာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရေရှည်အတွက် အသုံးတည့်မတည့်မှာ သံသယ ဖြစ်စရာပင်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

(၂၀၁၀ ဧပြီလထုတ် Journal of Democracy ပါ အက်ဒ်ဝပ် အက်စ်ပင်နယ်လ် (Edward Aspinall) ၏ The Irony of Success ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ အက်ဒ်ဝပ် အက်စ်ပင်နယ်လ်သည် Australian National University ရှိ နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှု လေ့လာရေးဌာန၏ အကြီးတန်း အဖွဲ့ဝင်ဖြစ်သည်။ Islam and Nation: Separatist Rebellion in Ache (2009) စာအုပ်ကိုလည်း ရေးသားခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading