မန္တလေးမြို့တွင် ဇူလိုင်လ ပထမနှင့် ဒုတိယပတ်အတွင်းက မိန်းမလျာများကို ဖမ်းဆီး စစ်ဆေးစဉ် မဖွယ်မရာ ပြုမူဆက်ဆံမှုများအတွက် တာဝန်ရှိသည့် ရဲများကို တရားစွဲမည်ဖြစ်ကြောင်း သိရသည်။
“ဖမ်းဆီးစဉ်မှာ လုပ်ထုံးလုပ်နည်းထက် ပိုပြီး လုပ်ဆောင်တာတွေကို ကျနော်တို့ တွေ့ရတယ်။ အဲဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာတွေ ကျူးလွန်နှိပ်စက်တဲ့အတွက် ဒီအပိုင်းကို အဓိကထားပြီး တရားစွဲဆိုသွားမှာပါ။ တရားဥပဒေပိုင်းဆိုင်ရာ နားလည်တဲ့သူတွေ လိုအပ်တာတွေ ပြင်ဆင်နေပါနေပြီ” ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောကြားသည်။
ဇူလိုင်လ ၇ ရက်နေ့နှင့် ၉ ရက်နေ့များတွင် မန္တလေးမြို့ ကျုံးအနီး၌ ညဘက်သွားလာနေသည့် မိန်းမလျာများအား အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဖမ်းဆီး စစ်ဆေးစဉ် အချုပ်ခန်းသို့ မသွင်းမီ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကို ချွတ်ခိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားသော စကားလုံးများ ပြောဆိုခြင်း၊ ရိုက်နှက်ကန်ကြောက်ခြင်း၊ မော်ဒယ်ရှိုး လျှောက်ခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသည့် မိန်းမလျာတဦးက ပြောသည်။
ယင်းသို့ ဖမ်းဆီး စစ်ဆေးခြင်းကို ရှုတ်ချသည့် အနေဖြင့် မြန်မာလိင်တူချစ်သူများ အခွင့်အရေး ကွန်ရက်က မန္တလေးမြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အဖမ်းခံရရာတွင် ပါဝင်သည့် မိန်းမလျာ ၄ ဦး တက်ရောက်ကာ ဖြစ်စဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းသို့ ဖမ်းဆီးစစ်ဆေးစဉ် မဖွယ်မရာပြုမူ ဆက်ဆံမှုများအတွက် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့သို့ လည်းကောင်း၊ ပြည်နယ်ဝန်ကြီး ရုံးသို့လည်းကောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်များသို့လည်းကောင်း၊ သံရုံးများသို့လည်းကောင်း တိုင်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။
“ကျနော်တို့ အချုပ်ခန်းမှာ အမျိုးသမီး အချုပ်ခန်းနဲ့ အမျိုးသား အချုပ်ခန်းဆိုတာပဲ ရှိသေးတယ်။ မိန်းမလျာတွေအတွက် အချုပ်ခန်းဆိုတာ မရှိသေးဘူး။ အချုပ်သားတဦး အချုပ်ထဲ ဝင်မယ်ဆိုရင် သူ့ရဲ့ကိုယ်ခန္ဓာအနှံ့ကို လက်နက်ဖွက်ပြီး သယ်ဆောင်လာခြင်း ရှိ၊ မရှိဆိုတာမျိုးတွေ ရှာဖွေရတယ်။ နောက်ပြီး မိန်းမလျာတွေ ဖမ်းဆီးတဲ့အချိန်တုန်းက ကျနော်တို့က သူတို့ဝတ်လာတဲ့ အတွင်းခံအကျႌတွေ၊ အတုတွေနဲ့ ဆံပင်အတုတွေကို ချွတ်ခိုင်းတယ်။ မဖွယ်မရာ ပုံစံမျိုးတွေကို ပြင်ဆင်ခိုင်းတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို အမျိုးသားတွေနေတဲ့ အချုပ်ခန်းမှာပဲ ထားမှာလေ။ ဒီလို ရှာဖွေတယ် ဆိုတာကလည်း ရဲလုပ်ငန်းရဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်တာပါ။ သူတို့ကို စော်ကားတဲ့အပြုမူ မဟုတ်ပါဘူး” ဟု မန္တလေးတိုင်းရဲမှူး ဦးစိုးငြိမ်းက ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၉ ရက်နေ့ညက အဖမ်းခံခဲ့ရသည့် မိန်းမလျာတဦးက “ကျမတို့ဖာသာ ကျမတို့ ကျုံးဘေးမှာ ပျော်ရွှင်နေတာ။ မိန်းမလျာဆိုတော့ သဘာဝအတိုင်း အချင်းချင်းတွေ့ရင် စကြတယ်၊ နောက်ကြတယ်။ ဒါဟာ အများကို စိတ်အနှောင့်အယှက် ပေးတာမျိုးလို့ ပြောလို့ရပါ့မလား။ နောက်ပြီး မိန်းမလျာ မြင်တာနဲ့ စီးနေတဲ့ ဆိုင်ကယ်နောက်ကို အတင်းလိုက်ပြီး လက်ထိပ်ခတ်တာကတော့ သိပ်လွန်သွားတာပေါ့။ ကျမတို့မှာလည်း ကျမတို့ အခွင့်အရေး ရှိတယ်လေ။ အဲလောက်အထိ ကျမတို့ကို စော်ကားတာတော့ လက်မခံနိုင်ပါဘူး” ဟု ပြောသည်။
မန္တလေးတိုင်းရဲမှူး ဦးစိုးငြိမ်းကမူ မိန်းမလျာများကို ဖမ်းဆီးရခြင်း အကြောင်းရင်းမှာ အများသူငါ သွားလာအပန်းဖြေနေသည့် နေရာများတွင် လိင်ကိစ္စနှင့် ပတ်သက်ပြီး မြူဆွယ်မှုများ ဆိုးရွားနေသည့်အတွက်နှင့် အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင်ပြီး အကြမ်းဖမ်းမှုများနှင့် လုယက်မှုများ လုပ်ဆောင်နေသည့်အတွက်ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။
ရဲမှူး ဦးစိုးငြိမ်းက “ပြီးခဲ့တဲ့ ၃ လလောက်ကကို မိန်းမလျာတယောက်က အမျိုးသားတဦးရဲ့ ရွှေထည်နဲ့ လက်ဝက်လက်စားတွေ လုပြီး ထွက်ပြေးသွားခဲ့တဲ့အမှု ဖြစ်ခဲ့သေးတယ်။ အမျိုးသားက မိန်းကလေးထင်ပြီး ခေါ်သွားတာ။ နောက်မှ မိန်းမလျာဆိုတာ သိရတယ်။ တကယ့်တကယ် သူတို့လုပ်နေတာတွေက ပြည့်တန်ဆာလိုမျိုး လုပ်နေတာ။ ခက်တာက သူတို့က ယောကျာ်တွေ၊ အဲဒီတော့ သူတို့ကို ပြည့်တန်ဆာအမှုနဲ့ ဖမ်းလို့ မရတဲ့တွက် ရဲဥပဒေဖြစ်တဲ့ ၃၅ (က) မှောင်ရိပ်ခိုမှုတို့၊ အယောင်ဆောင်မှု ဆိုတာတွေ တပ်ပြီး ဖမ်းရတာပါ” ဟု ပြောသည်။
ယမန်နေ့ညကလည်း မန္တလေးမြို့ ၁၉ လမ်းနှင့် ၆၆ လမ်းထောင့်တွင် လိင်ကိစ္စအတွက် မြှူဆွယ်နေသည်ဟု စွပ်စွဲကာ မိန်းမလျာ ၄ ဦးကို ထပ်မံ ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။
မန္တလေးမြို့တွင် ဇူလိုင်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မိန်းမလျာ ၁၄ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ ယင်းအထဲမှ ၅ ဦးကို ရဲအက်ဥပဒေဖြင့် အရေးယူခဲ့ပြီး ကျန် ၉ ဦးကို ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။