အခွန် အများဆုံးဆောင်သူ စာရင်း ထပ်တိုးမည်
This article has been converted from Zawgyi One to Unicode
၂၀၁၁၊ ၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေကို စည်းကြပ်ကောက်ခံရာတွင် အခွန်အများဆုံးပေးဆောင်သည့် လူဦးရေစာရင်းကို ယခင်နှစ်များတွင် ထုတ်ပြန်ခဲ့သည့် လူဦးရေပမာဏ ထပ်တိုးကာ ထုတ်ပြန်သွားရန် စီစဉ်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးအောင်မိုးကြည် ထံမှသိရသည်။
အခွန် အများဆုံးပေးဆောင်သည့် လူဦးရေစာရင်းကို ၂၀၀၉ တွင် စတင်ထုတ်ပြန်ခဲ့ပြီး အဆိုပါနှစ်အတွက် အခွန်စည်းကျပ်နှစ်တွင် အခွန်အများဆုံး ထမ်းဆောင်သည့် လူဦးရေ ၁၀ ဦးကို ပထမဆုံးထုတ်ပြန်ကြေငြာပေးခဲ့သည်။
နောက်ပိုင်းတွင် ၂၀၁၀ ခုနှစ်အတွက် အခွန်အများဆုံး ထမ်းဆောင်သည့် လူဦးရေ ၁၀ ဦးထပ်မံထုတ်ပြန်ခဲ့ပြီး၂၀၁၁ နှစ်မှ စတင်ကာ အခွန် အများဆုံးပေးဆောင်သူစာရင်းကို ကြေငြာရာတွင် အယောက် ၁၀၀ အထိ ထပ်တိုးကာ ထုတ်ပြန် ကြေငြာခဲ့သည်။
“ဒီနှစ်မှာလည်း အခွန် အများဆုံးပေးတဲ့လူစာရင်းကို ထပ်တိုး ထုတ်ပြန်သွားမှာပါ။ ဒီနှစ်မှာ အယောက် ၅၀၀ လူစာရင်းကို ထုတ်ပြန်သွားမယ်။ ဒါက ၂၀၁၁/၂၀၁၂ ဝင်ငွေနှစ်အတွက် အခွန်စည်းကြပ်တဲ့အခါမှာ အများဆုံးပေးဆောင်တဲ့လူ အယောက် ၅၀၀ စာရင်း ကို ထုတ်ပြန်ပေးသွားမှာပါ”ဟု ဦးအောင်မိုးကြည် ထံမှသိရသည်။
ထုတ်ပြန်ကြေငြာသည့် လူဦးရေ စာရင်းပါသူများကို ယခင်နှစ်များအတိုင်း ကြေငြာကာ တရားဝင်ပြည်သူများ ဖတ်ရှုနိုင်ရန် ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရသည်။
အခွန်ပေးဆောင်မှုနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်တွင် အခွန် အများဆုံးပေးဆောင်ခဲ့သည့်အတွက် ပထမဆု ချီးမြှင့်ခြင်းခံခဲ့ရသည့် ကမ္ဘောဇဘဏ်မှ ဦးသန်းလွင်က“ကိုယ်က ဆုရချင်လို့ လုပ်ခဲ့တာ မဟုတ်ဘူး။ အမှန်အတိုင်းကို ဝင်ငွေဘယ်လောက်ရှိလဲ ကြေငြာခဲ့တယ်။ နိုင်ငံသားတစ်ဦးအနေနဲ့ အခွန်ဆိုတာ ပေးဆောင်ရမယ်။ အခွန်ဆောင်တဲ့ငွေတွေဟာ ပြည်သူက အပ်တဲ့ ငွေတွေကနေ ရင်းပြီး ရတဲ့ငွေကို ပြန်ပြီး အခွန်ဆောင်တယ် ဆိုတာ ပြည်သူကို ပြန်ပေးဆပ်တာပါဘဲ။ စာရင်းအင်းက လိမ်စရာ မဟုတ်ဘူး။ မှန်တဲ့ အတိုင်း ကြေငြာတယ်။ တခြားသူအတွက်တော့ မသိဘူး၊ ကိုယ့်နိုင်ငံ ကြီးပွားစေချင်သူတိုင်း အခွန်ကို မှန်မှန်ကန်ကန် ဆောင်မှာဘဲ”ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကိုယ်တိုင်အခွန်စည်းကြပ်စနစ်ကို လက်တွေ့တွင် အကောင်အထည်ဖော်ရန်အတွက် ကြိုးစားနေလျက်ရှိကြောင်း၊ ကိုယ်တိုင်အခွန် စည်းကြပ်စနစ်ဆိုသည်မှာ လုပ်ငန်းရှင်ကိုယ်တိုင် မိမိစီးပွားရေးလုပ်ငန်း၏ ဝင်ငွေ ထွက်ငွေ စာရင်းကို အများသိစေရန် ထုတ်ပြန်ကြေညာခြင်းအပေါ် မူတည်၍ ပြည်တွင်းအခွန်ဦးစီးဌာနက အခွန်စည်းကြပ်သည့်စနစ် ဖြစ်ကြောင်း၊ အဆိုပါစနစ်မှာ လက်ရှိတွင် နိုင်ငံတော်တော်များများတွင် ကျင့်သုံးနေလျက်ရှိပြီး ကိုယ်တိုင် အခွန် စည်းကျပ်တဲ့စနစ် အောင်မြင်ရေးအတွက် အခွန်ထမ်းပြည်သူတို့၏ လုပ်ဆောင်မှုအပေါ်တွင် မူတည်ကြောင်း၊ ယခုသတ်မှတ်ထား သည့်အခွန်နှုန်းထားများမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့လွှတ်တော်ဥပဒေ၊ တည်ဆဲဝင်ငွေခွန်ဥပဒေစသည့်ဥပဒေများ နှင့်အညီကောက်ခံနေခြင်း ဖြစ်ကြောင်း၊ မမျှမတရေးဆွဲထားသည့်ဥပဒေမျိုးမဟုတ်ကြောင်း ဦးအောင်မိုးကြည်ကပြောသည်။
သို့ရာတွင် အခွန်ရှောင်ရန် ရည်ရွယ်၍ စာရင်းလိမ် တင်ပြမှုကို စစ်ဆေးဖော်ထုတ်နိုင်ရန် အင်အားကောင်းပြီး ခိုင်မာသောစနစ် မရှိသေးဟုလည်း ဦးအောင်မိုးကြည်ကပြောသည်။
တဦးချင်း ဝင်ငွေအပေါ် ကောက်ခံသည့် အခွန်များ မည်သို့အသုံးပြုသည်ကို ရှင်းလင်းစွာ သိရမှ အခွန်ဆောင်နိုင်မည်ဟု ပြောဆိုနေမှုများအပေါ် ပြန်လည်တုန့်ပြန်ရာ ဦးအောင်မိုးကြည်က တဦးချင်းပေးဆောင်သည့် အခွန်များကို မည်သည့်နေရာတွင်သုံးသည်ကို ဖော်ပြရန် ခက်ခဲကြောင်း၊ လူတစ်ဦးချင်းစီ ကုမ္ပဏီတစ်ခုချင်းစီမှ ရသော အခွန်များကို စုပေါင်းကာ နိုင်ငံတော်၏ တစုတပေါင်းတည်း စာရင်းချုပ်ထဲ ထည့်ရကြောင်း ပြောကြားသည်။
“အခွန်သဘောက အခနဲ့တော့ မတူဘူး။ ပြည်သူတွေအနေနဲ့ အခွန်နဲ့အခကို သဲကွဲအောင် သိဖို့လိုမယ်။ အခွန်ဆိုတာက အများပြည်သူအကျိုးဌာ နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူလူထုက မဖြစ်မနေ ထည့်ရတဲ့ငွေကို ခေါ်တယ်။ ဒီငွေအတွက် တဦးတယောက်တည်းကို အကျိုးခံစားခွင့်ပေးမှာ မဟုတ်ဘူး။ အများအကျိုးအတွက် ဖြစ်ရမယ်”ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန် စသည့် အခွန်လေးမျိုးကို ကောက်ခံလျက်ရှိပြီး နှစ်တနှစ်၏ အခွန်ကောက်ခံမှုကို နှစ်စဉ် ဧပြီမှ ဇွန်လအတွင်းတွင် ကောက်ခံလေ့ရှိကြောင်း သိရသည်။