ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ကာကွယ်ရေး ဒုဝန်ကြီးတို့ လျှို့ဝှက်ပြောဆိုတာ နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်တဲ့အတွက် မီဒီယာတွေအနေနဲ့ ထိန်းထိန်း သိမ်းသိမ်းရေးသားဖို့ ထိုင်း ကာကွယ် ရေး ဦးစီးချုပ်က ပြီးခဲ့တဲ့ စနေနေ့က ပြောဆို လိုက်ပါတယ်။
ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ဝန်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။
ဒီအသံဖိုင်ဟာ မိနစ် ၃၀ စာရှိပြီး သက်ဆင်က သူ့အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရဖို့၊ ညီမဖြစ်သူ ယင့်လတ် အစိုးရ အနေနဲ့ ထိုင်းစစ်တပ်ကို ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ဖို့အပြင် ထားဝယ် ဆိပ်ကမ်း စီမံကိန်း လုပ်ကိုင်ခွင့်တွေ ပါဝင်တယ် လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ လူယုံတော်၊ စစ်တပ်ကို ထိန်းချုပ်ထားနိုင်တဲ့ အတွက် သြဇာ အာဏာနဲ့ ငွေကြေးချမ်းသာသူ၊ ဒါကြောင့် အပိုင်စည်းရုံးထားနိုင်ရင် ထားဝယ်ဆိပ်ကမ်းကို ရရှိမှာဖြစ်တယ် ဆိုတာကို ပြောဆိုတယ် လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
အသံဖိုင် ထွက်ပေါ်အပြီး မကြာခင်မှာ ဇူလိုင်လ ၈ ရက်နေ့မှာတော့ ထိုင်းစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန်နာဆပ် ပါတီ မာပရာဂွန်(Tanasak Patimapragorn) ဟာ မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ လေးနိုင်ငံ တပ်မတော် ချစ်ကြည်ရေး ဘောလုံးပွဲကို သွားရောက်ခဲ့ပါသေးတယ်။
မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အသံဖိုင်နဲ့ ပတ်သက်ပြီး အမျက်သိုတာ၊ စိုးရိမ်တာတွေ မတွေ့ရဘူးလို့ ထိုင်းဗိုလ်ချုပ်ကြီး တန်နာဆပ် ပါတီမာပရာဂွန်က ပြောဆိုတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။
“နှစ်နိုင်ငံ ဆက်ဆံရေးကတော့ ပုံမှန်အတိုင်းပါပဲ၊ တခြားအကြောင်းတွေ ဘာမှမပြောဘူး၊ သူနားလည်တယ်ဆိုတာ သေသေချာချာပြောနိုင်တယ်”လို့လည်း ထိုင်းဗိုလ်ချုပ်ကြီး တန်နာဆပ် ပါတီမာပရာဂွန်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဖြေဆိုခဲ့ပါတယ်။
ဒီနေ့ထုတ် မြန်မာအစိုးရသတင်းစာတွေမှာတော့ ထိုင်းကာကွယ်ရေး ဦးစီးချုပ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂေါက်သီး အတူတူ ကစားခဲ့တယ်ဆိုတာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် မြန်မာနိုင်ငံကို တိတ်တဆိတ်ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြင်ဦးလွင်မှာ တွေဆုံခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်း ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း တို့ရဲ့ တွေ့ဆုံမှုဟာ ထူးခြားမှုတခုလို့ ဆိုရမှာပါ။
မေလ နောက်ဆုံးပတ်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ရာ ထိုင်းဘုရင်ရဲ့တော်ဝင်ဘွဲ့တံဆိပ် Knight Grand Cross(First Class) of The Most Noble Order of the Crown of Thailand ချီးမြှင့်ခံခဲ့ရပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ၁၉၉၄-၉၅ ခုနှစ်ခန့်ကတည်းက မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေသူတဦး ဖြစ်ပြီး ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန်နဲ့ ပုဂံ ဆိုက်ဘာတက် ဆက်သွယ်ရေး လုပ်ငန်း ကိုပင် ပူးတွဲလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
ထိုစဉ်က မြန်မာ စစ်အစိုးရဘက်ကလည်း နယ်စပ်ကုန်သွယ်ရေး ပိတ်ပင်ခြင်း၊ ငါးဖမ်းခွင့် ပိတ်ပင်ခြင်းမျိုးနဲ့ ထိုင်းနိုင်ငံရေးမှာ ဝင်ရောက် ကစားတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ “စစ်တပ်ကပဲ မြန်မာပြည် ကို ဆက်အုပ်ချုပ်လိမ့်မယ်၊ တပ်ကိုပိုင်အောင်ပေါင်းနိုင်ရင် ထိုင်းက လုပ်ချင်တာ လုပ်လို့ရတယ်လို့ မြင်ပုံရတယ်၊ ဒါကြောင့် ကိုမင်းအောင်လှိုင်ကို ထိုင်းဘုရင့် ဘွဲ့တဆိပ်တွေပေး စည်းရုံးပြီး မြန်မာ့နိုင်ငံရေးကို ဝင်ကစားတာ”လို့ သုံးသပ် ပါတယ်။