သတင်း

ဦးသိန်းစိန် ခရီးစဉ်အတွင်း ဗြိတိန် အစိုးရ ဖိအားပေးခံရ

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်၌ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် အလေးပေး ဆွေးနွေးရန် ဗြိတိန် ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးတို့အား ဗြိတိန်ပါလီမန် အမတ်များက တိုက်တွန်း ပြောကြားလိုက်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သမ္မတ ဦးသိန်းစိန် ယမန်နေ့က ရောက်ရှိချိန်တွင် မြန်မာ့ ဒီမိုကရေစီရေး အတွက် ဗြိတိန် ပါလီမန်ရှိ ပါတီပေါင်းစုံ စုဖွဲ့ထားသည့် All-Party Parliamentary Group(APPG) က ကြေညာချက် ထုတ်၍ ပြောကြားလိုက်ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဖြစ်စဉ်အထောက်အထားများကို မကြာသေးခင်က လက်ခံရရှိထားကြောင်း၊ ထိုမှတ်တမ်းများထဲတွင် ကလေးစစ်သား စုဆောင်မှု၊ ချင်း တိုင်းရင်းသားလူနည်းစုများအပေါ် ဘာသာရေးခွဲခြားမှု၊ ဘင်္ဂါလီ(မွတ်စလင်)များအပေါ် လူမျိုးတုံး သတ်ဖြတ်မှုများပါဝင်ပြီး ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်၏ လူသားမျိုးနွယ် စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများလည်း ပါဝင်ကြောင်း APPG ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဗြိတိန်အစိုးရသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာမှုများအပေါ် ထောက်ခံသည်မှာ မှန်ကန်သော်လည်း စိုးရိမ်စရာ ပြဿနာများစွာ ဆက်လက် ရှိနေသေးပြီး ထို ပြဿနာများကို မြန်မာအစိုးရက လျစ်လျူရှုထားကြောင်းလည်း APPG က ဆိုသည်။

ဖက်ဒရယ် ဒီမိုကရက်တစ် ဖွဲ့စည်းပုံတခု အခိုင်အမာပေါ်ပေါက်ရေး စစ်မှန်သည့် ဆွေးနွေးမှုများ စတင်ရန်လိုအပ်နေပြီး လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အာမခံချက်ရချိန်မှသာ နိုင်ငံတကာက ရင်းနှီး မြှုပ်နှံမှုများနှင့် ပူးပေါင်းလုပ် ဆောင် သင့်ကြောင်းလည်း ဗြိတိန်အစိုးရကို APPG က သတိပေးထားသည်။

အဓမ္မ ပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရေး၊ နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးရေး၊ မြန်မာ့ လူ့အဖွဲ့အစည်းတခုလုံး သက်ရောက်မှု ရှိစေသည့် ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရေး စသည့် အဓိကကျသော လူ့အခွင့်အရေးနှင့် သက်ဆိုင်သည်များကို ဦးသိန်းစိန်အား တိုက်တွန်းသင့်ကြောင်း APPG ဥက္ကဋ္ဌ Baroness Kinnock က ပြောဆိုသည်။

“ဦးသိန်းစိန်ကို ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး သမားလို့ ပြောဖို့ကတော့ စောလွန်းပါသေးတယ်”ဟု သူက ဆိုသည်။

မြန်မာအစိုးရ၏ ကတိမတည်မှုများကို ကြုံတွေ့ခဲ့ရသည့်အတွက် လူ့အခွင့်အရေး ကိစ္စများနှင့်ပတ်သက်ပြီး အာမခံချက် မရဘဲ ကုန်သွယ်ရေး ဆိုင်ရာများကို ဗြိတိန်အနေဖြင့် တိုးမြှင့်ဆောင်ရွက်ရန် မသင့်ကြောင်းလည်း Baroness Kinnock က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်ဂ်ကို သတိပေး တိုက်တွန်းထားသည်။

သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် မြန်မာ့ ဒီမိုကရေစီအရေး၊ ကုန်သွယ်ရေး၊ အကူ အညီ ပေးရေး ဆိုင်ရာများ ဆွေးနွေးရန် ရှိကြောင်း ရိုက်တာ သတင်းတပုဒ်က ဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်း အနေဖြင့်မူ ယနေ့ သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံမည့် အချိန်တွင် လူ့အခွင့် အရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး ဖိအားများ ရှိနေကြောင်း ဗြိတိန်သတင်းစာများက ရေးသားကြသည်။

ယခု ဦးသိန်းစိန် ၏ ဗြိတိန် ခရီးစဉ်သည် ၂၅ ကျော် ကာလအတွင်း ဦးနေဝင်း ပြီးလျှင် မြန်မာနိုင်ငံ၏ အမြင့်ဆုံး တာဝန်ရှိသူ တဦးနေနှင့် ပထမဆုံး အကြိမ် ခရီးစဉ် ဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် ရာစုနှစ်ဝက်ကျော် စစ်အာဏာရှင် စနစ်ကို အဆုံးသတ်ပြီး စီးပွားရေး၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်လာသည့်အတွက် အနောက်နိုင်ငံ ခေါင်းဆောင်များ၏ ချီးမွမ်းမှုကို ရနေသူလည်း ဖြစ်သည်။

ယမန်နှစ်က ဗြိတိန်သို့ လာရောက်လည်ပတ်ခဲ့သည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ် ချုပ်က လွှတ်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့် ပြုခဲ့ခြင်းကိုလည်း နိုင်ငံတကာက ဦးသိန်းစိန်ကို ချီးမွမ်း ကြသည်။

သို့သော် လူ့အခွင့်အရေး စောင့်ကြည့်သူများကမှု နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဆက်လက်ရှိနေသည့် အတွက် ဦးသိန်းစိန်အား ဖိအားပေးရန် သက်ဆိုင်ရာ အစိုးရများကို တိုက်တွန်း ပြောဆိုနေကြသည်။

အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch – HRW အဖွဲ့ကလည်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းအနေဖြင့် မြန်မာသမ္မတနှင့်တွေ့ဆုံချိန်တွင် ဖိနှိပ်သည့် ဥပဒေများ၊ နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေမှု၊ နိုင်ငံတွင်း မွတ်စလင် လူနည်းစုများအပေါ် တရားမဲ့ပြုကျင့်နေမှုများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ဖိအားပေးသင့်ကြောင်း တိုက်တွန်းထားသည်။

ယနေ့တွင် ဗြိတိန်ပါလီမန်ရှေ့၌ Avaaz ခေါ် ကမ္ဘာတဝန်း လှုံ့ဆော်ရေး အုပ်စုကလည်း မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား လူ နည်းစုများအပေါ် အကြမ်းဖက်မှုများအဆုံးသတ်ရေး လူ ၁ သန်းနီးပါးက လက်မှတ်ထိုး တောင်းဆိုမှုကို ဖော်ပြ၍ ရဝမ်ဒါ နိုင်ငံ ကဲ့သို့ မဖြစ်စေရေး ဆန္ဒပြ ဖိအားပေးသွားမည်ဟုလည်း သိရသည်။

Avaaz သည် ကမ္ဘာ တဝန်းက ပြည်သူ့ခွန်အားဖြင့် နိုင်ငံရေး ဆောင်ရွက်ရန်အတွက် သက်တမ်း ၅ နှစ်ရှိ ကမ္ဘာလုံး ဆိုင်ရာ အင်တာနက် ကွန်ရက် လှုပ်ရှားမှု အဖွဲ့ ဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးရုံးမှ ပြောခွင့်ရသူတဦးက“ကျနော်တို့အနေနဲ့ ပြီးခဲ့တဲ့ ၁၈ လတာကာလအတွင်း သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုချင်ပါတယ်။ ဒါပေမယ့် လူအုပ်စုချင်း အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေက အလွန်စိုးရိမ်စရာ အခြေအနေထိ မြင့်တက်လာနေတယ်”ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများ ခရီးစဉ်ကို ဇူလိုင်လ ၁၄ ရက်နေ့က စတင်ခဲ့ပြီး ယမန်နေ့က လန်ဒန်မြို့သို့ ဆိုက်ရောက်ခဲ့ကာ ဗြိတိန်တွင် ၂ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ပြင်သစ်နိုင်ငံသို့ ခရီး ဆက်မည်ဖြစ်သည်။

ဗြိတိန် ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းသည်လည်း ယမန်နှစ်က မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး ဗြိတိန် အကြီးအကဲအဖြစ် သွားရောက်ခဲ့သည်။

Loading