ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ (မွတ်စလင်) ဒုက္ခသည်များကို လူဦးရေစာရင်း ကောက်ယူမှု (ဆွဲ၊ တင်၊ စစ်) လုပ်ငန်းများ အား အုပ်စုဖွဲ့နှောင့်ယှက်မှု ပြုလုပ်ရာတွင် နောက်ကွယ်က ကြိုးကိုင်လှုံ့ဆော်သူများဟု ယူဆရသူများကို ဖမ်းဆီးအရေးယူလျက်ရှိရာ ယမန်နေ့က တဦး ထပ်မံ ဖမ်းဆီးခံရကြောင်း သိရသည်။
စစ်တွေမြို့နယ်အတွင်း၌ လူဦးရေ ကောက်ခံမှုကို ပြီးခဲ့သည့် ဧပြီလက စတင်လုပ်ဆောင်ရာ အုပ်စုဖွဲ့ တိုက်ခိုက်မှု ဖြစ်စေရန် နောက်ကွယ်က ကြိုးကိုင်သူဟု သံသယရှိသူ ဦးကျော်လှအောင် အား ယမန်နေ့က ဖမ်းဆီး၍ စစ်တွေအမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု စစ်တွေဒေသခံများ က ဧရာဝတီကို ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ အမှတ် (၁) ရဲ စခန်းမှူးထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုမှု မရှိခဲ့ပေ။
ဆွဲ၊ တင်၊ စစ် လူဦးရေ စာရင်းကောက်ခံမှုအား နှောင့်ယှက်သည်၊ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းတို့ကို နောက်ကွယ်မှ ခေါင်းဆောင် သည် ဟုဆိုကာ စစ်တွေမြို့မှ ဦးကျော်မြင့်နှင့်အပေါင်းပါ ၇ ဦးကိုလည်း စစ်တွေ တရားရုံး၌ ပြီးခဲ့သည့် သီတင်းပတ် အနည်း ငယ်က ရုံးတင် တရားစွဲဆို ထားသေးသည်။ ဆွဲ၊ တင်၊ စစ် ဆိုသည်မှာ နေရာဒေသ မြေပုံဆွဲခြင်း၊ မှတ်တမ်းတင် ခြင်းနှင့် စစ် ဆေးခြင်းတို့ ဖြစ်သည်။
ဦးကျော်လှအောင် ဖမ်းဆီးခံရသည်မှာလည်း ဦးကျော်မြင့်၏ အမှုနှင့်ဆက်စပ်သည့် အတွက် ဖြစ်နိုင်ကြောင်း၊ ရဲစခန်း တာဝန်ရှိသူများက လုပ်ဆောင်ခြင်းဖြစ်၍ ၎င်းအနေဖြင့် အသေးစိတ် မသိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
“လူဦးရေ စာရင်းကောက်တာ နှောင့်ယှက်သူတွေကို ဖမ်းဆီးတာ၊ ဥပဒေကြောင်းအရ တရားစွဲဆို ထားတာတွေ ရှိပါတယ်၊ အနှောင့်အယှက် ပေးသူတွေကိုတော့ ဥပဒေကြောင်းအရ ဆောင်ရွက်ရမှာပါ”ဟု ၎င်းက ဆိုသည်။
ဦးကျော်လှအောင်သည် ရခိုင်ပြည်နယ်အတွင်း ကျန်မာရေး လုပ်ငန်းများလုပ်ကိုင်နေသည့် NGO အဖွဲ့တခုဖြစ်သော AZG (Artsen zonder Grenzen) အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် ပြည်ပမှ မွတ်စလင် အကြမ်းဖက် အဖွဲ့အစည်းတချို့နှင့် ဆက်သွယ်မှု ၊ ရခိုင်ဒေသတွင်း ပဋိပက္ခများတွင်လည်း ပါဝင်ပတ်သက်မှု ရှိသည် ဆိုသော စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရပြီး သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။
လူဦးရေစာရင်း ကောက်ခံခြင်းကို စစ်တွေရှိ ဒုက္ခသည် စခန်းများ၌ စတင်ပြုလုပ်ခဲ့ရာ ဘင်္ဂါလီ စခန်းများတွင် လူမျိုးအမည် ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း၊ လူဦးရေ စာရင်းကောက်သူများအား အုပ်စုဖွဲ့ တိုက်ခိုက်သည့်အတွက် လူ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ၃ ဦးကို ဆေးရုံတင်ခဲ့ရကြောင်း ရခိုင် ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ မြေပုံ စသည့် မြို့နယ်များတွင် ဒုက္ခသည်စခန်း စုစုပေါင်း ၂၀ ဝန်းကျင်ရှိပြီး ဒုက္ခသည် ဦးရေ တသိန်းကျော် ရှိသည်။