ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးခဲ့သည့် အဓိကတရားခံ အပါအဝင် လူသတ် တရားခံများကို ပြန်လည်ဖမ်းမိပြီး လားရှိုးမြို့ ပြည်နယ်တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ လူသတ်တရားခံများတွင် ခေါင်းဆောင်ဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါတဦးကို ဖမ်းဆီးမိထားပြီ ဖြစ်ကြောင်း၊ လုံခြုံရေးအရ လားရှိုး ရဲစခန်းသို့ လွှဲပြောင်းကာ ပြည်နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးနေကြောင်း တရားလိုဘက်မှ အမျိုးတော်စပ်သည့် ဒေါ်ရွှေအိမ်က ဧရာဝတီသို့ ပြောသည်။
“မူဆယ် တရားရုံးကနေ ထွက်ပြေးသွားကြတဲ့ တရားခံ လီဖန်နဲ့ အိုက်ဆမ်ကိုတော့ လားရှိုး တရားရုံးမှာ ပြန်တွေ့တယ်။ ထွက်ပြေးတဲ့ ၃ ယောက်ထဲက တယောက်တော့ မိဖို့ကျန်သေးတယ်။ အခုလို လားရှိုးကို လွှဲပေးလိုက်တော့ ကျမတို့အတွက် ငွေကြေး အရမ်းကုန်ပါတယ်” ဟု ဒေါ်ရွှေအိမ်က ဆိုသည်။
မူဆယ် တရားရုံးတွင် ယင်းအမှုကို စိတ်ဝင်စားစွာ လာရောက် နားထောင်သူ အယောက် ၂၀၀ ခန့် ရှိသဖြင့် တရားသူကြီးက လုံခြုံရေးအရ ပြောင်းရွှေ့ခဲ့သည်ဟု ဆိုကြောင်း၊ တရားလိုဘက်မှ မပြောင်းရွှေ့ရန် အသနားခံစာ တင်ခဲ့သော်လည်း မရရှိခဲ့ ကြောင်း၊ ထိုအမှုကို အဖြေမှန် ပေါ်ရန်အတွက် အလွန်အရေးကြီးကြောင်း သူက ဆက်ပြောသည်။
တရုတ်နိုင်ငံ လုံချွမ်ခရိုင်ရဲတပ်ဖွဲ့မှ မစ္စတာ ရန်လီပင်းနှင့် အဖွဲ့သည် တရားခံ ၃ ဦးအနက် ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် တရားစွဲ ခံထားရသော ထွက်ပြေး တရားခံ အိုက်ဆမ်ကို တရုတ်ပြည် တောင်ယာတဲ တတဲတွင် ဖွက်ပေးထားသည့် အိုက်ဆမ်၏ အစ်ကို ဖြစ်သူ အိုက်ရီနှင့်အတူ ဖမ်းမိခဲ့ပြီး မူဆယ်မြို့ နှစ်နိုင်ငံ နယ်စပ်ထွက်ပေါက် ၁ နန်းတော်ဂိတ်တွင် မူဆယ်ခရိုင် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကာ အဓိက တရားခံ မောင်ရဲအောင်ထွေး (ခ) လီဖန်ကို ဖမ်းမိသည့်ရက်ကိုမူ အတိအကျ မသိတော့ကြောင်း မူဆယ်ရဲစခန်းက ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လူသတ်မှု ဖြစ်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ လီဖန် (ခ) မောင်ရဲအောင်ထွေး အပါအဝင် ၅ ဦးအား တရားရုံး အချုပ်တွင် ရုံးထုတ်ရန် စီစဉ်နေစဉ် ရဲများကို အမှုဖြစ်နေသူ ၅ ဦးက တွန်းတိုက် ထွက်ပြေးသဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးနှင့် ရဲတပ်သား တဦး ထိမှန်သွားပြီး သေနတ် ကျည်ဆန် ထိမှန်ခဲ့သည့် ရဲတပ်သားမှာ သေဆုံးသွားခဲ့၍ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။ ယခုအခါ ထွက်ပြေး တရားခံ ၃ ဦးအနက် ၂ ဦးကိုဖမ်းမိပြီး တဦးလွတ်မြောက်ဆဲဖြစ်သည်။
“လားရှိုးတရားရုံးကို လွှဲပေးတော့ အမှုကို သွားနားထောင်ဖို့ ခက်ပြီး အမှုအမှန်ပေါ်ဖို့ကတော့ မလွယ်တော့ဘူး။ အဓိက တရားခံက ပြည်သူ့လွှတ်တော် ပန်းဆေး ကျော်မြင့်ရဲ့ တူဆိုတော့ အမှုကို အလိုလို အမှောင်ချလိုက်မှာ ကြောက်တယ်။ အခု ပုံစံကလည်း ပြည်သူတွေ မသိအောင် တမင် သက်သက် လုပ်နေတာပါပဲ” ဟု မူဆယ်ခရိုင် တရားရုံးတွင် ယင်းအမှု ကြားနာသည်ကို သွားရောက် နားထောင်လေ့ရှိသူ စိုင်းအိုက်က ဧရာဝတီသို့ ပြောသည်။
ထိုအမှုကို အမြန်စစ်ဆေးကာ တရားခံများကိုလည်း အမြန် တရားစီရင်စေလိုကြောင်း၊ တရားစီရင် ရာတွင်လည်း အမှန်အကန် ဖြစ်စေလိုကြောင်း၊ တရားစီရင်ရာတွင် အချိန်ဆွဲနေပါက တရားလိုများ အတွက် အခက်အခဲ ဖြစ်နိုင်ကြောင်း၊ ကျန်ရှိ နေသေးသည့် တရားခံတဦးကိုပါ အမြန်ဖမ်းဆီးပေးရန် လိုအပ်ကြောင်း စိုင်းအိုက်က ဆိုသည်။
လားရှိုးမြို့ ပြည်နယ် တရားရုံးတွင် ယခုလမှစတင်ကာ တရားလိုဘက်မှ သက်သေများနှင့် တရားခံများကို ရုံးတင်စစ်ဆေးမှု သုံးကြိမ်ရှိခဲ့ကြောင်း တရားလိုဘက်မှ စုံစမ်းသိရသည်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ရှမ်းပြည်နယ်နေ့ ပွဲဈေးတန်းတွင် နမ့်ခမ်းဒေသခံ ငွေနဂါး သောက်ရေသန့် ပိုင်ရှင်၏သား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှမ်းပြည် အစိုးရ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးအိုက်ပေါင်း၏ မြေး စိုင်းအိုက်လိန်နှင့် အဖွဲ့အား ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အဖွဲ့က ဓားဖြင့် ဝင်ခုတ်ရာမှ စိုင်းအိုက်လိန် သေဆုံးပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းလှိုင်းပန်မှာ ဓားဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ ထို့ကြောင့် လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် ၅ ဦးကို မူဆယ်ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။
လူသတ် တရားခံများကို မတ်လဆန်းပိုင်းကတည်းက နမ့်ခမ်းမြို့နယ် ရဲစခန်းမှ မူဆယ်ခရိုင် ရုံးသို့လွှဲပြောင်း စစ်ဆေးခဲ့ပြီး တရားခံ ဘက်က လားရှိုးမြို့မှ ရှေ့နေ တဦးအား ငှားရမ်းထားကာ လက်ရှိ လားရှိုးမြို့ ပြည်နယ် တရားရုံးတွင် ပြန်လည် ဖမ်းမိသူ တရားခံ နှစ်ဦးအား ရုံးတင် စစ်ဆေးနေသည်။