သတင်း

အရပ်ဘက်အဖွဲ့အစည်းများ ကိုယ့်အစီအစဉ်နှင့်ကိုယ် ဥသြဆွဲ ဂုဏ်ပြုမည်

This article has been converted from Zawgyi One to Unicode

၆၆ နှစ်မြောက် အာဇာနည်နေ့တွင် အစိုးရအာဏာပိုင်များက ဥသြဆွဲသံ မပြုလုပ်ဟု ပြောထားသည်နှင့် တပြိုင်နက် အရပ်ဘက် လူ့အဖွဲ့အစည်းများက ၎င်းတို့ အစီအစဉ်များဖြင့် ဥသြဆွဲသံ ပြုလုပ်သွားနိုင်ရန် ကြိုးပမ်းလျှက် ရှိနေကြာင်း သိရသည်။

ရန်ကုန်မြို့တွင် ဥသြဆွဲသံ ပြုလုပ်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူနာတင်ယာဉ် ၂ စီးကို အသုံးပြု သွားမည်ဖြစ်ကာ တခြား နယ်မြို့များတွင်လည်း ဆန်စက်များမှတဆင့် ဥသြဆွဲသံ လွှင့်ပေးခြင်း၊ ကားဟွန်းသံများ၊ ဆိုင်ကယ် ဟွန်းသံများဖြင့် ဥသြသံများကို လွှင့်သွားမည်ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများမှ သိရသည်။

အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အာဇာနည်နေ့၌ ဥသြဆွဲသံ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိကို ဇူလိုင်လဆန်းက လွှတ်တော်တွင် မေးမြန်းခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အစီအစဉ် မရှိသေးကြောင်း၊ ပြည်သူများအနေဖြင့် ဥသြဆွဲသံကို လိုလား တောင့်တလွန်းမှသာ ထိုသို့ ပြုလုပ်ရန် စီစဉ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အမှန်ဆို အဲဒီနေ့မှာ ဥသြဆွဲသံလေး လုပ်ပေးသင့်တာပေါ့နော်။ သူတို့တွေက အခုလို ဖြေလိုက်တော့ စိတ်မကောင်းဘူး။ ဒါပေမယ့် အခုလို လူငယ်တွေက တက်တက်ကြွကြွ ကိုယ့်အစီအစဉ်နဲ့ကိုယ် အခုလိုတွေ စီစဉ်နေတာကို ကြားရတာ ဝမ်းသာတယ်။ အာဇာနည်တွေကို လူငယ်တွေ မမေ့သေးဘူး ဆိုတာကို သိလိုက်ရလို့ ကျေနပ်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန့်ညွန့်က ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ၆၆ နှစ်မြောက် အာဇာနည်နေ့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများက ၎င်းနှင့် သက်ဆိုင်သည့် ကပ်ခွာ စာရွက်များ၊ ၁ မိနစ်စာ ငြိမ်သက်အလေးပြုနည်း ပညာပေး ဗီဒီယိုများအပြင် ယခင်နှစ်များက တခါမှ မပြုလုပ်ဖူးသော ဥသြဆွဲသံ၊ ဖုန်းသံဖြင့် စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။

“ဖုန်း Ring tone ကမ်ပိန်းကိုတော့ ကျနော်တို့က လုပ်ထားတာ။ ဖုန်းသံက ၆၆ စက္ကန့်ကြာတယ်။ အခုလို ဖုန်း Ring Tone သံကို ကိုယ့်ဘာသာကိုယ် လုပ်ရတယ်ဆိုတာက အစိုးရဘက်က ဘာမှမလုပ်ပေးလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဥသြဆွဲသံကို ပြည်သူတွေပါ နားထောင်လို့ရအောင်၊ ဖွင့်လို့ရအောင် လုပ်ခြင်းဖြစ်ပါတယ်” ဟု လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်နေသော အဖွဲ့တခုဖြစ်သည့် အဖြူရောင် တွဲလက်များမှ ကိုဘိုဘိုက ပြောသည်။

အာဇာနည်နေ့တွင် ဥသြဆွဲသံများကို အစိုးရက မပြုလုပ်ပေးပါက မိမိတို့ စီစဉ်ထားသည့်အတိုင်း ကားဟွန်းတီး၍ ဥသြဆွဲသံ ကဲ့သို့ ပြုလုပ်ခြင်း၊ လူနာတင် ယာဉ်များဖြင့် ဥသြဆွဲသံများ ပြုလုပ်ခြင်းများ အပြင် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခြင်း၊ အာဇာနည် ပုဂ္ဂိုလ်များအကြောင်း ရှင်းလင်းပြောကြားသည့် စာပေဟောပြောပွဲများ ပြုလုပ်ခြင်း၊ နှင်းဆီပန်းများ လိုက်ဝေခြင်း၊ သွေးလှူခြင်း၊ သစ်ပင်စိုက်ခြင်း များကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောသည်။

“အဓိက လှုပ်ရှားမှုကိုတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအပြင် တခြား ပြည်သူတွေနဲ့ မနက် ၉ နာရီအတိ ဗိုလ်ချုပ်ကြေးရုပ် အရှေ့မှာဆုံမယ်။ ပြီးရင် ၁၀ နာရီ ၃၇ မိနစ်ကျရင် အလေးပြုမယ်။ ပြီးရင် အာဇာနည်ကုန်းကို လမ်းလျှောက်သွားကြမယ်။ နေ့လယ်မှာတော့ စောစောက ပြောတဲ့အတိုင်း အဖွဲ့တဖွဲ့ချင်းစီအလိုက် လုပ်သွားကြမှာပါ” ဟု Generation Wave မှ ကိုဘိုဘိုက ဆိုသည်။

အာဇာနည်နေ့တွင် ပြုလုပ်မည့် အစီအစဉ်များကို ပြည်သူများ သိရှိစေရန် နည်းလမ်းအမျိုးမျိုး ကြေညာထားကြောင်း၊ ထိုနေ့တွင် ပါဝင်မည့် လူအင်အားများသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုများလိမ့်မည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြုလုပ်မည့် အစီအစဉ်များကို တာဝန်ရှိသူများက တားမြစ်မည်ဆိုပါက မိမိတို့ အရပ်ဘက် လူ့အဖွဲ့အစည်းများ အနေဖြင့် အစိုးရမှ တာဝန်ရှိသူများ နားလည် သဘောပေါက်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားမည် ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများက ဆိုကြသည်။

ယခုနှစ်တွင် ဥသြဆွဲသံ လွှင့်ခြင်းသည် ၁၉၈၉ ခုနှစ် နောက်ပိုင်းမှစ၍ ပထမဆုံးအကြိမ်ဖြစ်သည်။

“ကွာခြားလာတာဆိုရင်တော့ အရင်နှစ်တွေကထက် ဒီနှစ်မှာ လူးသာလွန့်သာ ရှိလာတယ်လို့ ပြောလို့ ရတယ်။ ပြည်သူတွေ အနေနဲ့ အာဇာနည်နေ့နဲ့ ပတ်သက်လို့ လုပ်ကိုင်ဆောင်ရွက်ဖို့ အခွင့်အရေးလေးတွေ နည်းနည်း ရလာတယ်လို့ ပြောလို့ရမယ်။ မနှစ်ကနဲ့ အရင် နှစ်တွေကထက် စာရင် ဒီနှစ်မှာက ပြည်သူတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အခြေအနေ အခွင့်အရေးတွေ ရှိလာတယ်” ဟု ကိုဘိုဘိုက ဆိုသည်။

ယခင်နှစ်က ကျင်းပပြုလုပ်သည့် ၆၅ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ဒုတိယ သမ္မတ စိုင်းမောက်ခမ်း တက်ရောက် ခဲ့ကာ ယခုနှစ် အာဇာနည်နေ့ကို နိုင်ငံတော်အဆင့်နှင့် တာဝန်ရှိသူတဦး တက်ရောက်မည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

အာဇာနည်နေ့ အခမ်းအနားသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းအဝေး ကျင်းပနေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းပြည်ခေါင်းဆောင် များတို့ကို စစ်ယူနီဖောင်း ဝတ်ဆင်ထားသည့် လူတစုက ဝင်ရောက် လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့ရသည်မှ စတင်၍ ယနေ့အထိ ထိုနေ့ကို အောက်မေ့ သတိရကာ အာဇာနည်နေ့ အမှတ်တရ အခမ်းအနားများ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်က အာဇာနည်နေ့ အခမ်းအနား ကျင်းပသည့် ဇူလိုင် ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တိုင်းတွင် ကျဆုံးသူ ခေါင်းဆောင်ကြီးများ အတွက် ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်က ဥသြဆွဲပေးကာ ပြည်သူလူထု အားလုံးက ရောက်ရာအရပ်တွင် ငြိမ်ဝပ်၍ ခေါင်းဆောင်ကြီးများကို အလေးပြုကြခြင်း၊ နေအိမ်များတွင် အလံတဝက် လွှင့်ထူခြင်း၊ မြို့နယ်တိုင်းရှိ အာဇာနည် အထိမ်းအမှတ်များတွင် ခေါင်းဆောင်ကြီးများအတွက် လွမ်းသူ့ပန်းခွေများချခြင်းတို့ ပြုလုပ်လေ့ ရှိသည်။ ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် အရေးတော်ပုံ အပြီး နောက်ပိုင်း စစ်အစိုးရ အုပ်ချုပ်သည့် ကာလတလျှောက်လုံး အာဇာနည်နေ့တွင် ဥသြဆွဲခြင်း၊ နေအိမ်များတွင် အလံတဝက် လွှင့်ထူခြင်း၊ လူထုအားလုံး ပါဝင်သော ထူးခြားသည့် အထိမ်းအမှတ်များ ကျင်းပခြင်းတို့ကို စစ်အစိုးရက ပိတ်ပင်၍ အာဇာနည်နေ့ဆိုသည်ကို တဖြည်းဖြည်း မှေးမှိန်စေခဲ့သည်။

Loading