ဒေသတွင်းလုံခြုံရေး ကျွမ်းကျင်သူများက မွတ်ဆလင်စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီရရှိနိုင်ရန် ကြိုးစားနေသည်ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံ အနောက်ဖက်ပိုင်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ရိုဟင်ဂျာများက မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ပယ်ချလိုက်သည်။
အဆိုပါ ကျွမ်းကျင်သူများက အစ္စလာမ်အခြေခံဝါဒီများ၏ အင်တာနက်ဝက်ဆိုက်များတွင် လတ်တလော ဖော်ပြနေ ကြသည့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization- RSO) မှ ဘာသာရေးဆရာတဦး နှင့် တပ်မှူးက အင်ဒိုနီးရှားနိုင်ငံရှိ အစ္စလာမ်အခြေခံဝါဒီ အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ငွေကြေး အထောက်အပံ့၊ လက်နက်နှင့် စစ်ရေးလေ့ကျင့်မှုများ ကူညီပေးရန် တောင်းဆိုခဲ့သည်ဆိုသော သတင်းများကို တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဇွန်လ ၁၉ ရက်နေ့က RSO အဖွဲ့ဝင်များ ဂျာကာတာမြို့လည်ရှိ Forum Umat Islam စုရုံးပွဲတခုသို့ လာရောက် လည်ပတ်ခဲ့ပြီး စစ်ရေးခေါင်းဆောင် Abu Shafiyah က “ ရိုဟင်ဂျာစခန်းမှာ ရောက်ရှိနေတဲ့ မူဂျာဟီဒင်တွေကို သင်တန်းပေးဖို့နဲ့ ထောက်ပံ့ပေးဖို့ အတွက် ကျနော်တို့ အင်ဒိုနီးရှားက မွတ်ဆလင်တွေကို အလိုရှိပါတယ်၊ အထူးသဖြင့် ဗုံးလုပ်နည်း ကျွမ်းကျင်သူတွေပါ” ဟု တောင်းဆိုခဲ့ကြောင်း အင်္ဂလိပ်ဘာသာဖြင့်ရေးသားသည့် အစ္စလာမ်အခြေခံဝါဒီ ဘလော့ဂ်တခုတွင် ဖော်ပြခဲ့သည်။
Arrahmah.com အမည်ရှိ အခြား ဝက်ဆိုက်တခုတွင်မူ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စခန်းတခုတွင် ရိုဟင်ဂျာ-မူဂျာဟီဒင် တိုက်ခိုက်ရေးသမား ၃၀၀ ကျော် စစ်ရေးလေ့ကျင့်နေဟု ဆိုသည့် ဓာတ်ပုံ ၂၈ ပုံဖော်ပြခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် International Crisis Group မှ လုံခြုံရေးဆိုင်ရာ လေ့လာအကဲခတ်သူ ဆစ်ဒနေဂျုန်းစ်က RSO အဖွဲ့ဝင်များ က Forum Umat Islam စုဝေးပွဲတွင် စကားပြောဆိုခဲ့သည်မှာ ဖြစ်နိုင်ကြောင်းပြောသည်။ “ဒါက ကောလဟာလ တခု မဟုတ်ပါဘူး။ အဲဒီမှာရှိတဲ့ လူရာပေါင်းများစွာက သူတို့ပြောတာကို ကြားခဲ့ကြပါတယ်” ဟု သူက ပြောသည်။
ဆစ်ဒနေဂျုန်းစ်က Forum Umat Islam သည် ဂျီဟတ် အကြမ်းဖက်အဖွဲ့အစည်းတခု မဟုတ်ဘဲ တရားဝင်မှတ်ပုံတင်ထားသည့် အစ္စလာမ် အခြေခံဝါဒ လမ်းစဉ်ကို မြှင့်တင် လိုက်နာ ဆောင်ရွက်နေသော အဖွဲ့တခု ဖြစ်ပြီး တခါတရံ အင်ဒိုနီးရှားမှ လူနည်းစုဘာသာဝင်များကို အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက်လေ့ရှိသည်ဟု ပြောသည်။
ထိုအဖွဲ့များတွင် ထောင်ပေါင်းများစွာသော အဖွဲ့ဝင်များရှိပြီး မွတ်ဆလင် အများစုနေထိုင်ရာ ဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ပိုမိုထင်ရှားမှုရစေရန် ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်လျှင် ထောက်ခံကြောင်း ဒေါသတကြီးဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြသတတ်ကြသည်။
အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရွှေမောင်က သတင်းဓာတ်ပုံတွင် ပါဝင်သူများသည် သူ၏ နယ်မြေအတွင်းမှ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားများ ဖြစ်သည်ဆိုခြင်းကို ပယ်ချခဲ့သည်။ “ ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုအဖွဲ့ (နကစ) မရှိတဲ့နေရာ စတုရန်း တမီတာတောင် မရှိပါဘူး” ဟု ဆိုသည်။ ဦးရွှေမောင်သည် မွတ်ဆလင် အများစုနေထိုင်ရာ မောင်တောမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်သည်။
မြန်မာနိုင်ငံမှ လက်နက်ကိုင်တော်လှန်ရေးများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာရေးသားခဲ့သည့် ဝါရင့်သတင်း ထောက် ဘာတေးလင့်တနာက အဆိုပါ ကိစ္စသည် အလွန်ဖြစ်နိုင်သည်ဟု ပြောသည်။ သူက RSO သည် နိုင်ငံခြားမှ အစ္စလာမ် စစ်သွေးကြွအဖွဲ့များထံမှ အထောက်အပံ့ရှာဖွေနေခဲ့ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစွန်းရောက်ဘာသာရေးဝါဒီ Jamaat-e-Islami ပါတီနှင့် နှစ်ပေါင်းများစွာ နီးနီးကပ်ကပ် ဆက်ဆံရေးရှိခဲ့ကြောင်းလည်း ပြောသည်။
ဘာတေးလင့်တနာက သတင်းတွင် ဖော်ပြခဲ့သော ဓာတ်ပုံများသည် ရခိုင်ပြည်နယ်မှ RSO တိုက်ခိုက်ရေးသမားများ၏ ပုံမဟုတ်ကြောင်း ပြောသည်။ “ ပုံတွေက အစစ်တွေပါ၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar နဲ့ Teknaf ကြားမှာ ရိုက်ထားတဲ့ ပုံဟောင်းတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ RSO လက်နက်ကိုင်တပ်ဖွဲ့ ဘယ်တုန်းကမှ မရှိဖူးဘူး” ဟု သူက ဆိုသည်။
ထို့ပြင် ဘာတေးလင့်တနာက ပုံတွင်ပါဝင်သော တိုက်ခိုက်ရေးသမားများသည် မြန်မာနိုင်ငံမှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Jamaat-e-Islami ပါတီ၏ လူငယ်အဖွဲ့ဖြစ်ပြီး လွန်ခဲ့သော နှစ်များစွာကတည်းက RSO စခန်းကို ၎င်းတို့၏ လေ့ကျင့်ရေးအတွက် အသုံးပြုခဲ့ကြသည်ဟု လည်းပြောသည်။ ယခင်က အဆိုပါ လူငယ်အဖွဲ့ဝင်များသည် ဗုံးခွဲတိုက်ခိုက်မှုများနှင့် ဘာသာရေးအရ လှုံ့ဆော်သည့် လုပ်ကြံသတ်ဖြတ်မှုများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ယခင်က လုပ်ဆောင်ခဲ့ကြသည်။
RSO သည် စစ်သွေးကြွအဖွဲ့တခုဖြစ်ပြီး ၁၉၈၀ နှစ်များ အစောပိုင်းတွင် မြန်မာစစ်တပ်က ကြမ်းကြမ်းတမ်းတမ်း စစ်ဆင်ရေးတရပ် ဆင်နွှဲခဲ့သဖြင့် ဒုက္ခသည် ၂ သိန်းခွဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးသည်။
RSO သည် သေးငယ်သည့် လက်နက်ကိုင်သူပုန် အဖွဲ့တခုသာဖြစ်ပြီး မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စခန်း အနည်းငယ် ထားရှိသည်။ ရခိုင်ပြည်နယ် အာဏာပိုင်များကို ထိရောက်စွာ ခြိမ်းချောက်နိုင်စွမ်းလည်း မရှိပေ။ ၂၀၀၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ တိုက်ခိုက်ဖြိုခွဲခြင်းခံခဲ့ရပြီး ထိုအချိန်မှစ၍ RSO ၏ လှုပ်ရှားမှု အနည်းငယ်သာ ရှိတော့သည်။
“RSO နဲ့ ပတ်သက်ပြီး ကျမ သိသလောက်ပြောရမယ်ဆိုရင် ခုချိန်ထိ ရှိနေသေးပြီး သုံးပိုင်း ကွဲနေပါတယ်။ ဒါပေမယ့် စစ်ရေးအရ လှုပ်ရှားမှု မရှိခဲ့တာ နှစ်အတော်ကြာပါပြီ။ တိတိကျကျ ပြောရရင် အခုလို စစ်တပ်တွေ ရခိုင်ပြည်နယ်မှာ အများအပြား တပ်စွဲထားတဲ့ အချိန်မျိုးမှာ စစ်ရေးအရ ဘာမှ မလှုပ်ရှားနိုင်ပါဘူး” ဟု မွတ်ဆလင်ဒုက္ခသည်များအရေး လှုပ်ရှားသည့် အဖွဲ့တခုဖြစ်သော Araken Project မှ ခရစ်လေးဝါးက ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လက်ရှိအစိုးရက RSO ကို ထောက်ပံ့ကူညီမည် မဟုတ်ကြောင်းလည်း သူက ဆိုသည်။
RSO ကို ရခိုင်ပြည်နယ်မှ ဆရာဝန်တဦး ဖြစ်သူ မိုဟာမက်ယူနွတ်က စတင်တည်ထောင်ခဲ့ ပြီး သူက ယခုအခါတွင် RSO အဖွဲ့ခွဲတခုကို ဦးဆောင်နေသည်။ သူ၏ အဖွဲ့ခွဲသည် အင်ဒိုနီးရှား အယူသီးအုပ်စုများထံမှ အကူအညီတောင်းခံခဲ့ ခြင်းမရှိဟု ငြင်းဆိုသည်။
“ကျနော် လက်နက်ကိုင်လှုပ်ရှားမှု မလုပ်တော့တာ ကြာပါပြီ။ အခုအချိန်မှာ နိုင်ငံရေးအရ လှုပ်ရှားမှုတွေမှာပဲ တက်တက် ကြွကြွပါဝင်နေပါတယ်” ဟု ဧရာဝတီသို့ အီးမေးလ်မှ တဆင့်ပြောပြသည်။
ထို့ပြင် မကြာသေးမီက ဆော်ဒီ အာရေးဗီးယား နိုင်ငံတွင် ကျင်းပခဲ့သည့် Arakan Rohingya Union ညီလာခံသို့ တက်ရောက်ခဲ့ကြောင်းလည်း ပြောသည်။ ထိုညီလာခံ တွင် ရိုဟင်ဂျာ ကိုယ်စားလှယ်အချို့စုဝေးပြီး ရခိုင်ပြည်နယ်မှ ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန်အတွက် ဆွေးနွေးခဲ့ကြသည် ဟုသိရသည်။
မြန်မာနိုင်ငံမှ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ ဥက္ကဌ အဘူတာဟေးကလည်း ရိုဟင်ဂျာစစ်သွေးကြွများ၏ လက်နက်ကိုင်ပုန်ကန်မှု နှင့်ပတ်သက်သော စွပ်စွဲမှုများကို ပယ်ချခဲ့သည်။ အင်ဒိုနီးရှား အယူသီး အုပ်စုများသည် ရခိုင်အရေးအခင်းကို စွပ်စွဲပြစ်တင်ခြင်းအားဖြင့် သူတို့၏ ဒေသတွင်း ရည်မှန်းချက်များ တိုးတက်လာအောင် လုပ်နေခြင်းသာ ဖြစ်သည်ဟု သူကဆိုသည်။
“ဒါက မကောင်းတဲ့သူတွေက ရိုဟင်ဂျာပြဿနာတွေကနေ အမြတ်ထုတ်ဖို့ ဖန်တီးနေတာပါ” ဟု အဘူတာဟေးက ပြောသည်။
လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့၏ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဖေလ်ရိုဘတ်ဆန်က အင်ဒိုနီးရှား အစ္စလာမ်အခြေခံဝါဒီ အဖွဲ့များနှင့် ပတ်သက်၍ “သူတို့က ရိုဟင်ဂျာအရေးကနေ ရသလောက် ညှစ်ယူနေကြတယ်၊ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အဖြစ်ဆိုးတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကို ဗန်းပြပြီးတော့ သူတို့လုပ်မယ့် အစွန်းရောက် အကြမ်းဖက်မှုတွေအတွက် လူသူစုဆောင်းနိုင်ဖို့ အခွင့်အလမ်းကို လိုက်ရှာနေကြတာပါ” ဟု ဆိုသည်။
ထို့ပြင် အစ္စလာမ်စစ်သွေးကြွများနှင့် ရိုဟင်ဂျာများကြား ဆက်သွယ်မှုများရှိနေသည် ဆိုသည့် အတည်မပြုနိုင်သေးသည့် သတင်းများကို အသုံးပြု၍ ပြည်နယ်အတွင်းတွင် မွတ်ဆလင်ဆန့်ကျင်ရေး စိတ်ဓာတ်များကိုထပ်မံ၍ မီးမွှေးခြင်းမပြုရန်လည်း ဗုဒ္ဓဘာသာ ရခိုင် အမျိုးသားရေးဝါဒီများကို သူက သတိပေးလိုက်သည်။
“ ရိုဟင်ဂျာ လူမျိုးဖြုတ်သန့်စင်ရေးနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား မွတ်ဆလင် အစွန်းရောက် အုပ်စုတွေနဲ့ ရခိုင် အစွန်းရောက်တွေရဲ့ တုန့်ပြန်မှု အမုန်းတရားနဲ့ ပဋိပက္ခတွေဟာ ဒင်္ဂါးပြားရဲ့ တဘက်စီမှာလို ကပ်လျက်ရှိနေတာကို ဝမ်းနည်းဖွယ် တွေ့ရပါတယ်။ မြန်မာ အစိုးရနဲ့ အင်ဒိုနီးရှား အစိုးရ တွေက နှစ်ဖက်လုံးကို အရေးယူ အပြစ်ပေးသင့်ပါတယ်” ဟု ဖေလ်ရိုဘတ်ဆန်က ပြောသည်။
( Paul Vrieze ၏ Experts Reject Claims of ‘Rohingya Mujahideen’ Insurgency ကို နိုင်မင်းသွင် ဘာသာပြန်သည်)