တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ အစိုးရက စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခုအချိန်အထိ အချိန်ကာလ တခုကို တရားဝင်ကြေညာ သတ်မှတ် ပြောဆိုနိုင်ခြင်းတော့ မရှိသေးပါဘူး။
အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် တဦး ဖြစ်တဲ့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ကတော့ အစိုးရ အနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့နဲ့ အလုံးစုံ(ပဏာမ) အဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတရပ်ကို နေပြည်တော်မှာ ဇူလိုင် လအတွင်း ကျင်းပသွားဖို့ သမ္မတက စီစဉ်နေတယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။ ဒီစကားဟာ အလွတ်သဘော သာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ မရှိသေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။
ဒါ့အပြင်၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လုံး၀ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သွားမယ်လို့လည်း ဦးအောင်မင်းက ပြောဆိုထား ပါ သေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကတော့ အလုံးစုံ ထာဝရ ငြိမ်းချမ်းရေးဟာ အစိုးရရဲ့စိတ်ရင်းစေတနာ အပေါ်မှာပဲ မူတည်တယ်လို့ ပြောကြတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဒီလဆန်းမှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူပြုလုပ်ခဲ့ရာမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောဆိုလိုက်ပါတယ်။
ဦးရွှေမန်းက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်တဲ့သူတွေဟာ အပြောနဲ့အလုပ် ညီဖို့လိုအပ်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ စေတနာ မှန်ဖို့ လိုတယ်”လို့လည်း ဆိုပါသေးတယ်။
ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေ နှေးကွေးနေတာရယ်၊ ပြည်ပ အကူအညီတွေကိုပဲ အားကိုးမနေဘဲ ပြည်သူ့ဘဏ္ဍာငွေနဲ့ ငြိမ်းချမ်း ရေး လုပ်ဆောင်ဖို့လည်း အစိုးရကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြောဆိုလိုက်တာကြောင့် အစိုးရနဲ့ လွှတ်တော် အကြား သဘော ထား ကွဲနေကြပြီ ဒါကြောင့် ငြိမ်းချမ်းရေး ကိစ္စတွေဟာ နောက်ကြောင်း ပြန်လှည့် သွားနိုင်ခြေ ရှိတယ်၊ အချိန်တွေ ပိုမိုကြံ့ကြာသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာကြပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာက ပါဝင်နိုင်ဖို့နဲ့နိုင်ငံတကာရဲ့ အကူအညီတွေကိုပါ လက်ခံသွားဖို့ ရှိတယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောဆိုပြီးနောက် ဦးရွှေမန်းက နိုင်ငံတကာ အကူအညီကို အားမကိုးဖို့ ပြောဆိုလိုက်တာပါ။
လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြတာ နှစ်ချီရှိလာပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေရေရေ ရာရာ မတွေ့ရသေးတဲ့အပေါ်မှာလည်း တိုင်းရင်းသားခေါင်းဆောင်တွေက အစိုးရရဲ့ပြောဆိုမှုတွေ အပေါ်မှာ သံသယ ရှိနေကြဆဲပါ။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO) ရဲ့ ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာက “တနိုင်ငံလုံး အပစ်ရပ်ဖို့ အချိန်ဇယား တခု သတ်မှတ်ပြီး ပြည်သူကို တရားဝင် ကြေညာပေးဖို့လိုတယ်၊ အပစ်အခတ် ရပ်စဲရေးနဲ့အတူ နိုင်ငံရေး စားပွဲဝိုင်းပေါ်သို့ပါ တပြိုင် တည်းလုပ်နိုင်မှ ထာဝရ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမယ်”လို့ ပြောပါတယ်။
အပစ်ရပ်တာကို ပြည်သူတွေ သိအောင် ကြေညာပေးမယ်ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးကလည်းပဲ သဘောတူ လက်မှတ်ထိုးပေးကြမှာဖြစ်တယ်၊ ဒါပေမယ့် အခုချိန်ထိ ရေရာမှု တခုမှ မရှိသေးတဲ့အတွက် အစိုးရပြောတိုင်း လက်ခံ ပေးဖို့ကို တိုင်းရင်းသားတွေဘက်က တွန့်ဆုတ်နေတာ တချို့ရှိတယ်လို့ ဒေါက်တာတူးဂျာ က ဆိုတယ်။
ဦးအောင်မင်းရဲ့ ပြောစကားတွေဟာ အလွတ်သဘောတွေသာများနေပြီး ပဏာမ အဆင့်လို့ ပြောဆိုထားတာကိုလည်း တိုင်းရင်း သား ခေါင်းဆောင်တချို့က သဘောမတူကြပါ။ လက်နက်ကိုင်အဖွဲ့ဟာလည်းပဲ ၁၃ ဖွဲ့ရှိတဲ့ အတွက်ဆွေးနွေး ပွဲမှာ ၁၃ ဖွဲ့ စလုံး ပါဝင်ဖို့ တိုင်းရင်းသားတွေက လိုလားနေကြတာပါ။
တကယ်တော့ ငြိမ်းချမ်းချမ်းရေး ဆွေးနွေးပွဲ မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ရေးဟာ အစိုးရအပေါ်မှာရော လက်နက်ကိုင် အဖွဲ့တွေ အပေါ်မှာလည်း မူတည်ပါတယ်။ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေလည်း ရှိနေတော့ နှစ် ဘက်စလုံးက တောင်းဆိုထားတဲ့အချက်တွေကို အလျှော့အတင်း ပြုလုပ်ပြီး မျှမျှတတ သဘောထားကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက် နိုင်မှ အောင်မြင်မယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တချို့က ပြောတယ်။
“တနိုင်ငံလုံး အပစ်ရပ်ကြေညာ နိုင်ဖို့ဆိုတာက နိုင်ငံရေးဆွေးနွေးပွဲ မရှိဘဲ ဖြစ်လာနိုင်ခြေမရှိပါဘူး၊ အစိုးရ ရဲ့ လိုက်လျောပေးမှု အတိုင်းအတာ အပေါ်မှာ မူတည်ပြီးတော့မှ ပြည်တွင်းငြိမ်းချမ်းရေး တည်တံ့မှာပါ”လို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့(PCG) အဖွဲ့ဝင် ဦးဆန်းအောင် က ပြောတယ်။
လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုတွေ လက်မှတ်ရေးထိုးထားပေမယ့် အခြားတဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ အစိုးရ တပ်အကြား ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ရေးတင်းမာမှု တချို့ ရှိလို့ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသေးတယ်။
ဒါ့အပြင် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းတပ်ဖွဲ့ တချို့နဲ့လည်း တိုက်ပွဲငယ် တချို့ရှိတယ်လို့ ရှမ်း လက်နက်ကိုင် တပ်ဖွဲ့တွေက ပြောတယ်။
တိုက်ပွဲတွေ ဆက်ဖြစ်ရတာဟာ တပ်မတော်နဲ့တိုင်းရင်းသား အဖွဲ့တွေအကြား နားလည်မှု မရှိသေးတဲ့အတွက်လို့ ကာကွယ်ရေး ဝန်ကြီး ဌာနက ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးက KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုမှာ ပြောခဲ့တယ်။ လက်နက်ကိုင် အဖွဲ့တွေကတော့ စစ် တပ် အနေနဲ့ စာချုပ်ပါ ကတိကဝတ် စည်းကမ်းတွေ လိုက်နာမှု မရှိဘဲ နယ်မြေ ကျူးကျော်လာတဲ့ အတွက်လို့ ပြောကြတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင်နီ၊ ချင်း စတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘော တူ စာချုပ်တွေ လက်မှတ်ရေးထိုး ပြီးပါပြီ။ တချို့အဖွဲ့တွေက ပြည်နယ်အဆင့် လက်မှတ် ရေးထိုးထားသလို တချို့ကတော့ ပြည် ထောင် စုအဆင့် အလွတ်သဘော ဆွေးနွေးထားတာပဲ ရှိပါတယ်။
အစိုးရရဲ့အပြောတမျိုး၊ အလုပ်တမျိုး လုပ်ရပ်တွေကြောင့် စစ်တပ်နဲ့အစိုးရ အပေါ်မှာ သံသယတွေနဲ့သာ စောင့်ကြည့်နေဆဲမို့ ယုံကြည်မှု တည်ဆောက်တာဟာလည်း ဒီနေ့အထိ အောင်မြင်မှု မရသေးပါဘူး။ တဘက်နဲ့တဘက် ယုံကြည်မှုတွေ အားနည်းနေဆဲမို့ ကြားခံ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ဖို့ကိုလည်း နှစ်ဘက်စလုံးက လိုလားနေကြပြန်တယ်။
ဦးအောင်မင်းကတော့ ပြည်တွင်းစစ်ပွဲတွေ ငြိမ်းချမ်းသွားဖို့ အလုံးစုံ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတခုကို နိုင်ငံ တကာ မှ သက်သေတွေရှေ့မှောက်မှာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဇွန်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထပ်မံ ပြောဆိုထားပါတယ်။
ဒါ့အပြင် လက်ရှိ သဘောတူ လက်မှတ် ထိုးထားတာတွေကို ပိုခိုင်မာအောင်လုပ်သွားမှာဖြစ်သလို တိုင်းရင်းသားတွေ လိုချင်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း ဆောင်ရွက်ပေးဖို့ သမ္မတ က အကြိမ်ကြိမ် ကတိပြုထားပြီးသားပါ လို့ ဦးအောင်မင်းက ပြောပါသေး တယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် က လက်ရှိ သွားရောက်နေဆဲ ဥရောပ ခရီးစဉ်အတွင်းမှာ ထပ်ပြီး ပြောဆို လိုက်ပြန်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲသာ တိုင်းရင်းသားတွေက လိုလားနေတော့ ဘယ်လို အခြေ အနေတွေ ဆက်ဖြစ် လာကြဦးမလဲ ဆိုတာ အများက စိတ်ဝင်စားနေကြပါတယ်။
အလုံးစုံ အပစ်ရပ်စဲနိုင်ဖို့ အကြိုဆွေးနွေးပွဲတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ အချိန်ကုန်၊ ငွေကုန်ခံပြီး အကြိမ်ကြိမ် လုပ်ဆောင် နေကြပေမယ့် ထိရောက်မှု မရှိဘဲ အချိန်တွေသာ ကြာလာတဲ့ အပေါ်မှာလည်းပဲ လူအများက ဝေဖန်နေကြပါတယ်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းဟာ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေကို စီးပွားရေးအရ မက် လုံးတွေပေးတာ၊ လုပ်ပိုင်ခွင့်တွေ၊ တန်ဖိုးကြီး လက်ဆောင်တွေ ပေးပြီး စည်းရုံးသိမ်းသွင်းနေတာကို တချို့သော ခေါင်းဆောင်တွေက သာယာနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် အနှောင့်အယှက် ဖြစ်စေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
တိုင်းရင်းသား ခေါင်းဆောင် တချို့ကတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှေးကွေးနေတာဟာ အချိန်ဆွဲနေတာသာဖြစ် တယ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်ဆိုရင် ထိုးစစ်တွေ ချက်ချင်းရပ်ပြီး ဒီနှစ်အတွင်း အပြီးဆောင်ရွက်နိုင်တယ် လို့ ယူဆနေကြတယ်။
အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့၊ ဆွေးနွေးပွဲတွေမှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင် နိုင်ဖို့၊ နှစ်ဘက်စလုံး အဆင်ပြေနိုင်တဲ့ နေရာတခုမှာ ဆွေးနိုင်ဖို့ စတာတွေအတွက် အကြိုညှိနှိုင်းပွဲ တခုကို ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် ဦးလှမောင်ရွှေတို့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်သွားပါတယ်။
အဲဒီညှိနှိုင်းပွဲမှာ UNFC က နိုင်ငံရေးဆွေးနွေးပွဲ မရှိဘဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်မှုမရနိုင်တာ၊ ထာဝရငြိမ်းချမ်း ရေး မဖြစ်နိုင်တာတွေကို တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အစိုးရ အကျိုးဆောင်အဖွဲ့ကတော့ တနိုင်ငံလုံး အပစ်ရပ် ကြေညာနိုင်ဖို့ လက်မှတ်ရေးထိုးပွဲ လုပ်မယ့် ကိစ္စလောက်ပဲ ဆွေးနွေးတဲ့အကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တချို့ကပြောပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် ရှေ့ဆက် အကြိုဆွေးနွေးပွဲတွေ လုပ်ဖို့တော့ သဘောတူညီမှု ရခဲ့တယ်လို့ ဆိုပါတယ်။
ကရင်မျိုးသား အစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒို မန်းမန်းက“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ဖို့ဆိုရင် မူဘောင်တွေ စနစ်တကျ သတ်မှတ်နိုင်ရမယ်၊ အခုဟာက ခေါ်တွေ့လိုက် ပြန်သွားလိုက်နဲ့ဖြစ်နေတယ်၊ လမ်းပြမြေပုံ တခုချမှတ်ပြီး ဆွေးနွေးနိုင်မှ ဖြစ်လာမှာပါ၊ အချိန်ကာလတော့ မသိသေးဘူး”လို့ ပြောဆိုတယ်။
UNFC ကို KNU ၊ KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့နဲ့ ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။

အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်တချို့က ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက် နေကြောင်း၊ တိုင်းရင်းသားတွေ ဘက်ကလည်း လိုက်လျောပေးသင့်တာတွေကို လိုက်လျောပေးပါက ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပိုမို မြန်ဆန်လာမှာ ဖြစ်ကြောင်း ပြောပါတယ်။
အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေ ပိုမိုထိရောက်စေဖို့ သမ္မတ ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင် စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းထားပြီး ဦးစားပေး လုပ်ဆောင်နေတယ်လို့ အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင် က ဆက်ပြောတယ်။
အဲဒီ အစိုးရငြိမ်းချမ်းရေး အဖွဲ့တွေကို ဒီလဆန်းမှာပဲ ပြန်လည် ပြင်ဆင်ဖွဲ့ စည်းလိုက်ကာ အစိုးရအဖွဲ့ ဝန်းကြီးတွေ၊ ပြည်နယ်၊ တိုင်း ဒေသ ဝန်ကြီးချုပ်တွေ၊ စစ်တိုင်းမှူးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ စတဲ့ ပုဂ္ဂိုလ် အများအပြားကို ထည့်သွင်း ဖွဲ့စည်းထား ပြန် ပါတယ်။
အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ ဖွဲ့စည်းတာ၊ လူဦးရေတိုးချဲ့တာ၊ ဆွေးနွေးပွဲတွေ အတွက်ပြင်ဆင်တာ စတာတွေကိုပဲ အလေး ထားလုပ်ဆောင် အချိန်တွေ ဖြုန်းတီးနေပြီး လက်တွေ့မှာတော့ အဓိပ္ပာယ် ပြည့်ဝတဲ့ ငြိမ်းချမ်းရေး အနှစ်သာရကို ပြည်သူတွေ မခံ စားရသေးတဲ့ အပေါ်မှာလည်း အများပြည်သူတွေက စိတ်ပျက်လာနေကြတာတော့ အမှန်ပါပဲ။
တိုင်းရင်းသားတွေ၊ ပြည်သူတွေ လိုလားနေကြတဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် အကြို ငြိမ်းချမ်းရေးကတော့ အစိုးရအဖွဲ့ရဲ့ “တိုင်းရင်းသားဒေသတွေ အကုန်လုံးမှာ စစ်ဆင်ရေးတွေ မလုပ်တော့ပါဘူး၊ တနိုင်ငံလုံး အပစ်ရပ်လိုက် ပါပြီလို့” ကြေညာပေးမယ့် ရက်လို့ ဆိုရမှာပါပဲ။ အဲဒီရက်ဟာ ဘယ်ရက်ဖြစ်လာနိုင်မယ် ဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။ ။