သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်းမှတဆင့် မိုဘိုင်းအင်တာနက် လျှောက်ရာတွင် ၁၅၀၀ တန် ဆင်းမ်ကတ်သုံး တန်ဖိုးနည်းဖုန်းများ ပါဝင်နိုင်ရေးမှာ မသေချာသေးကြောင်း မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက် ထံမှ သိရသည်။
“၁၅၀၀ က GSM (ဂျီအက်စ်အမ်) လိုင်းကိုတော့ ကြိုးစားလုပ်နေတယ်။ ၁၅၀၀ တန် GSM (ဂျီအက်စ်အမ်) က ဒီလလယ်လောက် ဖြန့်မှာဆိုတော့ လကုန် ရ၊ မရက မပြောနိုင်သေးဘူး။ CDMAကတော့ မရနိုင်သေးတာ သေချာတယ်” ဟု ဦးအောင်ကျော်သက်က ဧရာဝတီသို့ ပြောသည်။
ငွေဖြည့်ကတ်သုံး မိုဘိုင်းဖုန်းများမှ မိုဘိုင်းအင်တာနက်လိုင်းကို တနိုင်ငံလုံးတွင် တိုက်ရိုက် လျှောက်ထားခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
“လျှောက်ထားတာမှာက 133 ကို သတ်မှတ်ထားတဲ့ Short message ပို့ပေးရပါမယ်။ ပို့ရမှာက Order data service ဆိုတဲ့ စာရေးပေးရမယ်။ အဲဒီမှာ မက်ဆေ့ချ်တခု ပြန်ဝင်လာပြီဆို သုံးလို့ရပါပြီ။ ၁၅ သိန်းတန်၊ ၅ သိန်းတန်၊ ၂ သိန်း၊ ၂ သိန်းခွဲ တန်တွေ လျှောက်လို့ရမယ်။ ၇၃ တွေက အင်တာနက်လိုင်း ပြည့်သွားလို့ ပိတ်ထားသေးတယ်” ဟု ဦးအောင်ကျော်သက်က ပြောသည်။
အင်တာနက် အသုံးပြုမည့်ဖုန်းသည် အင်တာနက်ဆိုင်ရာ Setting ချိန်ညှိထားရန် လိုအပ်ကြောင်း၊ ထိုသို့ချိန်ညှိရန် လိုအပ်ပါက နီးစပ်ရာဖုန်းဆိုင် သို့မဟုတ် ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံးတွင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။ လက်ရှိဖုန်းမှတဆင့် ဖုန်းအင်တာနက် သုံးစွဲမှု လျှောက်ထားနိုင်မည့် ဖုန်းအမျိုးအစားမှာ GSM နှင့် WCDMA တို့သာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
“ကနဦး လျှောက်ထားမှုအတွက် ယခင် အင်တာနက် လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တသောင်း ကျသင့်မှာ ဖြစ်ပါတယ်။ မက်ဆေ့ချ်ပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တသောင်းရှိဖို့ လိုပါတယ်။ မက်ဆေ့ချ်အနေနဲ့ ‘You have order data service successfully’ ဆိုပြီး မက်ဆေ့ချ် ပြန်ပို့ပေးလာခဲ့ရင် အင်တာနက် လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်” ဟု ဦးအောင်ကျော်သက်က ပြောသည်။
အင်တာနက် အသုံးပြုခမှာ GSM နှင့် WCDMA ဖုန်းများအတွက် တမိနစ်လျှင် ၂ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
“စနစ်ကတော့ တော်တော်ကောင်းပါတယ်။ စာရွက်စာတမ်းယူပြီး လူကိုယ်တိုင် လာတာတွေ မလိုတော့ဘူး။ အချိန်ကုန် သက်သာတယ်။ စနစ်က ဘာ Error တွေ တက်မလဲတော့ မသိသေးဘူး။ မရှိခဲ့ရင်တော့ တော်တော်လေး အဆင်ပြေနိုင်မှာပါ” ဟု GSMဖုန်း အသုံးပြုသူတဦးက ပြောသည်။
လက်ရှိတွင် ဖုန်းအင်တာနက်သုံးစွဲမှုမှာ ၂၀၁၂/ ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း သုံစွဲသူ စုစုပေါင်း ၇ သိန်းကျော် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး၏ ထုတ်ပြန်ထားချက်အရ သိရသည်။