သတင်း

ကွန်ဒိုမီနီယံ ဥပဒေ ပြင်ဆင်ရေးဆွဲရေး အပြီးမသတ်နိုင်သေး

This article has been converted from Zawgyi One to Unicode

မြေယာစီမံခန့်ခွဲမှု ဥပဒေနှင့်ပါ ဆက်စပ် ညှိနှိုင်းပြင်ဆင်ရမည်ဖြစ်၍ ကွန်ဒိုမီနီယံ အဆောက်အအုံဆိုင်ရာ ဥပဒေကို အပြီးသတ် ပြင်ဆင်ရေးဆွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ ကွန်ဒိုမီနီယံ ဥပဒေကို ပြင်ဆင်ဖြည့်စွက် ရေးဆွဲနေခြင်းဖြစ်ပြီး လွှတ်တော်၏ ပံ့ပိုးမှုပါ လိုအပ်နေသောကြောင့် မြို့ပြစည်ပင်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော ကွန်ဒိုမီနီယံ အဆောက်အအုံဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးဆွဲမှု ရှေ့မဆက်နိုင်ခြင်းဖြစ်ကြောင်း ဥပဒေရေးဆွဲရေးအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ကွန်ဒိုမီနီယံ အဆောက်အအုံဆိုင်ရာ ဥပဒေ ထွက်ပေါ်လာပါက စည်းစနစ်ကျနသော အိမ်ယာ အဆောက်အအုံများ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုရွှေအောင်သင်းက ပြောသည်။

“အရင်က ကွန်ဒိုတွေနဲ့ ပတ်သက်ပြီး စည်းကမ်းတကျ လုပ်ဆောင်တာ အားနည်းတယ်။ စည်းစနစ် မကျဘူး။ ဥပဒေ ထွက်လာရင်တော့ စည်းကမ်းတကျ ရှိလာမယ်။ လူအများ နေထိုင်ရေးမှာ ကျန်းမာရေးဆိုင်ရာနဲ့လည်း ညီညွတ် ပြည့်စုံလာမှာပါ။ ဥပမာ မိလ္လာစနစ်တို့၊ ယာဉ်ရပ်နားဝင်းတို့ မရှိတော့ နေထိုင်သူတွေ အချင်းချင်း ပြဿနာ ဖြစ်တာတွေ ရှိတယ်။ Maintenance (မွမ်းမံပြင်ဆင်မှု) ကလည်း အရမ်းလိုတယ်” ဟု ကိုရွှေအောင်သင်းက ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတဦးကလည်း “ကွန်ဒို ဝယ်ယူတဲ့သူတွေအတွက် တရားဝင် ဖြစ်လာမယ်။ Facility အပြည့်အစုံ ပါလာမယ်။ ပေးရတဲ့ ဈေးနှုန်းနဲ့အညီ ခိုင်မာမှုလည်း ရှိလာမှာပါ” ဟု ပြောသည်။

ကွန်ဒိုမီနီယံ ဆိုသည်မှာ “ဥပဒေအရ မှတ်ပုံတင်ထားသော စုပေါင်းမြေတွင် အထပ်မြင့် အိမ်ခန်းများဖြင့် စုပေါင်းပိုင်အဖြစ် ဆောက်လုပ်ထားသော အဆောက်အအုံကို ဆိုလိုပြီး ယင်းတွင် စုပေါင်းပိုင်သူများ အသုံးပြုရမည့် စီမံထားရှိသည့် စုပေါင်းပိုင် ပစ္စည်းများလည်း ပါဝင်သည်” ဟု လက်ရှိ ပြင်ဆင်နေသည့် ဥပဒေထဲတွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ယခင်က စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေတွင် အခန်း ၉ ခန်း၊ အပိုဒ်ပေါင်း ၄၅ ပိုဒ် ပါရှိကြောင်း၊ ပြင်ဆင်ရေးဆွဲရာ၌ အချို့ ဥပဒေ ပုဒ်မများကို ပယ်ဖျက်ပြင်ဆင်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်များတွင် သာမက ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် မြို့/ဒေသများပါ သက်ဆိုင်စေရန်လည်း ဖြည့်စွက် ပြင်ဆင်ထားကြောင်း သိရသည်။

ကွန်ဒိုမီနီယံ အဆောက်အုံဆိုင်ရာ ဥပဒေတွင် လုံလောက်သော ယာဉ်ရပ်နား ဧရိယာ ၁ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်ရန်၊ လုံလောက်သော ဓာတ်လှေခါး၊ Service Floor Area နှင့် Public Floor Area ပါဝင်ရန်၊ အဆောက်အအုံတွင် နေထိုင်သူများ၏ လိုအပ်ချက်အရ လုံလောက်သော အားကစားခန်းမ၊ အများသုံး ခန်းမ (Function Hall) ၊ ရေကူးကန် ပါဝင်ရန် စသည့် သတ်မှတ်ချက်များနှင့် ပြည့်စုံရမည် ဟု သိရှိရသည်။

ကွန်ဒို ရေရှည် တည်တံ့ရေး ပြုပြင်ထိန်သိမ်းရန် ကွန်ဒိုတွင် နေထိုင်သူများမှ သင့်တော်သော သူများဖြင့် တိုက်ခန်း ပိုင်ရှင်အသင်းအဖွဲ့ ဖွဲ့စည်းသင့်ကြောင်း၊ ၎င်းအသင်းအဖွဲ့က အထွေထွေ ထိန်းသိမ်းစောင့်ရှောက်ရေး ကုမ္ပဏီ (Services company) သို့ အပ်နှံဆောင်ရွက်သွား သင့်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကွန်ဒိုမီနီယံ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် တိကျသော ဥပဒေ ပြဌာန်းပေးသင့််ကြောင်း ပြင်ဆင်ရေးဆွဲရေး အကြံပြုချက်များတွင် တင်ပြထားသည်ဟု သိရသည်။

Loading